အိမ်ထောင်တခုကို တည်ထောင်ကြတော့မယ်ဆိုတဲ့ ချစ်သူစုံတွဲတွေ ကြိုတင်တွေးတော ဆင်ခြင်နိုင်ဖို့

Before Married

            ဒီနေ့မှာ အိမ်ထောင်မကျသေးခင် အိမ်ထောင်တခုကို တည်ထောင်ကြတော့မယ်ဆိုတဲ့ ချစ်သူစုံတွဲတွေ ကြိုတင်တွေးတော ဆင်ခြင်နိုင်ဖို့ ဗဟုသုတအနေနဲ့ sharing ပေးချင်ပါတယ်။

            အိမ်ထောင်ပြုတော့မယ်ဆိုတာ ကလေးကစားစရာ မဟုတ်တဲ့အတွက် စပြီး လေးလေး နက်နက် စဉ်းစားရတော့မယ်။ နှစ်ဦးနှစ်ဖက် လေးလေးနက်နက် ပေါင်းဆက်ခြင်းဖြစ်တဲ့အတွက် ဒီပေါင်းဆက်ခြင်းမှာ ရင့်ကျက်ပြီး အသိပညာတွေနဲ့ ပြည့်စုံနေမှသာ အိမ်ထောင်စုပြုသင့်ပါတယ်။

            အိမ်ထောင်ပြုတော့မယ့်သူနှစ်ယောက်တို့ဟာ တစိမ်းတွေလို ဖြစ်မနေပဲ သူငယ်ချင်းကောင်း တွေလို ဖြစ်နေမှသာ လိုက်ဖက်တဲ့ အံဝင်ဂွင်ကျရှိမဲ့ အိမ်ထောင်ရှင်တွေ ဖြစ်လာမှာပါ။ ချစ်ခြင်း မေတ္တာကို အခြေခံအရင်းခံ တည်ဆောက်ပြီး အချင်းချင်းယုံကြည်မှုတွေ တွေးတောဖလှယ်ကြ တာတွေ တဦးနဲ့တဦး သာမန်စိတ်ဝင်းစားမှုလေးတွေကအစ အခြေခံတာပါ။ ပေါင်းသင်းဆက်ဆံမှုမှာ ပွင့်ပွင့်လင်းလင်းနဲ့ အပြောင်းအလဲမရှိတဲ့ ဆက်ဆံမှုမျိုး ဖြစ်ရမယ်။ လုပ်ယူရမယ်။ ကိုယ့်ဘဝမှာ လျှို့ဝှက်ချက်တွေ ရှိနေရင်လည်း လိုက်ဖက်ညီတဲ့ စုံတွဲဖြစ်လာမှာ မဟုတ်ပါဘူး။ တဦးနဲ့တဦး ပွင့်လင်းစွာ ရိုးသားစွာနဲ့ အိမ်ထောင်ရဲ့ ငွေရေးကြေးရေး ဘာသာရေး သားသမီးရေး sex ဆွေမျိုးသားချင်းစတဲ့ ကိုယ်တွေ့ကြုံရမဲ့ အရာတွေနဲ့ ဆွေးနွေးရမယ်။

            အိမ်ထောင်ပြုမယ်ဆိုတာ ဘဝတခုရဲ့ တန်ဖိုးရှိလှတဲ့ စပ်တူလုပ်ငန်းတခုကို ထူထောင် လိုက်တာပါ။ အင်မတန်မ ကြီးကျယ်တဲ့ တန်ဖိုးမြင့်တဲ့အရာ မဟုတ်ပေမဲ့လို့ အရာရာကို ပြိုင်တူဖြေရှင်းကြမယ်။ ပြဿနာတွေကို share လုပ်ကြမယ်ဆိုရင် ပြိုင်တူတွန်းရင်ရွေ့နို်တယ် ဆိုတဲ့ စကားလိုပဲ အောင်မြင်တဲ့ အိမ်ထောင်ကို ရလာမှာပါ။

            Project လို့ခေါ်တဲ့ လုပ်ငန်းတခုကို နှစ်ဦးပေါင်းလုပ်သလိုပေါ့။ ပူးတွဲဆောင်ရွက်တာဟာ အခြေခံအကျဆုံး လူသားချင်းပေါင်းသင်းဆက်နွယ်မှုပဲ ဖြစ်ပါတယ်။ ဒါက social glue လို့ ပြောကြတယ်။ နှစ်ယောက်သား ဝါသနာပါရာကို ကြိုးစားလုပ်ကိုင်ကြတဲ့အခါမှာ တဦးရဲ့ လေးစားထိုက်တဲ့ အရည်အသွေးကို အလေ့အထတွေကို မြင်တွေ့လာတာကလည်း တဦးနဲ့တဦး ကြည်ညိုလေးစားလာရင်းနဲ့ social glue ဖြစ်သွားတာပါပဲ။

            လက်ထပ်မယ်ဆိုရင် မိမိနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိတဲ့သူနဲ့ လက်ထပ်မှသာ မိမိနဲ့ လိုက်ဖက်မှာပါ။ အရာရာကို ကပ်သီးကပ်သတ် တွေးခေါ်တတ်တဲ့သူ။ ခပ်စိမ်းစိမ်း ခပ်ခွာခွာ နေတတ်တဲ့သူနဲ့ဆိုရင် အိမ်ထောင်ရေးက ကောင်းလာမယ်လို့တော့ မထင်ပါဘူး။

            အမျိုးသားကော အမျိုးသမီးကော မိမိကိုယ်မိမိ ပြန်သုံးသပ်ရမဲ့အရာတွေ ရှိပါသေးတယ်။

            အမျိုးသားဆိုရင် အိမ်ထောင်ဦးစီးနေရာကို ကျေပွန်အောင် ထမ်းဆောင်နိုင်မလား။ အလုပ်အကိုင်ကော ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်သလား။ ကိုယ်ယူမဲ့ဇနီးရဲ့ ကိစ္စအဝဝကို တာဝန်ယူနိုင် မလား။ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဖြစ်လာမဲ့ အကြောင်းတရားတွေကို လေ့လာသင်ယူမှုကော ပြည့်စုံပြီလား။

            အမျိုးသမီးဆိုရင်ကော အိမ်ထောင်ရှင်မကောင်းတယောက်ဖြစ်အောင် လုပ်တတ်ကိုင်တတ်ဖို့ မယားဝတ္တရားကို ကျေပွန်အောင် ထမ်းနိုင်မလား။ ခင်ပန်းသည် ရှာဖွေသမျှကို ဘယ်လိုစုဆောင်းပြီး ဘယ်လိုတိုးတက်အောင် ကြံဆောင်နိုင်မလဲ။ မိခင်နေရာကို ရောက်လာရင်တော့ ကိုယ့်သားသမီးကို သေသေချာချာ သွန်သင်ဆုံးမဖို့ အတွေးရှိပြီလား။ အိမ်ထောင်မကျခင်တုန်းကလို အပျိုဘဝလို ပေါ့ပျက်ပျက် နေလိုပမရတော့တဲ့အတွက် ရင့်ကျက်တည်ငြိမ်အောင် နေတတ်နိုင်ပါသလား။ အိမ်ထောင်ရှင်မ တယောက်ဖြစ်လာရင် မိမိသားသမီးကို လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမနိုင်တဲ့ ဗဟုသုတရှိဖို့လိုလာပြီ။ ဆဲရေးတိုင်းထွာမပါဖို့ အရေးကြီးပါတယ်။ သားသမီးတွေက သင်လွယ် တတ်လွယ်တဲ့ အရွယ်တွေဆိုတော့ သူတို့ ပါးစပ်မှာဆဲတာ ပါသွားနိုင်လို့ မိခင်အနေနဲ့ ဆင်ခြင်ရပါ အုံးမယ်။

            အိမ်ထောင်ရှင်ဖြစ်လာပြီဆိုရင် တယောက်ပေါ်တယောက် တတ်နိုင်သမျှ ဖြည့်ဆည်းပေး နိုင်ရမယ်။ ဖြစ်လာသမျှ အကောင်းအဆိုးကို မျှဝေခံစားနိုင်ရမယ်။ အခက်အခဲတွေ ကြုံတွေ့လာရ တဲ့အခါ တယောက်ကိုတယောက် အပြစ်မတင်ပဲ ရန်မဖြစ်ပဲ ဖြေရှင်းနိုင်ဖို့လိုလာပါပြီ။ ကောင်းမွန်စွာ ဆက်ဆံပြောဆိုကြတာက အိမ်ထောင်ရဲ့ တန်ဖိုးကို ရှိစေပြီး အချင်းချင်းလည်း ပြေလည်သွား စေပါတယ်။

            တချို့ကျပြန်တော့ အိမ်ထောင်ပြုလိုက်တာနဲ့ သူ့အလိုလို ဖြစ်သွားမှာပါလို့ ယူဆကြတဲ့ သူတွေလည်း ရှိပါတယ်။

            အိမ်ထောင်တခုကို တည်ထောင်တယ်ဆိုတာ တွေးတော ဆင်ခြင်တတ်ရင်တော့ အင်မတန်မှ လေးနက်တယ်ဆိုတာလည်း သိတဲ့သူတွေရှိပါတယ်။

            ကျွန်မအနေနဲ့ကတော့ ခုတွေ့ ခုကြိုက် ခုချက်ချင်း လက်ထပ်ကြမဲ့အစား ချစ်သူသက်တမ်း တနှစ်လောက်မှာ တယောက်ရဲ့အကြောင်း တယောက်ရဲ့အထာ တယောက်ရဲ့ စိတ်နေသဘော ထားတွေ သိလာတဲ့အခါမှာ ၅၂၈ ကော ၁၅၀၀ မေတ္တာတွေပေါင်းစပ်ပြီး လက်ထပ်မယ်ဆိုရင်တော့ အင်မတန်လိုက်ဖက်တဲ့ ချစ်သူစုံတွဲတွေအဖြစ် ဖြစ်လာမှာပါဆိုတာ မလွဲပါဘူးလို့ ကျွန်မရဲ့ ထင်မြင်ချက်ကို marriage knowledge sharing အဖြစ် တင်ပြလိုက်ပါတယ်။

 

Add new comment

11 + 2 =