အသက် (၁၆)နှစ်အရွယ် အသိမကြွယ်ငယ်ရွယ်သေးတဲ့ မိန်းခလေးတွေအတွက် ဘဝမှာ ဖြစ်သလိုမနေဖို့

Slipshot Manner
ဒီနေ့မှာ အသက် (၁၆)နှစ်အရွယ် အသိမကြွယ်ငယ်ရွယ်သေးတဲ့ မိန်းခလေးတွေအတွက် ဘဝမှာ ဖြစ်သလိုမနေဖို့ဆိုတဲ့ အကြောင်း ပြောပြပေးချင်ပါတယ်။
မိန်းခလေးတယောက် အသက် ၁၆နှစ်ပဲ ရှိပါသေးတယ်။ ငါက ငယ်ပါသေးတယ်ဆိုပြီး ဖြစ်သလို မနေဖို့ပါ။ မိဘက သင်ပေးတဲ့ အတန်းပညာကို မိမိတတ်နိုင်သလောက် ရအောင်ပညာ ဆည်းပူးရမယ်။ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းပညာပေါ့။ စက်ချုပ်ပညာ၊ ရွှေချည်ထိုး စုံလို့ပါ။ မိမိဝါသနာပါရာကို အခြေခံကစလို့ သင်ယူရမှာပါ။ အဲဒီပညာတွေနဲ့ အလုပ်အကိုင်ရှာဖွေ လုပ်ကိုင်ပြီး ကိုယ့်ကိုယ်ပိုင်ဝင်ငွေရှိမှာ အဆင်ပြေနိုင်မှာပါ။ မိဘသင်ပေးတဲ့ အတန်းပညာနဲ့ပဲဖြစ်ဖြစ် အလုပ်လုပ် ကိုင်နိုင်သလို အသက်မွေးမှုပညာနဲ့လည်း ဝင်ငွေရအောင်လုပ်လို့ရပါတယ်။ မိမိကသာ ဖြစ်သလို မနေဖို့ မပျင်းဖို့ပဲ လိုတာပါ။
ကိုယ့်မိသားစုထဲမှာ ကြည့်လိုက်ပါ။ ပိုက်ဆံရှာနိုင်တဲ့သားသမီးကို မိဘက ပိုအရေးပေး ပါတယ်။
လူ့အဖွဲ့အစည်းတခုခုကို ကြည့်လိုက်ပါ။ ပိုက်ဆံရှိတဲ့သူဆိုပိုပြီး အရာရောက်ပါတယ်။ ဒါတွေက လူ့လောကကြီးမှာ ရာခိုင်နှုန်းတော်တော်များများ ဖြစ်နေတာပါ။
ဒါကြောင့် မိမိကိုယ်တိုင် ပိုက်ဆံရှာနိုင်အောင် ကြိုးစားပြီး အလုပ်လုပ်ပြီး ငွေစုရပါ့မယ်။
ကိုယ့်မှာ ပိုက်ဆံရှိမှ ကိုယ်ချစ်တဲ့ မိဘကို ကိုယ်လုပ်ပေးချင်တာတွေ လုပ်ပေးလို့ရမယ်။ ကိုယ် ပြောချင်တဲ့စကားတွေ၊ ကိုယ်လိုချင်တဲ့အရာတွေ အရာအားလုံးမဟုတ်ပေမဲ့ တော်တော် များများ လုပ်လို့ရမှာပါ။
သူငယ်ချင်း အပေါင်းအသင်းကြားမှာလည်း ကိုယ်ကငွေရှိရင် ပိုပြီး ခင်မင်ကြတယ်လေ။
တချို့ကတော့ အခုလိုတွေးမှာပေါ့လေ။ ငါက အချိန်တန်ရင် ယောကျ်ားယူမှာပဲ ကိစ္စမရှိပါဘူး။ ယောကျ်ားက ရှာကျွေးမှာပေါ့ဆိုရင် ဒီလိုတွေးတွေက အန္တရာယ်များလွန်း ပါတယ်။ ယောကျ်ားနောက်လိုက်ရုံနဲ့ စားဝတ်နေရေး အဆင်ပြေသွားမှာပဲဆိုပြီး ခပ်လွယ်လွယ် တွေးရင်း မှားသွားပါလိမ့်မယ်။
ဒီနေ့ခေတ်မှာ အလုပ်ရှိတဲ့ အမျိုးသမီး၊ မိမိခြေထောက်ပေါ်မိမိရပ်နိုင်တဲ့ မိန်းခလေးကို ပိုသဘောကျတယ်ဆိုတဲ့ အတွေးတွေပြောင်းလဲနေတာကို သိဖို့လိုပါတယ်။ ငွေရှိရင်ရှိ၊ ပညာတတ် ရာထူးရှိမှ ကျားတယောက်အနေနဲ့ သိပ်ရုန်းပေးစရာမလိုတော့ပိုပြီး သဘောကျကြတာပါ။ ယောကျ်ားတယောက် အပေါ် အစစ အရာရာ သိပ်မမှီခိုတဲ့ အရည်အချင်းရှိတဲ့သူကို တန်ဖိုးပိုထား တတ်ကြပါတယ်။ ယောကျ်ားလုပ်စာထိုင်စားပြီး အိမ်မှာပဲ ထမင်းချက် ကလေးထိုင်မွေးတဲ့ မိန်းခလေးမျိုးကို တချို့က မရွေးချင်ကြတော့တဲ့ ခေတ်ရောက်နေတယ်ဆိုတာ သိဖို့လိုပါတယ်။
ဆိုပါစို့ ဒီပညာမတတ်တဲ့ အလုပ်အကိုင်မရှိတဲ့ မိန်းခလေးကို သူ့ချစ်သူက သူ့မိဘအိမ်ကို ခေါ်သွားတယ်ဆိုပါစို့။ ယောက္ခမက အိမ်ပေါ်တတ်လာတဲ့ ချွေးမကို ဘယ်လိုကြိုဆိုမလဲ။ ဘာပညာမှ မတတ် ဘာအလုပ်မှ မလုပ်တတ်။ ဘယ်နေရာမှ ဝင်မဆန့်တဲ့ မိန်းခလေးမျိုးကို ဝမ်းသာအားရ ကြိုဆိုပါ့မလား။
ဒါကြောင့်မို့ အိမ်ထောင်မပြုခင်မှာ လူ့လောကရဲ့ အခက်အခဲတွေ ရင်ဆိုင်တတ်အောင် မိန်းခလေးရဲ့ မိဘတွေက လက်နက်မျိုးစုံ တပ်ဆင်ပေးနေတာ သမီးသိပါလေစ။ ဒီလိုတွေ မဖြစ်ရအောင် စာသင်ပါ။ စာကြိုးစား (ဝါ) လက်မှုအတတ်ပညာ တတ်ကျွမ်းအောင် သင်ယူရင်း ငွေရှာရမှာပါ။ မိဘအနေနဲ့ကလည်းရော့ ပညာလက်နက် ရော့အသက်မွေးဝမ်းကျောင်းပညာ သင်ပေးထားခဲ့ရင် သမီးက ကိုယ့်ပညာနဲ့ကိုယ်လုပ်ကိုင်စားလို့ရတယ်။ ဘယ်ယောက္ခမ မျက်နှာကိုမှ ကြည့်စရာမလိုတော့ဘူးပေါ့ မသိမ်ငယ်တော့ဘူးပေါ့။
ဒါ့အပြင် မိဘကရော အတွေးအခေါ် လက်နက်သင်ပေးထားရင် လောကမှာ အကောင်းအဆိုး ခွဲခြားတတ်လာတယ်။ အလုပ်အကိုင်ရှိတော့ တဝမ်းတခါး ရှာစားနိုင်တယ်။ လုပ်ဖော်ကိုင်ဖက် အသိုင်းအဝန်းရှိတယ်။ ဒီလိုလက်နက်တွေရှိတော့ မကောင်းဘူးလား?
မိန်းခလေးတယောက်ရဲ့ မွေးရာပါ လက်နက်က ဘဝတခုလုံးအတွက် အာမခံချက်မရှိဘူး ဆိုတာ သမီးကို ပြောမဲ့သူမရှိဘူးလား။
ပညာကမစုံ အတွေ့အကြုံက မရင့်ကျက် အလုပ်အကိုင်ကမရှိ ယောကျ်ားယူလိုက်ရင် ဒုက္ခတွေများသွားပါလိမ့်မယ်။
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ မိန်းခလေးက ကမ္ဘာပေါ်မှာ အလှဆုံး မိန်းခလေးပါ။
ကိုယ့်ရပ်တည်ဖို့ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတဲ့ မိန်းခလေးကလည်း အလှဆုံးပါပဲ။
ကိုယ့်မှာ ဘာလက်နက်မှ မပါရင် အာမခံချက်မရှိဘူးဆိုတာ သိစေချင်ပါတယ်။
ဒါကြောင့် အရွယ်ငယ်သေသးပေမဲ့ ဖြစ်သလိုမနေဖို့ ထမင်းစားဖို့အတွက် ယောကျ်ားယူစရာ မလိုတဲ့ မိန်းခလေးဟာ ကမ္ဘာပေါ်မှာ အခြေနိုင်ဆုံးပါပဲဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

Add new comment

12 + 6 =