အရှုံးနဲ့အဆုံးမသတ်ဖို့

အရှုံးနဲ့အဆုံးမသတ်ဖို့
============
စိုးနိုင် sdb
=======
နေမင်းနှင့် လွဲရသည့်အတွက် သင်ငိုနေလျှင်
ကြယ်ပွင့်ငယ်တို့နှင့်လည်း သင်လွဲရချေအံ့။
(တဂိုး - လေလွင့်ငှက်များ ၆)
=======
လူသားတွေရဲ့ဘဝမှာ လုပ်သမျှအရာတွေတိုင်း ချက် ခြင်း အောင်မြင်တယ်ဆိုတာ မရှိပါဘူး။ ကိုယ့်ဖက်ကအ ကောင်းဆုံး ကြိုးစားလုပ်ပေမဲ့လည်း ရလဒ်ကောင်း မထွက် တာတွေ အများကြီးရှိပါတယ်။ “ကြံတိုင်းအောင် ဆောင်တိုင်းမြောက်” ဆိုတာ လူတွေ အလိုချင်ဆုံး ဆန္ဒတစ်ခုပါ၊ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း အားလုံး သိကြပါတယ်။

>> ရှုံးဖူးကြသူတွေပါ

လူတိုင်းရဲ့ဘဝမှာ ရည်ရွယ်ထားတဲ့အတိုင်း ဖြစ်မလာ တာတွေ၊ ယှဉ်ပြိုင်လိုက်တိုင်း အနိုင်မရတာတွေ စတဲ့ အရှုံးလို့ ခေါ်တဲ့ အရာတွေကို ကြုံဖူးကြပါလိမ့်မယ်။ ကလေးဘဝ လမ်းလျှောက်သင်ကတည်းက လဲဖူးကြတယ်။ နာဖူးကြတယ်။ ငိုဖူးကြတယ်။ ဒါပေမဲ့ လဲကျတဲ့ အထဲကနေ ပြန်ထကြလို့သာ ကျွန်တော်တို့ လမ်းလျှောက် တတ်လာကြတယ်၊ ပြေးနိုင်လာ ကြတယ်။ စာမေးပွဲကျဖူးတိုင်းသာ ကျောင်းထွက် ခဲ့ကြရင် ဘွဲ့ရတဲ့သူဆိုတာ လက်ချိုး ရေတွက်နိုင်ရုံသာ ရှိမှာပါ။

စိတ်ပညာရှင် အာလ်ဖရက်ဒက်ဒလာက လူတိုင်းကို သိမ်ငယ်စိတ်က လွှမ်းမိုးထားတယ်လို့ ဆိုပါတယ်။ လူဖြစ်လာ ကတည်းက သိမ်ငယ်စိတ်ဟာ လူ့စိတ်ထဲမှာ ဖြစ်တည်နေတယ်။ “ငါမသိဘူး ငါမတတ်ဘူး” ဆိုတဲ့ အတွေးက လူကို သိမ်ငယ်စေတယ်။ သူများ လုပ်ပေးမှရတယ် ငါကိုယ်တိုင်ဘာမှ မလုပ်တတ်ဘူးဆိုတဲ့ အတွေးက လူတစ်ယောက်ကို ပိုပြီးသိမ် ငယ်စေပါတယ်။ အရှုံးဆိုတဲ့ ဘဝရဲ့ ခါးသီးတဲ့ အတွေ့အကြုံ တွေက လူကိုသိမ်ငယ်စေရုံသာမက မလုပ်ရဲ မကိုင်ရဲဖြစ်စေ ပြီး စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်းတွေရဲ့ ဖိစီးမှုအောက်မှာ ပိမိနေစေပါတယ်။

>> ရုန်းကန်ထွက်ကြသူတွေ

လူဆိုတာ သိမ်ငယ်စိတ်ရှိတယ်။ အရှုံးက လူကို လက်ခြေသေသူ ဖြစ်စေတယ်။ ဒါပေမဲ့ အရှုံးကို ရင်ဆိုင်ကျော်ဖြတ် ရဲသူတွေကြောင့် ကမ္ဘာလောကကြီး သာယာလှပနေတယ်လို့ ဆိုရပါလိမ့်မယ်။ နပိုလီယံဟာ စာရေးဖို့ ကြိုးစားတာ မအောင် မြင်ခဲ့ဘူး၊ ရှိတ်စပီးယားက သိုးမွေးကုန်သည် လုပ်တဲ့အခါ အရှုံးပေါ်ခဲ့တယ်။ အမေရိကန်ရဲ့ နာမည်ကျော် သမ္မတကြီး အာဘရာဟမ် လင်ကွန်းလည်း ကုန်းစုံဆိုင် ဖွင့်တဲ့အခါက အရင်း ပြုတ်ခဲ့တယ်။

ဒီလူတွေဟာ အရှုံးတစ်ခုကို တွေ့ကြုံရတာနဲ့ အားလုံး အဆုံး သတ်သွားပြီလို့ မမှတ်ယူဘဲ ကြိုးစားခဲ့ကြတယ်။ ဘဝ ရဲ့ တချိန်တခါက တနေရာမှာ ရှုံးခဲ့ပေမယ့် အခြားတစ်နေရာမှာ ထူးချွန်စွာ အောင်မြင်ခဲ့ကြတယ်။ နပိုလီယံဟာ ဥရောပတိုက်ကို လွှမ်းမိုးနိုင်တဲ့ စစ်သူကြီး ဖြစ်ခဲ့သလို၊ ရှိတ်စပီးယားဟာ ဂန္တဝင်မြောက် စာဆိုတော် တစ်ဦး ဖြစ်တယ်ဆိုတာ ကျွန်တော် တို့သိကြပါတယ်။ အာဘရာဟမ် လင်ကွန်းဟာ အမေရိကန် သမိုင်းသာမက ကမ္ဘာ့သမိုင်းမှာပါ ထင်ရှားတဲ့ သမ္မတတစ်ဦး ဖြစ်ပါတယ်။ သူ့ကြောင့် ကျွန်စနစ်ပပျောက်ခဲ့သလို ပြည်တွင်း စစ်ကိုလည်း ရပ်တန့်နိုင်ခဲ့တယ်။ ဒီလူတွေဟာ အရှုံးတစ်ခုကို ရင်ဆိုင်ရချိန်က နောက်ဆုတ်ခဲ့ကြမယ်၊ အရာရာဟာ ပြီးဆုံး သွားပါပြီလို့ မှတ်ယူခဲ့ကြမယ်ဆိုရင် လူမသိသူမသိဘဲနဲ့ သူတို့ ရဲ့ အသက်တာ ပြီးဆုံးသွားမှာပါ။

မွေးကတည်းက ဘဝရဲ့ခရီးလမ်းက ဖြောင့်တန်းခဲ့သူ ဆိုတာ မရှိပါဘူး။ လူတစ်ဦးစီရဲ့ ရှင်သန်ကြပုံချင်း မတူညီပေမယ့် ကြမ်းတမ်း ခက်ခဲခြင်းတွေနဲ့ လူ့ဘဝကို ဖြတ်သန်းကြရ တာတော့ တူညီပါတယ်။ ဒီဘဝရဲ့ အခက်အခဲများကြားမှာ အမြဲတမ်း အောင်မြင်တဲ့လူ ဆိုတာလည်းမရှိပါဘူး။ အရှုံးကို ရင်ဆိုင်ဖူးကြသူတွေချည်းပါပဲ။ မတူညီတာက အချို့က အရှုံး ရဲ့အောက်မှာ လဲကျပြီး ပြန်မထကြဘူး။ ပြန်ထပြီး သတ္တိရှိရှိနဲ့ ဆက်လက်ရင်ဆိုင်သူတွေက အောင်ပန်းကို လှမ်းယူနိုင်ကြပါ တယ်။

>> ပြန်ထကြရမယ်

တင်းနစ်လောကမှာ ကျော်ကြားနေတဲ့ သတင်းတစ် ပုဒ်က စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကစားတဲ့နေရာမှာ နာ မည်ကြီးသလို၊ ရုပ်ရည် ချောမောလှပသူအဖြစ် နာမည်ကြီးတဲ့ တင်းနစ်မယ် ရှာရာပိုဗာဟာ တားမြစ်ဆေး သုံးစွဲတယ် ဆိုတဲ့စွဲချက်နဲ့ အမှုရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ သူပြောတဲ့ စကားက “ဒီလို ပုံစံနဲ့ ကျွန်မရဲ့ ကစားသမားဘဝကို အဆုံးမသတ်ချင်ပါဘူး” တဲ့။ သူဟာ တားမြစ်ဆေးကို ရည်ရွယ်ချက်ရှိရှိ သုံးခဲ့တာလား၊ မသိလို့သုံးခဲ့တာလားဆိုတာ တရားရုံးက ဆုံးဖြတ်ချက် မချ သေးပါဘူး။ သူသုံးတဲ့ဆေးကို တားမြစ်ဆေးစာရင်းမှာ ထည့် သွင်းထားတာလဲ မကြာသေးပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ တော့ ဒီလို လွယ်လွယ်ကူကူနဲ့ သူမရဲ့ဘဝကို အရှုံးမပေးချင် ဘူးဆိုတာ ပြတ်ပြတ် သားသားပြောပါတယ်။

လူငယ်တစ်ယောက်ရင်ဆိုင်ရနိုင်တဲ့ အရှုံးတွေက ဘာတွေဖြစ်နိုင်သလဲ။ ဖြစ်နိုင်ချေတွေ စဉ်းစားကြည့်ကြရ အောင်။ ကိုယ်က ကောင်းတယ်ထင်လို့ လုပ်လိုက်တဲ့အရာ တစ်ခုက အကောင်းဖြစ်မလာတာ။ ကိုယ့်ဘက်က စေတနာ သန့်သန့်နဲ့ မိသားစုအတွက် လုပ်ခဲ့ပေမယ့် ရလဒ်မကောင်း တော့ မိသားစုက ဝိုင်းပြီး အပြစ်တင်တာ ခံရတာ။ သူငယ်ချင်းတွေနဲ့ နားလည်မှု လွဲပြီး အပယ်ခံတစ်ယောက်လို ခံစားရတာ။ စာမေးပွဲကျတာ။ အလုပ်ထုတ်ခံရတာ။ အလုပ်မခန့်တာ။ အလိမ်ခံရတာ။ မရည်ရွယ်ဘဲ အမှားတစ်ခု ကျူးလွန်မိတာ။

ဒီဟာတွေကို အရှုံးလို့မှတ်ယူမယ်၊ ငါ့ဘဝတော့ ပြီးပါ ပြီဆိုတဲ့အတွေးနဲ့ နောက်ထပ် ဘာမှမလုပ်ဘဲ နေလိုက်မယ်ဆို ရင် ဘဝကိုအရှုံးနဲ့ အဆုံးသတ်သူ ဖြစ်သွားပါလိမ့်မယ်။ တစ်ခု သေချာတာက ကျွန်တော်တို့ဟာ အသက်ရှိနေသရွှေ့ ရှင်သန် နေထိုင်ကြရဦးမှာပါ။

>> ရှုံးပြီးရင်းမရှုံးရေး

“နေမင်းနှင့် လွဲရသည့်အတွက် သင်ငိုနေလျှင် ကြယ် ပွင့်ငယ်တို့နှင့်လည်း သင်လွဲရချေအံ့။” အရှုံးတစ်ခုကနေ ရုန်းမထွက်နိုင်ရင် ဘဝမှာ အရှုံးများစွာကို ထပ်ခါထပ်ခါ ခံနေ ရပါလိမ့်မယ်။

၂၀၁၂ ခုနှစ်က မတွေ့တာကြာတဲ့ သူငယ်ချင်းနဲ့လမ်း မှာဆုံမိခဲ့တယ်။ ဘေးမှာပါတဲ့ သူ့ဇနီးက “ဖါသာရ် သူငယ်ချင်း ကို ပြောပေးပါဦး၊ ဘာအလုပ်မှ မလုပ်တော့ဘူး” လို့ပြောပါ တယ်။ အနီးနားက ဆိုင်တစ်ခုမှာထိုင်ကြရင်း သူငယ်ချင်းက သူ့ဇာတ်ကြောင်းကို ရှင်းပြပါတယ်။ သူ့မိတ်ဆွေ တစ်ယောက် နဲ့ စီးပွါးစပ်တူလုပ်မယ်ဆိုပြီး ရှိစုမဲ့စုငွေလေးကို အပ်လိုက်တာ အခုချိန်ထိ လူလည်းမပေါ်လာတော့ဘူး၊ ငွေလည်းဆုံးပြီဆိုပြီး ဒေါသတကြီးပြောပြပါတယ်။ သူ့အသံထဲမှာ ဒေါသတွေ၊ နာ ကြည်းမှုတွေ အထင်အရှားတွေ့ရပါတယ်။ “ဘယ်လောက်ပါ သွားလဲ” လို့မေးတော့ ၄၅ သိန်းလို့ ပြောပြပါတယ်။ ဒေါသဖြစ် လွန်းလို့ အလုပ်မလုပ်ဘဲ နေနေတာ ၃ နှစ်ရှိပြီလို့ ဇနီးလုပ်သူ က ပြောပြပါတယ်။ သူပုံမှန် အလုပ်လုပ်ခဲ့တုန်းက ၁ နှစ်ကို ၁၀ သိန်းလောက်တော့စုမိတယ်လို့လည်း ရှင်းပြပါတယ်။ “သူငယ်ချင်း မင်းကို မင်းမိတ်ဆွေ ညာသွားတာက ၄၅ သိန်း မင်းက နောက်ထပ် သိန်း ၃၀ ထပ်ပေါင်းပေးလိုက်တာပေါ့။ မင်းအလုပ်မလုပ်ဘဲ နေသမျှ မင်းက မင်းကို ညာသွားတဲ့လူကို ငွေတွေထပ်ပေးနေတာပဲ” လို့ပြောတော့ သူချက်ခြင်း အသိ တရားဝင်လာသလို ဖြစ်သွားပါတယ်။

ကျွန်တော်တို့ဟာ ကိုယ့်ရဲ့အရှုံးထဲကနေမထသရွေ့ ဆက်ပြီးရှုံးနေဦးမယ်။ ဘယ်တော့မှ ပြန်မထတော့ဘူး ဆိုရင်တော့ အရှုံးနဲ့ပဲဘဝဟာ အဆုံး သတ်သွားပါလိမ့်မယ်။ တခါရှုံး ဖူးရင် သတ္တိပြန်မွေးဖို့ ခက်ခဲပါတယ်။ ခဲမှန်ဖူးတဲ့ စာသူငယ်လို အချိန်ပြည့် အထိတ်တလန့်ဖြစ်နေမှာပါ။ ဒါပေမဲ့ အဲ့ဒီကြောက် စိတ်ကို ကျော်လွှားရမယ်။ တခါရှုံးတာနဲ့ အားလုံးကို အဆုံး သတ်လိုက်မယ်ဆိုရင် သင့်ဘဝဟာ အရမ်းကို တိုတောင်းလွန်း နေပါလိမ့်မယ်။

>> အနာမှ အနာဂတ်ဆီ

“ခတ်ကျွဲမှန်ရင် ချို (ဂျို) ရာကျန်စမြဲ” ဆိုသလို ကျွန် တော်တို့ လူသားတိုင်းမှာ ဘဝကပေးတဲ့ အမာရွတ်လေးတွေ ရှိကြမယ်။ နာကျင်ဖူးကြ ပါလိမ့်မယ်။ အနာတွေနဲ့ပဲ အဆုံး မသတ်ဘဲ အနာဂတ်ကို ဖန်တီးနိုင်ဖို့ လိုပါတယ်။ အင်္ဂလိပ် အဆိုတစ်ခုရှိပါတယ်။ "turn your scars into stars" “သင့်အမာရွတ်တွေကို ကြယ်စင်များအဖြစ် ပြောင်းယူပါ” ဘဝက ပေးလိုက်တဲ့ အနာတွေကနေ သင်ခန်းစာယူပါ။ လူ့ ဘဝကြီးမှာ နေထိုင်ရှင်သန်ဖို့ အချိန်တွေ၊ အနာဂတ်တွေရှိနေ သေးတယ်၊ အသိအမှတ်ပြုလိုက်ပါ။

အလိုအပ်ဆုံးက ဘုရားကိုအားကိုးပါ။ သံပေါလူးက “ငါ အားနည်း သောအခါ ခွန်အားနှင့်ပြည့်စုံ၏” (၂ ကော် ၁၂း၂၀) ဆိုခဲ့ပါတယ်။ ဆိုလိုတာက သူမတတ်နိုင်တဲ့ အချိန်မှာ ဘုရားကို သူ့အထဲမှာ ရှင်သန်စေတယ်။ ဘုရားသခင်ရဲ့ ကျေးဇူး တော် သူ့အထဲရောက်လာတာနဲ့ ခွန်အားပြည့်ဝသူ ဖြစ်လာတယ်လို့ လက်ခံခြင်းဖြစ်ပါတယ်။ ဘုရားသခင်အပေါ် ယုံ ကြည်စွာ စောင့်သူတွေကို ခွန်အားတွေ ပြန်လည်ပြည့်ဝလာ စေပြီး သိန်းငှက်တစ်ကောင်အလား အတောင်ပံတွေ တပ် ဆင်ပေးပါလိမ့်မယ် (ဟေရှာယ ၄၀း၃၁)။

နောက်တစ်ခုက ချက်ခြင်းပြန်စပါ။ ရှုံးဖူးသူတစ် ယောက်အတွက် အခက်အခဲဆုံးက ပြန်စဖို့ပဲ။ ပြန် မကြိုးစားချင်တဲ့ စိတ်ကို အရင်ဆုံး တိုက်ခိုက်အနိုင်ယူရမယ်။ ပြန်စနိုင်လိုက်တာနဲ့ နိုင်ပြီလို့ပြောလို့ရပါတယ်။ ကိုယ့်ကိုချုပ်နှောင်ထားတဲ့ မလုပ် ရဲမကိုင်ရဲစေတဲ့ ရန်သူကို တိုက်ခိုက် အနိုင်ယူ လိုက်ပါပြီ။ ပြန် ကြိုးစားလို့ မနိုင်ရင်လည်း အားတင်းပြီး နောက်တခေါက် ပြန်စရမှာပါပဲ။

အလုပ်တစ်ခုမှာ၊ ရည်ရွယ်ချက်တစ်ခုမှာ ငါမအောင် မြင်တာပါ။ ဒါပေမဲ့ ငါဆိုတဲ့ လူဟာ အရှုံး မဟုတ်ဘူး၊ ငါဟာ အရှုံးသမား မဟုတ်ဘူး ဆိုတဲ့ ခံယူချက်ထားပါ။ ငါ့မှာ ပြန်လည် လုပ်ဆောင် နိုင်တဲ့ လွတ်လပ်ခွင့် ရှိတယ်ဆိုတဲ့ အသိကို မွေးထားပါ။ လုပ် ဆောင်နိုင်စွမ်းရှိတဲ့ သင့်ရဲ့လွတ်လပ်ခွင့်ကို ချုပ်နှောင်မခံရပါ စေနဲ့။

ဘယ်သောအခါမှ အရှုံးကိုအဆုံးလို့ မသတ်မှတ်ပါနဲ့။ အရှုံးနဲ့အဆုံးမသတ်လိုက်ပါနဲ့ ...၊
#soenaingsdb
#companionofyouth

 

Add new comment

14 + 5 =