အဘိုးအဘွားတွေကိုစောင့်ရှောက်ရမယ့် မြေးတွေရဲ့တာဝန်

အားလုံးပဲ မင်္ဂလာပါရှင် ကျွန်မကတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သီရိဂေဟာကဏ္ဍကို တင်ဆက်ပေးနေတဲ့ ဂျူလီယာ ကြူကြူခင်ပါ။ ဒီတပတ်မှာတော့ အဖိုးအဖွားတွေကို စောင့်ရှောက်ပေးရမဲ့ မြေးမြစ်တွေရဲ့ တာဝန်ဆိုတဲ့အကြောင်းအရာလေးကို ကျွန်မရဲ့ အတွေးထဲကနေ ပြန်မျှဝေချင်ပါတယ်။

ပရိသတ်ကြီးရှင့် အဖိုးအဖွားတွေဆိုတာက မိသားစုရဲ့ သစ်ပင်ကြီးတစ်ပင်လိုပါဘဲ။ သစ်ပင်ရဲ့အမြစ်တွေကတော့ မြေးမြစ်တွေ လို့ခိုင်းနှိုင်းလို့ရပါတယ်။ သစ်ပင်ကြီးက မားမားမတ်မတ်ကြံ့ခိုင်ပြီးတော့ အသီးအပွင့်တွေ ဝေဝေဆာဆာနဲ့ ရပ်တည်နေဖို့အတွက် အမြစ် တွေကနေ သစ်ပင်ရဲ့ လိုအပ်တဲ့ရေ၊ အာဟာရတွေနဲ့ သစ်ပင်ကြီးလဲမသွားအောင်လို့ အတတ်နိုင်ဆုံးထောက်ပံ့ပေးရသလိုပဲ မဟုတ်ပါ လားရှင်။ ဒါဆိုရင်မြေးမြစ်တွေက အဖိုးအဖွားတွေ သက်ရှည်ကျန်းမာနေဖို့ ဘာတွေ ဘယ်လိုဖြည့့်ဆည်းပေးကြမလဲ။ သူတို့ရဲ့ လိုအပ်ချက် တွေကရော ဘာတွေလဲ။ ကျွန်မတို့တွေးကြည့်ကြရအောင်ပါ။ ကျွန်မအရင်ဆုံးတွေးမိတာကတော့ သူတို့ကအသက်ကြီးလာပြီ။ ဒီတော့ သူတို့ ခန္ဓာကိုယ်မှာ အာဟာရရှိဖို့ ဘာတွေစားနေသလဲ။ တစေ့တစောင်းမကြည့်ချင်ဘူးလား။ ဘာစားချင်နေတာလဲ။ စားချင်နေတာလေး တွေကို စီမံချက်ပြုတ်ပေးတာမျိုး၊ ဒါမှမဟုတ်ရင်လည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေ ဝယ်ကျွေးတာမျိုးလေးတွေ ပြုလုပ်ပေး ရင်မကောင်းဘူးလားရှင်။ အဖိုးအဖွားတွေကို ကိုယ်တတ်နိုင်စွမ်းသလောက် ခြေရာကောက်ပြီးတော့ ဒီလိုအပ်မယ့် ကျန်းမာရေး စောင့်ရှောက်မှုလေးတွေဖြစ်တဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးတာမျိုး၊ ဆေးသောက်ရမယ့်အချိန် မေ့နေတာမျိုးရှိခဲ့ရင်လည်း သတိ ပေးပြီးတော့ ဆေးတိုက်ပေးတာမျိုးလေးတွေ မလိုအပ်ဘူးလား။ မြေးတွေအားတဲ့အချိန်မှာလည်း အဖိုးအဖွားတွေနဲ့ တကူးတကအချိန် မပေးနိုင်ဘူးလား။ ဥပမာ-ကျောင်းသားဆိုရင်လည်း ကိုယ့်ကြောင်းကအတွေ့အကြုံတွေကို Sharing လုပ်ရင်ရော ကိုယ့်ရဲ့အောင်မြင်မှု ရခဲ့တာတွေ ကျရှုံးခဲ့ရတာတွေကို ပြောပြပြီးတော့ အဖိုးအဖွားတွေဆီကနေ အကြံအဉာဏ်ကောင်းတွေ ရယူရင်ရော မရနိုင်ဘူးလာရှင်။ အဲဒါဆိုရင်လည်းအဖိုးအဖွားတွေ ဖြတ်သန်းလာရတဲ့ ဘဝအတွေ့အကြုံတွေကနေရလာတဲ့ မြေးမြစ်တွေအတွက် အတုယူစရာတွေ သင်ခန်းစာတွေကို မျှဝေပေးမှာပါ။

အဖိုးအဖွားတွေကလည်း ဒီလို ဦးဆောင်လမ်းပြပေးရတဲ့အတွက် ငါကမြေးတွေဆီကနေ့ အသိအမှတ်ပြုခံရတာဘဲဆိုပြီးတော့ ရင်ထဲမှာ ဝမ်းသာပီတိတွေဖြစ်နေမှာပါ။ အဖိုးအဖွားတွေနဲ့ အနီးကပ်နေရတဲ့မြေးတွေဆိုရင်လည်း သူတို့က အသက်ကြီးလာတော့ သတိ မေ့တတ်တဲ့အတွက် အကြောင်းအရာတစ်ခုဆိုရင် မေးခွန်းတစ်ခုကို ထပ်ခါတလဲလဲမေးတတ်တယ်။ ဒီတော့ အမေးခံရတဲ့မြေးက စိတ်မရှည်တဲ့ အမူအရာမျိုး မပြမိဖို့ စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပြီးတော့ ပြန်ဖြေပေးဖို့ရော မလိုဘူးလားရှင်။ တကယ်တမ်းကတော့ သူတို့လိုအပ်တာက စောင့်ကြပ်ကြည့်ရှုပေးတာနဲ့ ချစ်ခြင်းမေတ္တာကသာ အဓိကပါ။ အဖိုးအဖွားတွေအနေနဲ့ မြေးမြစ်တွေနဲ့ တွေ့ဆုံရတဲ့ အချိန်တိုင်းမှာ သူတို့က ပျော်နေကြသလို၊ မြေးတွေကလည်း သူတို့နဲ့အချိန်ပေးတာဟာ သူတို့ကို ကူညီပေးတာရောက်တဲ့အတွက် သူတို့ ကိုအရိုအသေပေးတဲ့သဘော သက်ရောက်စေတဲ့အတွက် သူတို့ရဲ့ ဂုဏ်သိက္ခာကိုလည်း လေးစားရာရောက်သွားပါတယ်။ သူတို့အပေါ် မှာစောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ရင်း ပီတိတွေ ဖြစ်လို့နေမှာပါရှင်။ အဖိုးအဖွားတွေဆိုတာကလည်း သူတို့မှာ ငယ်သူငယ်ချင်း တွေရှိခဲ့တယ်။ ဒီသူငယ်ချင်းတွေ၊ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ချင်မှာပါ။ အခုချိန်မှာ သူငယ်ချင်းတွေကလည်း သူတို့နဲ့ ရွယ်တူ အိုမင်းမစွမ်းဖြစ်နေကြပြီ၊ တစ်ယောက်နဲ့တစ်ယောက်လည်း မတွေ့နိုင်ကြတဲ့အခါမှာ ဖုန်း call လေးပေါ့နော် မြေးတွေအနေနဲ့လုပ်ပေးပါ။ ဒါမှမဟုတ်ရင်လည်း Video Call လေးတွေ၊ Messenger Call လေးတွေနဲ့ စကားပြောဖို့ ဆက်သွယ်ပေးတာမျိုး၊ ဒါမှမဟုတ်ရင်လည်း မြေး တွေကိုယ်တိုင်သွားရောက်ပြီးတော့ သူတို့ကိုပို့ဆောင်ပေးပြီး၊ သူတို့ရဲ့စိတ်ကို အပန်းဖြေစေတာမျိုး၊ စိတ်အာဟာရပေးတာမျိုးလေးတွေကို မလုပ်ပေးသင့်ဘူးလားရှင်။ အခုမြေးမြစ်တွေဆိုတာကလည်း နောင်တစ်ချိန်မှာ အဖိုးအဖွားဖြစ်မဲ့သူတွေပါ။

ပရိသတ်ကြီးရှင် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့တုန်းက ကမ္ဘာတစ်ဝှမ်းမှာ မိဘများပွဲနေ့ကို ကျင်းပခဲ့ကြတယ်။ အခုလည်းပဲ စက်တင်ဘာလရဲ့ ဒုတိယတနင်္ဂနွေနေ့က အဖိုးအဖွားများနေ့လို့ အမေရိကန်နိုင်ငံ သမ္မတဂျင်မီကာတာလက်ထပ်မှာ ၁၉၇၈ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။ ဒီနှစ် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ဆိုရင် နှစ်(၄၀) ရှိပါပြီ။ အနောက်နိုင်ငံတွေမှာတော့ အဖိုးအဖွားများနေ့ ကိုကျင်းပခဲ့တာ နှစ် ၄၀ ရှိသွားပြီပေါ့။ ဒါကြောင့် ကျွန်မတို့လည်း မိသားစုရဲ့ ပင်မသစ်ပင်ကြီးကို ရှင်သန်သထက် ရှင်သန်အောင်၊ မယိမ်း မယိုင်အောင်၊ မြေးမြစ်တွေကနေ ၀ိုင်းဝန်းပြုစုစောင့်ရှောက်ကြရအောင်ပါဆိုတဲ့ Message လေးကိုပေးရင်း ဒီနှစ် ၂၀၁၈ စက်တင်ဘာလ ၉ ရက်နေ့မှာ ကျရောက်မဲ့ အဖိုးအဖွားများနေ့ကို ဂုဏ်ပြုကြိုဆိုရင်း နိဂုံးချုပ်ပါတယ်ရှင်။ ကျွန်မတို့ နောက်တပတ်တွေမှာလည်း ထပ်ပြီး တော့တွေ့ ဆုံကြရအောင်ပါ။

Add new comment

2 + 6 =