အဆိပ်သဖွယ် ပြင်းထန်တဲ့ ဆက်ဆံရေးတမျိုးဖြစ်တဲ့ တချို့သော မိဘများနဲ့ သားသမီးများရဲ့ ဆက်ဆံရေး

Toxic

          ဒီနေ့မှာ အဆိပ်သဖွယ် ပြင်းထန်တဲ့ ဆက်ဆံရေးတမျိုးဖြစ်တဲ့ တချို့သော မိဘများနဲ့ သားသမီးများရဲ့ ဆက်ဆံရေးအကြောင်း မျှဝေပေးသွားချင်ပါတယ်။

          အဆိပ်ဆိုတာ စားမိရင် လူကိုသေစေသလို အဆိပ်နဲ့တူနဲ့တဲ့ မိဘရဲ့သားသမီးအပေါ် ဆက်ဆံရေးကလည်း သားသမီးတယောက်ရဲ့ ဘဝတခုလုံး သေသလို ဖြစ်သွားစေပါတယ်။

ပရိသတ်ကြီးရှင့် -

          ဒီလိုဆက်ဆံရေးမျိုးက ဘယ်ကဲ့သို့ သိသာစေတာလဲ?  သားသမီးလေးတွေဆိုတာ မိဘဆီက မေတ္တာနဲ့ စောင့်ရှောက်မှုကို အမြဲတမ်း အချိန်မရွေး မျှော်လင့်ကြတဲ့သူတွေပါ။

          ဒါပေမဲ့ တချို့သော မိဘတွေက အဆိပ်နဲ့တူတဲ့ ဆက်ဆံရေးမျိုးတွေနဲ့ ဆက်ဆံရင် သားသမီး တွေက ဘာတွေဖြစ်သွားမလဲ။

          ၂၀၀၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာ ကလေးငါးသောင်းကျော်ကို သုတေသနပြု စမ်းသပ် တဲ့အခါမှာ သူတို့လေးတွေရဲ့ စိတ်ခံစားချက်မှာ မတရားပြုခြင်းခံရတဲ့ သက်သေတွေ တွေ့ရှိခဲ့တယ် လို့ဆိုပါတယ်။ တချို့သော မိဘတွေရဲ့ နာကျင်စေတဲ့ စကားအသုံးအနှုန်းတွေကြောင့် သူတို့ စိတ်ကို နာကျင်စေတယ်။ သူတို့က ငယ်သေးပေမဲ့။ အချိန်တိုအတွင်းမှာပဲ သူတို့ဘဝတလျှောက်လုံးအတွက် မှတ်ဉာဏ်မှာ သတိပြုမှတ်ထားတတ်ကြတယ်။ ဒီလိုနာကျင်စေတဲ့ စကားတွေကို သူတို့ ချစ်တဲ့မိဘ ဆီက ရခဲ့ကြတယ်။ အဲဒါကို သတိပြုမှတ်သားထားတယ်။ အဲဒီလိုနဲ့ နုနယ်တဲ့ ကလေးဟာ စိတ်ပညာ သဘောအရ စိတ်ခံစားချက် ပျက်စီးသွားနိုင်တယ်လို့ ဆိုပါတယ်။ ကလေးငယ်လေးတွေ အများကြီး နစ်နာသွားခဲ့တယ်လို့ ဆိုထားပါတယ်။

          ကလေးငယ်တွေရဲ့ ထူးခြားတဲ့ ကိုယ်ပိုင်အရည်အသွေးတွေနဲ့ ကိုယ့်သိက္ခာကိုယ် ရိုသေမှုတွေ နဲ့ သူတို့ဘဝအတွက် စတင်တည်ဆောက်ရမဲ့အချိန်မှာ တချို့သော မိဘရဲ့ ပြုမူပြောဆိုပုံတွေကြောင့် ကလေးငယ်လေးတွေဟာ အဆိပ်မိသလို ဖြစ်သွားပြီလား။

          အပြုအမူတချို့ကို ပြောရမယ်ဆိုရင် တချို့မိဘတွေပြောတဲ့ စကားတချို့မှာ မနှစ်သက်ဖွယ် ရာ စကားတွေဖြစ်တဲ့ ‘‘ငါကလေးက သိပ်အရုပ်ဆိုးတာပဲ။ အရမ်းဝတာပဲ။ ပိန်လိုက်တာ။ အရမ်း အရပ်ပုတာပဲ။ မိမိကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာကို ကာကွယ်ပေးရမဲ့အစား သူတို့ရဲ့ body image ကို ပူပန်ပေးရမဲ့အစား သူတို့ခန္ဓာကိုယ်ကို သူတို့ချစ်ဖို့ သင်ပေးရမဲ့အစား အပြင်ပန်း ပုံသဏ္ဍာန်ကို နှိမ့်ချပြီး ပြောတာဟာ ကလေးတယောက်ရဲ့ ဘဝကို ထိခိုက်သွားစေပါတယ်။ ဒီလိုပြောလိုက်တဲ့ စကားက သားသမီးအတွက် အဆိပ်သဖွယ်ဖြစ်သွားစေပါတယ်။

          တခါတလေ မိဘက ဒေါသဖြစ်လို့ မိမိကလေးရဲ့ အမူအယာကို ကြည့်ပြီး

          ဘာဖြစ်လို့ ဒီလိုပြုမူနေတာလဲ။

          ဘာဖြစ်လို့ ဒီလို လမ်းလျှောက်နေတာလဲ။

          ဘာဖြစ်လို့ ဒီလိုစကားပြောရတာလဲ။

အဲဒီလို ပြောမိကြပါတယ်။

          သားသမီးတွေဆိုတာ မိဘက ဘာပဲပြောပြော ယုံကြည်ကြတဲ့သူတွေပါ။ အဲဒီလို မေးခွန်းတွေ မေးလိုက်တာက ကလေးရဲ့စိတ်ထဲမှာ ‘‘ငါက ဘာတွေမှားနေလို့လဲ’’။ အဲဒီလို စိတ်ခံစားချက်ကို ဖြစ်စေပါတယ်။ အဲဒီလိုမေးခွန်းတွေကြောင့် ကလေးတယောက်ရဲ့ လူ့ပတ်ဝန်းကျင်မှာ သူအရွယ် ရောက်လာတဲ့အခါမှာ လူအများနဲ့ ပြုမူနေထိုင်တတ်ဖို့ အင်မတန်ခက်ခဲသွားပါတယ်။ သူတို့ စိတ်ထဲမှာ ‘‘ငါ့ရဲ့ပြုမူနေထိုင်ပုံတွေက အများသူငှာအတွက် မသက်မသာဖြစ်သွားပြီလား။ တခြားလူတွေက ငါ့ကို ဟာသလုပ်နေမှာလား’’ ဒီလိုနဲ့ သူတို့က တဖြည်းဖြည်း လူအများကြားမှာ နေဖို့ ကြောက်ရွံ့လာတယ်။ သူတို့ရဲ့ အပြစ်အနာအဆာချို့ယွင်းချက်ကို မနှစ်သက်ဖွယ် စကား အသုံး အနှုန်းတွေနဲ့ တချို့မိဘက နှိမ့်ချပြောကြတယ်။ တကယ်တမ်းကတော့ သားသမီးလေးတွေကို သူတို့ ကိုယ်သူတို့ ချစ်တတ်အောင် သင်ပေးရမှာပါ။ ဒီလိုပြောလိုက်တဲ့အတွက် သူ့ပတ်ဝန်းကျင်မှာ အရွယ် ရောက်လာတဲ့အထိ ပြုမူနေထိုင်တတ်ဖို့ အင်မတန်ခက်ခဲသွားပါတယ်။ တချို့မိဘတွေကျတော့ တကိုယ်ဆန်တဲ့ စကားတွေပြောကြတယ်။

ဥပမာ - နင့်ကို မမွေးခဲ့ရင်ကောင်းမှာပဲ။ နင့်ကို မွေးမိတာ နောင်တရတယ်။ တခြားကလေးတွေထက်

 နင်က ထူးခြားတဲ့ ကလေးဖြစ်နေတယ်။

အဲဒီလိုမပြောမိဖို့ မိဘတွေ သတိထားရပါမယ်။ ဒီလိုစကားတွေကြောင့် ကလေးကို မိဘနားကနေ ထွက်ခွာသွားစေပါတယ်။ ကလေးဘဝအစောဆုံး စိတ်ဖိစည်းမှုကို ရသွားစေပါတယ်။ မိဘတွေအနေနဲ့ အဲဒီလိုပြောမဲ့အစား သတို့ကို တန်ဖိုးထားချစ်ပေးရမှာပါ။

ကလေးတယောက်ရဲ့ စိတ်ခံစားချက်မှာ သူဟာ မိဘအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ စကားကို မိဘတွေက ပြောတာတွေလည်း ရှိပါတယ်။

ဥပမာ - နင့်အတွက် ပိုက်ဆံအများကြီးကုန်တယ်။ နင့်ကို စောင့်ရှောက်ဖို့ အရမ်းခက်ခဲတယ်။

 နင်ရှိတဲ့အတွက် ငါ့ကို မောပန်းစေတယ်။

မိဘက အဲဒီလိုပြောခဲ့ရင် ကလေးက မထင်မှတ်ပဲ သူ့ရဲ့ခံစားချက်တွေ ပြဿနာတွေကို ဖုံးကွယ် တတ်သွားတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် ကလေးက မိဘကို မချစ်ရတော့ပဲ။ အချစ်ငတ်တဲ့ကလေး ချစ်ခင်မြတ်နိုးမှု ငတ်တဲ့ကလေးတယောက်ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ သူမကျေနပ်တဲ့အခါ ဆဲရေးတိုင်းထွာတတ်တဲ့ကလေး ခိုးဝှက်တတ်တဲ့ကလေးဖြစ်သွားတာတွေ ရှိပါတယ်။

တချို့မိဘတွေကျပြန်တော့ မိမိသားသမီးကို အခြားသားသမီးတွေနဲ့ နှိုင်းယှဉ်ပြီး ပြောကြတယ်။

နင်နဲ့က ဝမ်းကွဲတွေ တခြားကလေးတွေက နင့်ထက် သာတယ်။ နင်ကဘာဖြစ်လို့ သူတို့နဲ့ မတူတာလဲ?

ဒီလိုစကားမျိုးတွေက ကလေးရဲ့ ကိုယ်ပိုင်အရည်အသွေး self-esteem ကို လျော့ကျစေ ပါတယ်။ ဒီတော့ ကလေးရဲ့ စိတ်ထဲမှာ အတွေးထဲမှာ ငါက သူတို့လောက် မကောင်းဘူးပဲ။

ငါဘယ်လိုပဲ ကြိုးစားလဲ ကောင်းလာမှာ မဟုတ်ဘူး။ အဲဒီလို မိဘက မခံချင်အောင် နာကျဉ်းအောင် ပြောတဲ့မိဘတချို့လည်း ရှိပါတယ်။ နောင်တချိန်မှာ ကလေးက မနာလိုတတ်တဲ့ ကလေးတယောက် ဖြစ်လာပါလိမ့်မယ်။ တကယ်တမ်းကတော့ သူ့ရဲ့ ကိုယ်ပိုင် အတွေးနဲ့ လွတ်လွတ် လပ်လပ် သူ့ဘဝကို တည်ဆောက်တတ်ပုံသင်ပေးရမှာပါ။

တချို့မိဘကျတော့လည်း သားသမီးကို

နင်က အသုံးမကျတဲ့ဘူး အရှုံးသမား

နင်ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဖူး။ အဲဒီလို အသေအချာ မှတ်ချက်ချပြောတဲ့အခါမှာ ကလေးက child esteem ကို ပျက်စီးသွားစေတယ်။ တကယ်တမ်းမိဘက သူတို့ကိုယ်သူတို့ ယုံကြည်တတ်အောင် စိတ်ဓာတ်ခွန်အား တွေတက်အောင် လုပ်ပေးရမှာပါ။

တချို့သော မိခင်တွေက အခုလို ကလေးကို ပြောတာရှိသေးတယ်။

အမေက         နင့်ကို ထားပြီးသွားမှာ

                    နင့်ကို တယောက်ထဲ ထားခဲ့တော့မှာ

                    နင်နိုးလာရင် နင့်ဘေးမှာ ငါမရှိတော့ဘူး။

                    ငါပျောက်သွားတော့မယ်။

ဒီလိုစကားမျိုးတွေက ဆိုးသွမ်းယုတ်ညံ့လှတဲ့ စကားတွေဖြစ်တယ်။ သူတို့ချစ်တဲ့ သူက သူတို့နားက စွန့်ခွာသွားတော့မယ်ဆိုပြီး ကြောက်တယ်။ အဲဒီလို ယုံကြည်မှုတွေနဲ့ ကြီးပျင်းလာတဲ့ ကလေး၊ ကလေးရဲ့အတွေးထဲမှာ မရည်ရွယ်ပဲနဲ့ မိခင်နားကနေ ထွက်သွားတတ်ပါတယ်။

ဒါကြောင့်မို့ တချို့မိဘတွေရဲ့ သားသမီးကို ပျိုးထောင်ပုံ ပြုမူပုံတို့က သားသမီးရဲ့ အခြေခံ စတဲ့ ဘဝကွင်းပြင်ကြီးကို လူတဦးတယောက်တည်းနဲ့သာ ဆိုင်တဲ့ ထူးခြားတဲ့ကိုယ်ပိုင်အရည်အသွေး နဲ့ ကိုယ့်သိက္ခာကို ကိုယ်က ရိုသေတတ်တဲ့ကလေးဖြစ်ဖို့ မိမိကိုယ်မိမိ ချစ်တတ်တဲ့ကလေးတွေဖြစ်ဖို့ နောင်အနာဂတ် ကျွန်မတို့ တိုင်းပြည်ရဲ့ သားကောင်းရတနာလေးတွေဖြစ်လာဖို့ ရည်ရွယ်ရင်း နိဂုံးချုပ်ပါတယ်။

 

         

Add new comment

2 + 0 =