သမီးဆီကို ပေးတဲ့ ‘‘စာတစောင်’’

A Letter

ဒီနေ့မှာ မိခင်အနေနဲ့ အိမ်ထောင်ရှင်မဖြစ်သွားတဲ့ သမီးကို အိမ်ထောင်တခုမှာ သင်ယူစရာ တွေ သိထားသင့်တာတွေကို သင်ပေးရအောင်ပါဆိုတဲ့ အကြောင်း မိခင်က သမီးဆီကို ပေးတဲ့ ‘‘စာတစောင်’’အဖြစ် တင်ပြပေးသွားချင်ပါတယ်။

မိခင်ဘဝဆိုတာ သားသမီးတွေကို လူလားမြောက်အောင် မွေးမြူထိန်းကျောင်းရတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်လှပါဘူး။

အထူးသဖြင့် အိမ်ထောင်ရေးမှာ အောင်မြင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ ကောင်းမွန်တဲ့ အိမ်ထောင်သည် ဘဝရရှိဖို့ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ အကြံကောင်းတွေကို မိခင်တိုင်း သေချာပေါက် သမီးကို ပေးကြမှာ မလွဲပါဘူး။

အခုကျွန်မက မိခင်တယောက်ရဲ့ သမီးဆီကို ‘ပေးစား’အဖြစ် တင်ပြပေးသွားပါ့မယ်။

သမီးရေ -

အိမ်ထောင်ရေးဆိုတာ - တွေ့ကြုံရတဲ့အရာတိုင်းမှာ စိတ်ရှည်ရတယ်။ လောမကြီးရဘူး။ ဒါက သူတော်ကောင်းတရားပဲဖြစ်တယ်။ ကိုယ်လုပ်ရမဲ့အလုပ် - ကိုယ်ဆုံးဖြတ်ချက်ချရမဲ့ အရာရာတိုင်း ကိုယ်ရင်ဆိုင်ရတဲ့အခါမှာ စိတ်ရှည်ပေးရမယ်။

သမီးက ကိုယ်ချစ်တဲ့သူကို လက်ထပ်တာဆိုပေမဲ့ မိသားစုတခုကို လက်ထပ်လိုက်တာနဲ့ အတူတူပဲ။ လက်ထပ်လိုက်တဲ့သူ တယောက်ထဲရတာ မဟုတ်ဘူး။ နောက်က သူ့မိသားစုက တပါတည်း ပါလာတယ်ဆိုတာ သမီးသိရမယ်။ လက်ထပ်လိုက်တဲ့ သူရဲ့ကိုယ်ကျင့်တရား၊ စွဲနေတဲ့ အမူအကျင့်တွေ၊ သူ့ရဲ့တန်ဖိုးမျိုးရိုးဗီဇ၊ သုံးနှုန်းတဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ သူ့မိသားစုမှာ ရှိတာတွေက အလိုအလျောက် ပါလာပါတယ်။ ဒါ့အပြင် မိသားစုဝင်တွေဖြစ်တဲ့ inlaws တေွလည်း အများကြီးပါလာပါတယ်။ ဒါတွေကို သမီးက လုံးဝဥဿုံ နားလည်သဘောပေါက်စွာနဲ့ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လက်ခံရမှာ -

သမီးမှာ သားသမီးရလာရင်ပါပြီး သဘောပေါက်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ထက်ချစ်ရမဲ့သူတွေရလာပြီး ကိုယ်မွေးထားတဲ့ သားသမီးအတွက် လိုလေသေးမရှိ အရာရာပေးဆပ်ချင်တာ။ မိခင်တိုင်းရဲ့ သဘာဝပါ။ အမေ့လိုပဲ ဖြစ်လာတော့မှာ။

နောက်ပြီးတော့လေ ကိုယ့်အိမ်ထောင်က အရေးကြီးတဲ့ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေ၊ မှတ်တမ်းမှတ်ရာတွေ သိမ်းဆည်းထားရအုံးမယ်။ အရာအားလုံးမှတ်သားထားရတယ်။ ဘယ်အချိန် ဘယ်ကာလမှာ လိုမယ်ဆိုတာ မသိနိုင်ပါဘူး။ ဒါတွေက နောင်သားစဉ်မြေးဆက်ကြည့်နိုင်ဖို့။ ပြောပြနိုင်ဖို့၊ အမှတ်တရတွေအဖြစ် သိမ်းဆည်းထားရမယ်။

ကိုယ့်အိမ်ထောင်မှာ သားရေး သမီးရေးကိစ္စတွေမှာပဲ နစ်မွန်းမနေပဲ။ ကိုယ့်ရဲ့ ကျန်းမာရေး ကိုလည်း မမေ့မလျော့ဂရုစိုက်ရအုံးမယ်။ ကျန်းမာစွာ စားသောက်နေထိုင်တဲ့ ကျန်းမာတဲ့ မိခင်တယောက် ဖြစ်နေရအုံးမယ်။

ကိုယ့်ဝင်ငွေဘတ်ဂျက်ကို သိပြီး အကြွေးဝယ်တာတွေကို တတ်နိုင်သမျှ ရှောင်ရမယ်။ ဝင်ငွေထဲကနေလည်း စုဆောင်းထားရအုံးမယ်။

ကိုယ့်မိတ်ဆွေ သူငယ်ချင်တွေနဲ့လည်း entertain လုပ်ရမယ်။ ဖြစ်နေရမယ်။ သမီးကိုယ်တိုင် မြင့်မြတ်စွာ နေထိုင်တတ်ရမယ်။ အေးဆေးတည်ငြိမ်တဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ နေတတ်ရမယ်။

ကိုယ့်သားသမီးတွေအတွက် ရည်ရွယ်ချက်တွေ plan တွေ ချထားရင်လည်း တခြားမိတ်ဆွေ တွေကို ဖွင့်မပြောပြသင့်ဘူး။ ဆင်ခြင်ရအုံးမယ်။ သားသမီးတွေရဲ့ ဘဝကို နှောင့်နှေးတတ်စေတယ်။

ကိုယ့်ဆုံးဖြတ်ချက် ချထားတာတွေကို သူငယ်ချင်းတွေနဲ့ sharing လုပ်တဲ့ခါ သူတို့အခြေ အနေနဲ့ ကိုက်ညီတဲ့ ထင်မြင်ချက်တွေပေးမှာမို့ သိပ်ပြီး မကောင်းနိုင်ဘူးဆိုတာ သမီးသိရအုံးမယ်။

ကိုယ့်သားသမီးရဲ့ အပြုအမူတခုတည်းနဲ့ ကောင်းတယ်၊ ဆိုးတယ် မဆုံးဖြတ်သင့်ဘူး။ လူတိုင်းမှာ တစ်ကြိမ်တစ်ခါတော့  ဆိုးဝါးတဲ့ နေ့တွေ ဖြတ်သန်းရတာတွေရှိပါတယ်။ ဒါဟာအမြဲတမ်း မဟုတ်ဘူးဆိုတာ သမီးသိထားရမယ်။ အဲဒီလိုအခြေအနေကနေ ပြန်ကောင်းလာ အောင် ပြန်တည့်သွားအောင် သားသမီးရဲ့ စကားသံကို သေသေချာချာ နားထောင်ပေးပြီး ပြုပြင်ပေးသွားရမှာ မိဘရဲ့စီမံမှုပါ။ စိတ်ရှည်ရမယ်သမီး။

သမီးက ကိုယ့်ရဲ့စိတ်ပျော်ရွှင်မှုကိုလည်း ရှာတတ်ရမယ်။ ဥပမာ- ခရီးသွားတာ၊ ပရဟိတ လုပ်ငန်းတို့၊ စာအုပ်စာပေဖတ်တာတို့ ကိုယ်ဘာလုပ်ချင်တာလဲတွေးပြီး လုပ်နိုင်ရမယ်။ သမီးက ငယ်သေးပေမဲ့ ရင့်ကျက်အောင်တော့ နေရမယ်။

အမေ့ရဲ့စာက ဒီလောက်ပါပဲသမီး

ပရိသတ်ကြီးရှင့် - လူ့ဘုံလောကမှာ love, life and passion ဆိုတာ ရှိပါတယ်။ အချစ်ရယ်၊ ဘဝရယ်၊ ချစ်စိတ်ပြင်းပျတာတွေ ရှိပါတယ်။ ဒါတွေနဲ့ပဲ ဘဝခရီးရှည်ကြီးကို ကျော်ဖြတ်ရင်း မိခင် တယောက်ရဲ့ အမှာစကားတွေနဲ့ မိမိအိမ်ထောင်ကို ကြိုးစားပျိုးထောင်သွားရအောင်ပါလို့  message ပေးရင်း နိဂုံးချုပ်ပါရစေ။

Add new comment

8 + 3 =