လူမှုရေး ဇာတ်ခုံပေါ်က သရုပ်ဆောင်များ

လူမှုရေး ဇာတ်ခုံပေါ်က သရုပ်ဆောင်များ
===========
စိုးနိုင် sdb
+++++++
@ အပေးအယူ

လူနှစ်ယောက် တွေ့ဆုံဆက်ဆံကြပြီဆိုရင် အပေး အယူဆိုတာ ရှိလာရပါတော့တယ်။ ဆက်ဆံရေးဆိုတာ အရောင်းအဝယ်လို ဖြစ်လာတယ်။ မင်းကဒါပေးရင် ငါကဟို ဟာပေးမယ်ဆိုတာ အမြဲရှိပါတယ်။ ကိုယ်ကပဲ လိုချင်နေပြီး ဘာမှပြန်မပေးချင်ဘူးဆိုရင် ဆက်ဆံရေးဆိုတာ ဖြစ်မလာ နိုင်ပါဘူး။ အတူနေထိုင်ကြပေမဲ့လည်း အသွားအပြန်မရှိဘူး ဆိုရင် ဆက်ဆံရေးလို့ အမည်တပ်လို့ မရပါဘူး။

ဆက်ဆံရေးမှာ ဖြစ်လာတဲ့ အသွားအပြန်သဘောကို ဒေါက်တာ အဲရစ်ဘန်းက "Transactional Analysis" ဆိုတဲ့ "လဲလှယ်ခြင်း" သီအိုရီကို တင်ပြခဲ့ပါတယ်။ လူနှစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ထက် ပိုလာတဲ့အခါ တစ်ယောက်က ကျန်တဲ့လူတွေရှိနေတယ်ဆိုပြီး တစ်ခုခုပေးမယ်။ ကျန်တဲ့ လူတွေက အဲဒီလူပေးလိုက်တဲ့အရာပေါ်မှာ ပြန်ပြီးတုန့်ပြန် ပြုမူကြတယ်။ ဥပမာ - ဖျားနေတဲ့ကလေးတစ်ယောက်က ရေဆာတယ်လို့ အော်တဲ့အခါ၊ အမေဖြစ်သူက ရေခပ်ပေး မယ်။ တဖက်လူရဲ့ လိုအပ်မှုအတိုင်း နောက်လူက လိုက်လုပ် ပေးတယ်ဆိုတဲ့ သဘောကို ဒေါက်တာဘန်းက အကျယ်တဝင့် သီအိုရီတစ်ခုအဖြစ် ပြောပြခဲ့ခြင်း ဖြစ်ပါတယ်။

@ ဘာသဘောလဲ
လူအများနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ခက်ခဲတဲ့အရာ တစ်ခုက သူဘာဖြစ်နေလဲဆိုတာ မသိတဲ့အချက်ဖြစ်ပါတယ်။ အမြဲတမ်း ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်က တခါတ လေ ငေးမှိုင်နေတာ ကိုယ်နဲ့ရင်းနှီး တဲ့မိတ်ဆွေတစ်ယောက်က ကိုယ့်ကို စကားမပြောချင်သလို နေတတ်တာ၊ ကိုယ်နဲ့သိ ကျွမ်းတဲ့ လူတစ်ယောက် ကိုယ်နဲ့မျက်နှာချင်းဆိုင်တွေ့လို့ ကိုယ်က နှုတ်ဆက်တဲ့အခါ သူ့ဘက်က ပြန်နှုတ်မဆက်တာ စတဲ့ ပေါင်းသင်း ဆက်ဆံရေးနယ်မှာ စိတ်အလိုမကျဖြစ်ရ တာတွေ ကြုံဖူးကြမှာပါ။

အဲ့ဒီလို အခြေအနေတွေမှာ ကျွန်တော်တို့ ဘယ်လို တုန့်ပြန်ကြလဲ။ အများပိုင်းက "ဒီလူ ငါ့ကို ဘာများဖြစ်နေလဲ မသိပါဘူး"၊ "ငါ့ကိုသူ မကျေနပ်တာတွေ ရှိလားမသိဘူး"၊ "ငါဖုန်းခေါ်တာကို ဘာမှပြန်မဖြေဘူး ငါ့နဲ့ စကားမပြောချင် ဘူးထင်တယ်" စသဖြင့် တွေးမိတတ်ကြတာလူတွေရဲ့ သဘာ ဝပါ။

@ "ငါ" သာ ဇာတ်လိုက်

"ငါသာလျှင် အရာရာ" ဆိုတဲ့အတွေးစိတ်က ပေါင်း သင်းဆက်ဆံရေးမှာ ပြဿနာဖြစ်စေတဲ့အချက်ပါ။ ကမ္ဘာ ကြီးက ငါ့ကိုပဲဗဟိုပြုပြီး လည်ပတ်နေတယ်လို့ ထင်နေရင် ကလေးတစ်ယောက်ရဲ့အတွေးက မလွန်ဆန် နိုင်သေးပါ လားလို့ ကိုယ့်ကိုယ်ကို မှတ်ယူရပါ့မယ်။ သတိမထားမိဘူး ဆိုရင် ဒီလိုအတွေးမျိုးတွေ ပေါ်လာတတ်ပါတယ်။ ဘာမဆို ငါကသာလျှင်စတင်တယ်ဆိုတဲ့ အတွေးက ကိုယ့်ကိုအနေ ကျပ်စေတာ အမှန်ပါပဲ။ ရူးကြောင် ကြောင်အတွေးမျိုးတွေထိ ရောက်သွားနိုင်ပါတယ်။ ဒီနေ့မိုးရွာနေတယ် ငါဘာမဟုတ် တာ လုပ်မိလို့ပါလိမ့်။ ဒီနေ့ နေပူလိုက်တာ ငါဘာများမှား သွားလဲမသိဘူး။ စတဲ့အတွေးမျိုးတွေက ကိုယ့်ကိုခြောက် ခြားစေပါတယ်။ ခြောက်ခြားတဲ့ စိတ်တွေက ရန်လိုစိတ်အထိ ရောက်သွားတတ်ပါတယ်။ လမ်းလျှောက်နေရင်း ရယ်သံ ကြားရင် ငါ့ကိုဟားတိုက်နေကြလားမသိဘူး ဆိုတဲ့ အတွေးက ခေါင်းထဲကို ချက်ခြင်းဝင်လာတတ်ပါတယ်။ လူငယ်တွေ လက်ဖက်ရည်ဆိုင်ထိုင်ရင်း လူတစ်ယောက်နဲ့ အကြည့်ဆုံမိ ရာကနေ ရိုက်ပွဲဖြစ်တဲ့အထိ ပြဿနာတက်တာတွေလည်း ကြားဖူးကြမှာပါ။

မွေးကင်းစ အရွယ်ကတည်းက ပြုစုစောင့်ရှောက်မှု အောက်မှာ ကြီးပြင်းလာကြရတော့ ကျွန်တော်တို့မှာ မွေးရာ ပါလိုဖြစ်နေတဲ့ ခံယူချက်တစ်ခု စွဲကပ်လာပါတယ်။ အဲ့ဒါက အခြားလူတွေဟာ ငါ့ဆန္ဒကိုဖြည့်ပေးရမယ့်သူတွေ ဖြစ်တယ် ဆိုတဲ့ခံယူချက်ဖြစ်ပါတယ်။ ကလေးဘဝမှာ ရေဆာရင်ရေခပ် ပေးမယ့်သူက အသင့်၊ ထမင်းစာရင် ထမင်းကျွေးမယ့်သူလည်း ရှိနေတယ်။ ကြီးပြင်းလာတဲ့အခါ ဒီခံယူချက်ကို ပြုပြင်ပေးရပါ တယ်။ မပြုပြင်နိုင်ရင် အဲ့ဒီကလေးတွေဟာ လူရမ်းကားလေးတွေ ဖြစ်လာနိုင်တယ်။ ကိုယ်လိုချင်ရင် ရအောင်ယူမယ်။ ကိုယ်ဖြစ်ချင်တာ ဖြစ်အောင်လုပ်မယ်။ ဘယ်သူတွေ ထိခိုက် နစ်နာလဲ မစဉ်းစားဘူး။ တရားသလားမတရားသလား ထည့် မတွက်ဘူး။ ငါသာလျှင်ဇာတ်လိုက် ကျန်တာ လူတွေငါ့ကို သာပံ့ပိုးပေးကြဆိုတဲ့ ခံယူချက်နဲ့ အသက်ရှင်တတ်ကြတာ။ အဲ့ဒီခံယူချက်က အချို့မှာ သိသာပေမဲ့ အချို့မှာ မသိမသာ ကိန်းအောင်းနေတတ်ပါတယ်။
ပြည့်ဝစုံလင်သူတွေမဟုတ် ရှင်သန်ကြီးထွားသူတွေ

အသက်ရှင်နေကြတဲ့ လူအသိုင်းဝိုင်းထဲမှာ အရာရာ စုံလင်ပြည့်ဝ နေတဲ့သူဆိုတာ မရှိနိုင်ပါဘူး။ ကလေးစိတ်တွေ အတ္တစိတ်တွေထဲကနေ ရုန်းထွက်ရင်းကောင်းမွန်သော ဆက် ဆံရေးရှိတဲ့ လူ့အသိုင်းအဝိုင်းကို ဖန်တီးနေကြသူတွေသာ ဖြစ်ပါတယ်။

ရှင်သန်ကြီးထွားတယ်ဆိုတာ အလွန်ကျယ်ဝန်းတဲ့ စကားပါ။ စုံလင်တယ်ဆိုတဲ့စကားနဲ့နှိုင်းပြောမှ ရှင်းမယ်ထင် ပါတယ်။ ဥပမာ လူတစ်ယောက် ဘွဲ့ရတဲ့အခါ ပညာစုံပြီလို့ ပြောကြတယ် အဲ့ဒီစကားက မှားတယ်ဆိုတာ ကျွန်တော်တို့ နားလည်ကြမှာပါ။ အိမ်ထောင်ပြုတဲ့အခါ သူလည်းလူလား မြောက်လို့ အရွယ်ရောက်ပြီလို့ ဆိုတတ်ကြတယ်။ လက်တွေ့ မှာ အိမ်ထောင်တစ်ခုကို မထိန်းသိမ်းနိုင်ဘူးဆိုတာ အံသြစရာ ကောင်းအောင် မြင်တတ်ကြရတယ်။

လူတစ်ယောက်ဟာ ခံယူချက်တွေခိုင်မာဖို့၊ အသိ ပညာတွေရှိဖို့ (အတတ်ပညာကိုမဆိုလိုပါ)၊ တာဝန်ယူတာဝန် ခံတတ်တာတွေ ရှိလာဖို့ အမြဲတမ်းသင်ယူနေရပါတယ်။ ဒါတွေက ဘယ်နေရာမှာ ဆုံးမလဲဆိုတာ မပြောနိုင်ပါဘူး။ အတွင်းစိတ်ဓါတ်ခိုင်မာမှုအတွက် ကြိုးစားနေရပါတယ်။ ကိုယ့်ရဲ့ အတွင်းကမ္ဘာဖြစ်တဲ့ စိတ်ထားမှန်ကန်အောင်၊ ကိုယ့် ကိုယ်ကို ယုံကြည်မှုရှိအောင် ကြိုးစားရင်း အပြင်ကမ္ဘာနဲ့လိုက် လျောညီထွေဖြစ်အောင် နေထိုင်တတ်ဖို့လည်း သင်ယူရပါ တယ်။ သူတစ်ပါးကို စာနာတတ်ဖို့၊ ကူညီရိုင်းပင်တတ်ဖို့၊ သူ တပါးနဲ့ ချစ်ချစ်ခင်ခင်နေတတ်ဖို့ စတာတွေလည်း သင်ယူရပါ တယ်။

ဆိုလိုတာက လူဆိုတာ ပြီးပြည့်စုံသွားသူဆိုတာမရှိဘဲ ကြီးထွားလာနေခြင်းဆိုတဲ့ ဖြစ်စဉ်တစ်ခုမှာသာ ရှင်သန်နေသူ တွေပါ။ အဲဒီတော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ သူ တပါးကို အလွယ်တကူမဆုံး ဖြတ်ဘဲ အချိန်ပေးဖို့လိုပါတယ်။ သူ့ရဲ့ ကြီးပြင်းလာရတဲ့ ဘဝအနေအထားကို နားလည်ပေးဖို့ လိုပါတယ်။

@ အလဲအလှယ်လုပ်ခြင်း

ဒေါက်တာဘန်းရဲ့ အလဲအလှယ်သီအိုရီကို ဆက် ပြောပါ့မယ်။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန် ဆက်သွယ်ကြတဲ့နေရာမှာ (ကလေး - လူကြီး - မိဘ) ဆိုတဲ့ အသွင်သုံးမျိုးနဲ့ သရုပ်ဆောင်ကြတယ်လို့ ဆိုပါတယ်။

ကလေးကစ လူကြီးအထိ အဲ့ဒီအသွင်သုံးမျိုးလုံးကို သရုပ်ဆောင် နိုင်ကြပါတယ်။ ဥပမာ ကလေးငယ်တစ်ယောက် အခြားကလေးကို မိဘလို စောင့်ရှောက်ပေးတာတွေ့ဖူးကြမှာပါ။ အချို့ကလေးတွေက ကိုယ့်ထက်ငယ်တဲ့ ကလေးလေး တွေကို ချီချင်တယ်၊ ချော့သိပ်တတ်တယ်။ ကလေးငယ်တစ် ယောက်က လူကြီးတစ်ယောက်လို မိဘကိုတောင် ပြန်ဆုံးမ တတ်တာလည်း ကြားဖူးမှာပါ။ အဖေကို အရက်မသောက်ဖို့ ပြောတတ်တဲ့ ကလေးတွေလည်းရှိတယ်။ အမြဲတမ်းတည် တည်နဲ့ စီမံခန့်ခွဲနေရတဲ့ မန်နေဂျာတစ်ယောက်က လုပ်ငန်း ခွင်မှာ လူကြီးတစ်ယောက်လို တာဝန်ယူနိုင်သလို မိဘတစ် ယောက်ပုံစံနဲ့လည်း ငယ်သားတွေအပေါ် ကြင်နာယုယတတ် ပါတယ်။ အဲ့ဒီလူကြီးပဲ အိမ်ရောက်ရင် ကလေးတစ်ယောက်လို မိန်းမဆီဖြစ်ဖြစ် မိဘတွေအပေါ်ဖြစ်ဖြစ် ချွဲနွှဲ့တတ်ပါသေး တယ်။

အဲ့ဒီအသွင်တွေကို ဘယ်အချိန်မှာ ပြောင်းလဲယူလဲဆို တာတော့ တစ်ယောက်ချင်းနဲ့သာ သက်ဆိုင်ပါတယ်။ အခြေ အနေအချိန်အခါရဲ့ လိုအပ်မှုအပေါ်မူတည်ပြီး ပြောင်းကြပါ တယ်။ သူ့ရဲ့ခန္ဓာကိုယ်လိုအပ်ချက်၊ စိတ်ခံစားချက်ရဲ့ လိုအပ် ချက်တွေပေါ်မူတည်ပြီး (ကလေး - လူကြီး - မိဘ) ဆိုတဲ့ အပိုင်းတွေကို ယူတတ်ကြပါတယ်။

@ ဒီဇာတ်လမ်းမှာ ဘယ်သူမင်းမူမလဲ

ဒီလို အသွင်ပြောင်းတတ်တာ သဘာဝတစ်ခုလို့ဆို ပေမယ့်လက်တွေ့မှာတော့ မလုပ်သင့်တဲ့ ကိစ္စတစ်ခုလို့ ဒေါက်တာဘန်းက ဆိုပါတယ်။ လူတစ်ယောက်ဟာ တွေ့ကြုံ လာတဲ့ အနေအထားတစ်ခုမှာ ရွေးချယ်မှုတွေ လုပ်ရမယ်၊ ဆုံးဖြတ်ချက်တွေ ချရတော့မယ်ဆိုရင် တာဝန်ယူမှုအပြည့်နဲ့ လုပ်ရပါလိမ့်မယ်။ ဥပမာ - အပြင်မှာ မိုးဖွဲလေးတွေကျနေတဲ့ အခါ အထဲမှာရှိတဲ့ကလေးက အပြင်ထွက်ကစားချင်တယ်။ ဒါပေမဲ့ အထဲမှာရှိတဲ့မိဘက မသွားရဘူး မိုးရွာထဲသွားကစား ရင် ဖျားလိမ့်မယ်လို့ပြောတယ်။ လူကြီးကတော့ စိတ်တွေ လေးလံနေတယ် လေကောင်းလေသန့်ရှူဖို့ အပြင်ထွက်တာ ကောင်းပါတယ်ဆိုပြီး ဆုံးဖြတ်ချက်ချတယ်။

လူတစ်ယောက်ဟာ ကလေးဆန်နေသလား အလွန် အကျွံစိတ်ပူတတ်တဲ့ မိဘလိုဖြစ်နေသလားဆိုတာ ငယ်ဘဝ ကကြုံခဲ့တဲ့ မိဘနဲ့ သားသမီးဆက်ဆံရေးက ပုံသွင်းပေးထား ခြင်းဖြစ်ပါတယ်။ လူတိုင်းမှာ မတူညီ တဲ့ ငယ်ဘဝတွေရှိတော့ စိတ်ခံစားချက်အမျိုးမျိုးနဲ့ အမူအကျင့်တွေ အမျိုးမျိုးရှိတတ် ပါတယ်။ ဘယ်သူကတော့ ကောင်းတယ် မကောင်းဘူးဆိုပြီး အပြစ်တင်နေဖို့ဆိုတာလည်း မလုပ်သင့်တဲ့အရာတစ်ခုပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအသွင်သုံးခုကြားမှာ တစ်ခုကိုပဲအမြဲ တမ်း သရုပ်ဆောင်နေတာ စိတ်ပိုင်းဆိုင်ရာမှာတော့ ကောင်း တဲ့လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် လူမှု ဆက်ဆံရေးမှာ တော်တော်ကို အဆင်မပြေဖြစ်နိုင်ပါတယ်။

ကလေးစိတ် မကုန်နိုင်သူက အမြဲတမ်းလို သူတပါးရဲ့ ပြုစုတာခံချင် နေတယ်။ သူတပါးက ကိုယ့်ကို ဂရုစိုက်တာကိုပဲ မျှော်လင့်နေမယ်။ လူတိုင်းက ငါ့လိုတာကို ဖြည့်ပေးရမယ်။ တချိန်လုံး ငါကသနားစရာ သတ္တဝါလေးပါဆိုတဲ့ အချက်ပြမီး လေးထွန်းနေရင် ပေါင်းသင်းဆက်ဆံရေးက ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ သူတပါးအခက်အခဲ သူတပါး ဒုက္ခကို မစဉ်းစားပဲ ကိုယ့်ပြဿနာ၊ ကိုယ့်အခက်အခဲ၊ ကိုယ် ရင်ဆိုင်နေရတာပဲ ဘဝအစစ်ပုံစံနဲ့ဆိုရင် ဘယ်သူမှ ကိုယ်နဲ့ ပတ်သက်ချင်မှာ မဟုတ်ပါဘူး။အဲ့ဒီလိုပဲ မိဘစိတ်ပြင်းပြတဲ့သူ က တချိန်လုံး သူတပါးကိစ္စကို လိုက်လုပ်ပေးနေမယ်။ ငါရှိမှ ဖြစ်မယ်၊ ငါလုပ်ပေးမှရမယ်စသဖြင့် ကိုယ့်ကိုယ်ကို ကယ်တင် ရှင်လိုလို ခံစားချက်တွေနဲ့ သူတပါးကိစ္စတွေမှာ ဝင်စွက်နေရင် ဆက်ဆံရေးမှာ တော်တော် အခက်တွေ့စေနိုင်ပါတယ်။ ကိုယ့် ရဲ့ လွှမ်းမိုးချင်စိတ်တွေကလူတိုင်းကို အကူအညီလိုနေသူလို့ မြင်လာမယ်။ ငါကလုပ်နိုင် ကိုင်နိုင်တယ်၊ အခြားလူတွေက မသိမတတ်ဘူး အမြဲတမ်းအကူအညီလို နေသူတွေလို့ မှတ် ယူမိပါလိမ့်မယ်။

ကျွန်တော်တို့ သရုပ်ဆောင်ရမှာက ကလေးလည်း မဟုတ်ဘူး၊ မိဘလည်း မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို တာဝန်ယူ နိုင်တဲ့ လူကြီးတစ်ယောက်၊ အဆိုးအကောင်း အမှားအမှန်ကို ပိုင်းခြားရွေးချယ်နိုင်တဲ့ လူကြီးတစ်ယောက်ဖြစ်ပါမှ လွတ် လပ်စွာ ကြီးထွားနေသူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင် ရင့်ကျက်တည်ငြိမ်မှုတွေနဲ့ သူတပါးကိုလည်း အရှိအတိုင်း အမှန်အတိုင်းတွေ့မြင်နိုင်ပါလိမ့်မယ်။
ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ

ငါဟာ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေသူတစ် ယောက်ဟုတ်ရဲ့လားဆိုတာသိဖို့ ပြန်စဉ်းစားသုံးသပ်ဖို့ လိုပါ လိမ့်မယ်။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ငါဟာလူတွေနဲ့ ဆက်ဆံတဲ့အခါ ဘယ်လိုအသွင်ကိုယူသလဲ။ ငါဘာတွေဖုံး ကွယ်ထားပြီး ဘာတွေကို ထုတ်ဖေါ်ပြနေသလဲ။ လူတွေနဲ့ ဆက်ဆံရတဲ့အခါ ငါလုပ်နိုင်ကိုင်နိုင်တယ် ဆိုတာပဲ ထုတ်ပြ နေတတ်သလား။ လူတွေကို ငါ့အကူညီ လိုအပ်နေသူတွေလို့ပဲ မြင်သလား။ ငါ့ရဲ့အစွမ်းအစ အရည်အချင်းတွေထုတ်ပြဖို့ အတွက် အခြားသူတွေအပေါ် တက်နင်းနေမိသလား။

တကယ်တော့ ကောင်းမွန်သော ပေါင်းသင်းဆက်ဆံ ရေးဆိုတာ ငါ့ရဲ့အဖြစ်မှန် အရှိအတိုင်း ရိုးသားပွင့်လင်းစွာ နေထိုင်ခြင်းပဲဖြစ်ပါတယ်။ ဟန်ဆောင် လုပ်ယူတာတွေ၊ အမြတ်ထုတ်ချင်တာတွေ ကင်းရှင်းမှသာ ပြည့်ဝတဲ့ဆက်ဆံ ရေးကို ဆောက်တည်နိုင်မှာပါ။
#soenaingsdb #CompanionOfYouth

 

Add new comment

12 + 0 =