လူငယ်နှင့် ကောင်းမြတ်ခြင်း ရှာပုံတော်

လူငယ်နှင့် ကောင်းမြတ်ခြင်း ရှာပုံတော်
==============
စိုးနိုင် sdb
========
"ကျနော် (ကျမ) ဘာလုပ်ရမလဲ" ဒီမေးခွန်းက လူငယ်တိုင်း မေးတတ်တဲ့ မေးခွန်းဖြစ်ပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဒီမေးခွန်းကို ကိုယ့်ကိုယ်ကို မေးတယ်၊ သူငယ်ချင်းတွေကို မေးတယ်၊ မိဘဆရာ သမားတွေကို မေးတယ်။ တနည်းအားဖြင့် ဘယ်အရာက ကောင်းသလဲ၊ ဘာလုပ်ရင် ကောင်းမလဲ လို့ မေးမြန်း ရှာဖွေခြင်း ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဘုရားသခင်ထံမှာ မေးကြပါတယ်။ ကျနော်/ကျမ ဘာလုပ်ရမလဲ။ ကျွန်ုပ်အတွက် ကိုယ်တော် ဘာတွေ စီစဉ်ထားသလဲ၊ ကျွန်ုပ်ဘာဖြစ်လာမလဲ။

ကျမ်းစာထဲမှာ မေးခွန်းမေးတဲ့ လူငယ်လေး က ချမ်းသာ ကြွယ်ဝသူ ဖြစ်တယ်လို့ ဆိုထားတယ်။ ပညတ်တော်များကိုလည်း ငယ်စဉ်ကစ လိုက်ကျင့်ခဲ့တယ်။ အလယ်အလတ်တန်းစားထက် ပိုမြင့်တဲ့ လူငယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုပြည့်စုံနေတာတောင် ဘဝကို ဒါထက် ပိုပြီး တန်ဘိုးရှိချင်တယ်။ သာလွန် ကောင်းမြတ်တဲ့ အသက်တာကို ရှင်သန်ချင်သေးတယ်။

"ထာဝရ အသက်တာကို အမွေခံ နိုင်ဖို့ ဘာလုပ်ရမလဲ" ပိုပြီးစုံလင်တဲ့ မေးခွန်းက ဒီမေးခွန်းပါ။ "ကျွန်ုပ်ရဲ့ အသက်တာဟာ တန်ဘိုးရှိဖိုံ၊ ကျွန်ုပ်ရဲ့ ဘဝဟာ အဓိပ္ပါယ်ရှိဖို့ ဘာလုပ်ရမလဲ"။ နည်းပညာအပါအဝင် ဘက်ပေါင်းစုံက တိုးတက်နေတဲ့ ခေတ်ရဲ့လူငယ်တွေ ဒီလို မေးခွန်း မေးပါဦးမလား။ လောကရဲ့ ပြည့်ဝမှုတွေ ခြံရံနေတဲ့ လူငယ်တွေက ထာဝရ အသက်ကို အမွေရဖို့ စဉ်းစားပါဦးမလား။ ယနေ့လူသားများရဲ့ အတွေးက ငါ့ဟာနဲ့ငါ အဆင်ပြေနေပြီ လုံလောက်နေပြီ ဘာမှ မလိုတော့ဘူး။ တစ်ကိုယ်ရေ တစ်ကာယ အတွက် ပြည့်ဝနေပြီ။ ဒါထက် ကျော်ပြီး မကြည့်တတ်တော့ဘူး။ လူသားတွေကြားမှာ အသိပညာ၊ အတတ်ပညာတွေ၊ ရုပ်ဝထ္တုတွေ ပေါများလာနေတော့ ဒါတွေသာ ကောင်းမြတ်ခြင်းလို့ ယူဆပြီး ဝိညာဉ်ရေးရာနဲ့ ဘုရားနဲ့ ဆိုင်တဲ့ အရာတွေဟာ လူတွေရဲ့ အာရုံမှာ ရောက်မလာနိုင်တော့ဘူး။

"ဘုရားသခင်တစ်ပါတည်းသာ ကောင်းမြတ်တယ်" လူငယ်လေးက ကောင်းမြတ်သော ဆရာလို့ ခေါ်တဲ့အချိန်မှာ သခင်ယေဇူးက ဘာဖြစ်လို့ ငါ့ကို ကောင်းမြတ်တဲ့ဆရာလို့ ခေါ်တာလဲ၊ ဘုရားသခင် တစ်ပါးတည်းသာ ကောင်းမြတ်တယ်လို့ မိန့်တော်မူခဲ့တယ်။ သခင်ယေဇူးက သူ့ကိုယ်သူ မကောင်းဘူး မပြောပါဘူး။ သူဟာ ကောင်းမြတ်တယ်ဆိုတာ ဘုရားနဲ့ အတူရှိနေလို့၊ ဘုရားရဲ့တရားလမ်းအတိုင်း လျှောက်လှမ်းလို့ ကောင်းမြတ်ခြင်း ဖြစ်တယ်လို့ နားလည် စေပါတယ်။

သခင်ယေဇူးက "ပညတ်တော်များကို သင်သိတယ်မဟုတ်လား" ဆိုပြီး လူငယ်လေးအတွက် ပညတ်တော်များကို ရွတ်ပြခဲ့တယ်။ ဒါတွေကို ငယ်ငယ်ကတည်းက လိုက်ကျင့်ခဲ့ပါတယ်လို့ လူငယ်က ပြန်ဖြေခဲ့တယ်။ ကျနော်တို့ လူငယ်တွေရော ပညတ်တော်တွေကို သိကြလား။ ပညတ်တော်ဆိုတာ ဘုရားနဲ့ လူအကြားမှာ ချည်နှောင်ထားတဲ့ ပဋိညာဉ်ဖြစ်ပါတယ်။ ပညတ်တော်တွေဟာ လူတိုင်းရဲ့ နှလုံးသားထဲမှာ ရေးထားတယ်လို့ ရှင်ပေါလုက ဆိုခဲ့ပါတယ်။ အမှန်တကယ် လိုက်နာ ကျင့်ကြံခြင်းအားဖြင့် ကောင်းမြတ်တဲ့ တန်ဘိုးကို ရရှိစေမှာ ဖြစ်ပါတယ်။

သခင်ယေဇူးက လူငယ်လေးကို ကြည့်တယ် ချစ်တော်မူတယ်။ ဘုရားသခင်ဟာ ကမ္ဘာမိုးမြေကို ဖန်ဆင်းခဲ့စဉ်ကလည်း ဘုရားသခင်ဟာ သူဖန်ဆင်းတဲ့ အရာကို ကြည့်တယ်၊ ကောင်းတယ်လို့ မြင်တော်မူတယ်။ အဲ့ဒီအတိုင်းပဲ ယေဇူးခရစ်တော်ဟာ လူငယ်လေးကို ကြည့်တယ် ချစ်တော်မူတယ်။ လူငယ်လေးဟာ ကောင်းမြတ်ခြင်း ဖြစ်တယ်ဆိုတာကို မြင်တော်မူတယ်။ လူငယ်တိုင်းဟာ ဘုရားသခင်ရဲ့ အမြင်မှာ အကြည့်မှာ ကောင်းမြတ်ခြင်းတွေ ဖြစ်ပါတယ်။ ကောင်းမြတ်ခြင်းဖြစ်တဲ့ ဘုရားသခင်ဟာ သူဖန်ဆင်းထားတဲ့ ကောင်းမြတ်ခြင်းကို ချစ်မြတ်နိုးတယ်၊ သူ့ရဲ့ မေတ္တာရပ်ဝန်းမှာ ဖန်ဆင်းခံများကို ရှိနေစေချင်တယ်။

"ရှိသမျှကို ရောင်း၊ ဆင်းရဲသားတွေကို ပေး ပြီးရင် ငါ့နောက် လိုက် ခဲ့ပါ" လူငယ်များအကြားမှာ ကောင်းမြတ်ခြင်း ဆိုတာ အမျိုးမျိုးရှိတယ်လို့ လက်ခံကြတယ်။ Relativism လို့ ခေါ်တဲ့ "ဆက်နွယ်ဝါဒ" က အမှန်တရားဆိုတာ အမျိုးမျိုးရှိတယ်။ လူတိုင်းမှန်တယ်လို့ ယူဆကြတယ်။ "သူ့ဘက်က ကြည့်ရင် လက်ဖဝါး၊ ငါ့ဖက်က ကြည့်တော့ လက်ဖမိုး" ဆိုတဲ့ အယူအဆနဲ့ ဟိုအရာလည်း ကောင်းတယ်၊ ဒီအရာလည်း ကောင်းတယ် ဖြစ်လာတယ်။ ဘဝမှာ ပြတ်သားတဲ့ ရွေးချယ်မှု မလုပ်ဘူး။ အရာအားလုံး မှန်တယ် ကောင်းတယ်ဆိုတဲ့ ခံယူချက်နဲ့ လိုက်လုပ်နေရင်းက လူတယောက်ဟာ ကွက်လပ် ဖြစ်နေတဲ့ ပုံစံခံစားရတယ်။ ဆာလောင်မှုက ပိုများလာတယ်။

ဘုရားသခင်သာ တစ်ခုတည်းသော ကောင်းမြတ်ခြင်းလို့ ယုံကြည်လက်ခံရင် ကျန်တာတွေကို စွန့်ရဲရမယ်။ ဥစ္စာပစ္စည်းတွေကို ဘာလို့ ရောင်းခိုင်းတာလဲ??? လူဆိုတာ ပေးထားတဲ့ ပစ္စည်းကို ပြန်တောင်းတတ်တယ်၊ စွန့်ထားတာတွေ ပြန်လိုက်ကောက်တတ်တယ်။ ပစ္စည်းကို ရောင်းလိုက်ရင် ပြန်ယူဖို့ မလွယ်တော့ဘူး၊ ရတဲ့ ပိုက်ဆံကို သူတပါး ပေးလိုက်တော့ ပြန်ဝယ်ချင်တယ်ဆိုရင်လည်း ငွေက ပြန်ရဖို့ မလွယ်တော့ဘူး။ ကိုယ်အမြင့်ဆုံး တန်ဘိုးထားတဲ့ ကောင်းမြတ်ခြင်း ဆိုတဲ့ ဘုရားသခင်အတွက် ကျန်တဲ့ ကောင်းတဲ့အရာတွေကို စွန့်ရဲရမယ်။

"မျက်နှာ ညှိုးငယ်၍ ဝမ်းနည်းစွာ ထွက်ခွါ သွားလေ၏" ကောင်းမြတ်ခြင်းကို ရှာဖွေတယ်၊ တွေ့တော့လည်း မယူဘူး။ ဘယ်လို ဖြစ်ရတလဲ။ လူငယ်ရဲ့ ပင်ကိုယ်စရိုက် "ကောင်းမြတ်ခြင်း" ဟာ ပတ်ဝန်းကျင်ကြောင့် ပျက်စီးသွားတယ်။ သူ့မှာ ရှိနေတဲ့ ဥစ္စာပစ္စည်း နဲ့ စည်းစိမ်တွေက သူရှာဖွေတဲ့ ကောင်းမြတ်ခြင်းကို ဖုံးလွှမ်းသွားတယ်။ ကောင်းမြတ်ခြင်းကို တွေ့ပေမဲ့ ယူဖို့ သတ္တိမရှိခဲ့ဘူး။

ကောင်းမြတ်ခြင်းကို ရှာပုံတော်ဖွင့်ကြသော လူငယ်များ ကောင်းမြတ်ခြင်းကို ရှာတွေ့ကြပါစေ ... မိမိတွေ့သော ကောင်းမြတ်ခြင်း ကို ရဲရင့်စွာ ရရယူ နိုင်ကြပါစေ ...
#soenaingsdb
#companionofyouth

 

Add new comment

14 + 1 =