မိမိချစ်ရတဲ့ လက်တွဲဖော်ရဲ့ နှလုံးသားကို အချစ်ခွန်အားတွေနဲ့ အားတက်အောင် လုပ်ပေးကြရအောင်

Encourage

            ဒီနေ့မှာ မိမိချစ်ရတဲ့ လက်တွဲဖော်ရဲ့ နှလုံးသားကို အချစ်ခွန်အားတွေနဲ့ အားတက်အောင် လုပ်ပေးကြရအောင်ပါဆိုတဲ့အကြောင်း တင်ပြပေးစေချင်ပါတယ်။

            ကျွန်မတို့ လူသားတွေ ဝိညာဉ်ခွန်အားရဖို့ ရဟန်းသံဃာတွေဆီကနေ တရားဓမ္မတွေ နာယူ ကြတယ်။ စိတ်ခွန်အားရဖို့ တရားဟောကျမ်းဂန်တွေ စာကောင်းပေကောင်းတွေ ဖတ်ပြီး လေ့လာ မှတ်သားကြတယ်။ အားယူကြတယ်။ နှလုံးသားခွန်အားရဖို့ဆိုရင်လည်း မိမိရဲ့ လက်တွဲဖော်ဆီကို ချစ်မေတ္တာတွေ ပေးပြီး ခွန်အားရအောင် လုပ်ပေးလို့ရပါတယ်။

            ခင်ပွန်းတစ်ယောက်က သူချစ်တဲ့ ဇနီးဆီကနေ စစ်မှန်တဲ့ ချီးမွမ်းတာကို ကြားလိုက်ရတဲ့ အခါမှာ သူ့ကိုယ်သူ ငါက hero တစ်ယောက်လို ဖြစ်သွားပါလားလို့ ကျွန်မ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။ ကိုယ့်လက်တွဲဖော်ဆီကနေ အချစ်တွေနဲ့ ဘောင်ခတ်ထားတဲ့ စကားလုံးတွေကြားရ တဲ့အခါမှာ မှန်ကန်တဲ့ အချစ်ခွန်အားတွေရလို့ နှလုံးသားကို အားတက်သွားစေတာပါ။

            ဒါဆိုရင် ကိုယ့်ဘဝရဲ့ လက်တွဲဖော်ရဲ့ ပိုကောင်းတဲ့ နေ့ရက်တွေ လတွေ နှစ်တွေ ပိုင်ဆိုင်နိုင်ဖို့ ဘယ်လို အချစ်ခွန်အားတွေ ဖန်တီးယူကြမလဲ။

            အဓိကတော့ မိမိလက်တွဲဖော်ကို မိမိရင်ထဲမှာ အပြုသဘောဆောင်တဲ့ အတွေးတွေ စကားလုံးတွေ အမြဲဆောင်ထားရမှာပါ။ ဥပမာ- အိမ်ထောင်သက် တဖြည်းဖြည်ရင့်လာတဲ့ ဇနီး တစ် ယောက်ဟာ မိမိကိုယ်မိမိ၊ အရင်တုန်းကလို အသက်က မငယ်တော့ဘူး။ အရင်တုန်းကလိုလည်း မလှတော့ဘူးလို့ အားမလို အားမရ ပြောတတ်လာကြပါတယ်။ ဒါတွေကို သိနေတဲ့ ခင်ပွန်းက ငါ့ရင် ထဲမှာတော့ အရင်တုန်းကအတိုင်းပဲ ငါ့မျက်စိထဲမှာ လှနေတုန်းပဲလို့ အခါခွင့်သာတိုင်း ကြုံတဲ့အချိန် မှာ ပြောပေးတာဟာ ခွန်အားတွေ ပေးတာပဲ မဟုတ်ပါလား။ အခုလို အပြုသဘောဆောင်တဲ့ အတွေး တွေနဲ့ လက်တွေ့လုပ်ဆောင်မှုတွေဟာ တခါတရံ ကြမ်းတမ်းတဲ့ ဘဝလှိုင်းရိုက်ခတ်ခဲ့ရင်တောင်မှ အရင်က ခွန်အားပေးထားတဲ့ စကားတွေက ကုစားနိုင်တဲ့ ပါဝါတွေအဖြစ် ဖြစ်သွားနိုင်ပါတယ်။ လူသားတိုင်းရဲ့ နှလုံးသားထောင့်တစ်နေရာမှာ ချစ်တဲ့သူရဲ့ ချီးမွမ်းစကားကို နှစ်သက်တယ်။ သိမ်းဆည်းထားပါတယ်။ အတိုင်းမသိ ပီတိဖြစ်ကြတာချည်းပါပဲ။

            ချီးမွမ်းတယ်ဆိုတာ နှိုင်းဆလို့မရနိုင်တဲ့ တန်ဖိုးတစ်ခုကို ပေးလိုက်တာပါ။

Whatever you plant will grow.

Why not sow seeds of thoughtfulness.

            သင်စိုက်ပျိုးသလို အပင်က ကြီးထွားလာမှာပါ။ ဒါကြောင့် လေးနက်တဲ့အတွေးအခေါ်ပြတဲ့ မျိုးစေ့မျိုးကို စိုက်ရမှာပါ။

            တခါတလေ ဘဝခရီးမှာ လျှောက်ရင်း လက်တွဲဖော်က ကျရှုံးမှုရှိတာနဲ့ ကြုံတွေ့ရတာတွေ လည်း ရှိတတ်တယ်။ အဲဒီအချိန်မှာ နားလည်ပေးပြီး လွတ်လပ်တဲ့ ကျရှုံးမှုမျိုး ထားပေးပါ။ ဒီကျရှုံးမှု ကို ထပ်တလဲလဲ ပြန်လည်ပြောဆိုတာဟာ လက်တွဲဖော်ကို စိတ်ညစ်စေတယ်။ ပိုပြီး ကျရှုံးစေပါ တယ်။ အောင်မြင်ဖို့ လမ်းစပျောက်တတ်ပါတယ်။ တွေးခေါ်မှုကောင်းတဲ့ ခွန်အားပေးမှုတွေကသာ စိတ်ဝိညာဉ်အတွက် အကောင်းဆုံး ကုသနည်းဆိုရင် မမှားပါဘူး။

            နောက်ပြီး ကိုယ့်လက်တွဲဖော်ဟာ ဘယ်လိုအကြောင်းအရာတွေမှာ စိတ်သာယာပျော်ရွှင်မှုရှိ သလဲ။ မိမိက ကြည့်မြင်တတ်ရမယ်။ သေသေချာချာ မသိခဲ့ရင်လည်း မေးရပါ့မယ်။ မိမိလက်တွဲဖော် ကို စိတ်ကျေနပ်စေတာဟာလဲပဲ စိတ်ခွန်အားပေးမှုတစ်ခုပါပဲ။ နောက်ပြီးတော့ I can do what would really please you ဆိုတဲ့ စကားမျိုးပြောပေးပါ။

            ကိုယ့်လက်တွဲဖော်နဲ့ အထူးအချိန်ပေးပြီး အနီးကပ် Chatting တွေ ရှိတာဟာလဲ ကိုယ်ချစ်တဲ့ သူကို တန်ဖိုးထားရာ ရောက်သလို၊ အပြန်အလှန် အချစ်ခွန်အားတွေ ရစေပါတယ်။

            ကိုယ့်လက်တွဲဖော်ရဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကို မိတ်ဆွေသူငယ်ချင်းတွေရဲ့ ရှေ့မှာ ချီးမွမ်းပေးနိုင်ဖိ့ အလေ့အကျင့်လေးတွေ လုပ်ပေးပါ။ အပြန်အလှန်ပေါ့ရှင်။ အဲဒီလို ပြောပေးတာဟာ မိမိသူငယ်ချင်းတွေ ပတ်ဝန်းကျင်ကလူတွေနဲ့ စရိုက်ကောင်းတွေနဲ့ ပြောဆိုဆက်ဆံတတ်လာတယ်။ အပြုသဘောဆောင်တဲ့သူအဖြစ် တိုးတက်လာပါတယ်။

            ဒါကြောင့်မို့ မိမိလက်တွဲဖော်ရဲ့ တသက်မခွဲ ပေါင်းသင်းချစ်ကြမယ်လို့ ကတိပေးထားခဲ့တဲ့ အတိုင်း နေ့ရက်တိုင်း တန်ဖိုးရှိတဲ့နေ့ရက်တွေအဖြစ် ကြိုးစားပြီး ချစ်ခွန်အားတွေ ပေးကြရအောင်ပါ လို့ ဆန္ဒပြုရင်း နိဂုံးချုပ်ပါရစေ။

 

Add new comment

2 + 1 =