မိဘမေတ္တာငတ်နေတဲ့ကလေးများ

မိဘမေတ္တာငတ်နေတဲ့ကလေးများ

ဒီနေ့ သီရိဂေဟာကဏ္ဍမှာတော့ မိဘမေတ္တာ ငတ်နေတဲ့ကလေးများဆိုတဲ့အကြောင်းကို ဝေမျှပေးချင်ပါတယ်။ သောတရှင်များရှင် မိဘနှစ်ပါးစလုံးမဲ့နေတဲ့ကလေးတွေ၊ မိခင်မဲ့နေတဲ့ကလေးတွေ၊ ဖခင်မဲ့တဲ့ကလေးတွေ၊ ဒုနဲ့ဒေးရှိ နေပါပြီ။ ဒီတော့ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ မေတ္တာငတ်တာကတော့ မဆန်းသလိုဖြစ်လာပါပြီ။ အခုကမ္ဘာကြီးကလည်း တိုးတက်နေ တော့ ဇနီးမယားတွေက  လင်ယောကျ်ားနဲ့အပြိုင် အပြင်ထွက်ပြီးတော့ အလုပ်လုပ်လာကြတဲ့အခါမှာ သားသမီးတွေနဲ့ မိဘတွေ့ရတဲ့ အချိန်ကနည်းလာပါတယ်။ နေ့တိုင်းတွေ့ရတာဆိုရင်တော့ တွေ့ယုံသက်သက်တော်ပါသေးရဲ့ရှင်။ တစ်ချို့ကျတော့လည်း ရွှေ့ပြောင်း လုပ်သားအဖြစ်နဲ့ နိုင်ငံရပ်ခြားကို မလုပ်သွားပြီးတော့ လုပ်နေကြရတဲ့သူတွေပါ။ သားသမီးတွေကို အဖိုးအဖွား၊ အဒေါ်၊ ဦးလေးတွေနဲ့ ထားရစ်ခဲ့တယ်။ တစ်ချို့လည်း ဆွေမျိုးအင်အားမတောင့်တင်းလို့ ပရိဟိတစိတ်ရှိတဲ့ ဘုန်းတော်ကြီးပညာသင်ကျောင်းတွေ၊ ခရစ်ယာန် မိဘမဲ့ကျောင်းတွေဆီမှာ ကျောင်းသား၊ကျောင်းသူတွေကို ဘော်ဒါဆောင်ကိုဖွင့်ပြီးတော့ အခမဲ့ထမင်းကျွေးတယ်၊ အခမဲ့မူလတန်းပညာ၊ အလယ်တန်းပညာ၊ အထက်တန်းပညာအဆင့်ထိ ကျောင်းထားပေးကြတယ်။ တစ်ချို့မိဘတွေကျတော့လည်း စစ်ဘေးရှောင်ရင်း သေကြေကြတယ်။ ကလေးတွေက မိဘမဲ့တွေဖြစ် ခိုကိုးရာမဲ့တွေဖြစ်ပြီးတော့ ပရဟိတကျောင်းတွေမှာနေလာကြရတယ်။ ဒီတော့ အကြောင်းအမျိုးမျိုးနဲ့ မိဘမေတ္တာငတ်လာကြတဲ့ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာအားနည်းသွားတာတွေ အများကြီး တွေ့ရပါတယ်။ အခုလို မိဘမေတ္တာငတ်ကြတဲ့သူတွေထဲမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ရှိသလို ဖွံ့ဖြိုးတိုးတက်လွန်းနေတဲ့ နိုင်ငံတွေမှာလည်း ရှိပါတယ်။ ဒါကြောင့်မို့ မိဘနဲ့ သားသမီးဆက်ဆံရေးမှာ လုံခြုံတဲ့ဆက်ဆံရေးရှိသလို၊ ပစ်ပယ်တဲ့ဆက်ဆံရေးလည်း တွေ့လာရပြန်တယ်။

            သောတရှင်များရှင် မိဘနဲ့ သားသမီး လုံခြုံတဲ့ဆက်ဆံရေးဆိုတာကတော့ အကောင်းဆုံးအခိုင်မာဆုံးဆက်ဆံရေးဘဲဖြစ်တယ်။ ခလေးက မိဘတွေက သူ့အပေါ်မှာ ကာကွယ်စောင့်ရှောက်ပေးတယ်လို့ မှတ်ယူထားတဲ့အတွက် သူတို့တောင်းဆိုတိုင်းလည်း မိဘတွေက မငြီးညူလုပ်ပေးတယ်။ ဒါကတော့မိဘမေတ္တာအပြည့်အဝပေးတဲ့ ဆက်ဆံရေးပဲ ဖြစ်ပါတယ်။ တစ်ချို့မိဘတွေကျတော့လည်း မတင်မကျ ဆက်ဆံရေးဖြစ်တယ်။ ဒီတော့ သားသမီးအတွက်မလုံခြုံတာ၊ စိတ်မချတာ အားမကိုးရတဲ့ဆက်ဆံရေးမျိုး သားသမီးနဲ့ မိဘကြား ဖြစ်လာ ပါပြီ။ ဘယ်လိုပဲဖြစ်နေပါစေ သူတို့ဘဝမျာ မိဘတွေဆီကဂရုစိုက်တာ၊ မခံရတာ များလာတဲ့အခါမှာ မိဘတွေအပေါ်မှာ မယုံမရဲဆက်ဆံ လာရင်းကနေ နွေးထွေးမှု မရှိတဲ့ ဆက်ဆံရေးမျိုးတွေဖြစ်သွားပါတော့တယ်ရှင်။

            သောတရှင်များရှင် ကျွန်မတို့ပြန်လည်ပြီးတော့ ဆန်းစစ်ရင် အရှေ့တိုင်း၊ အနောက်တိုင်း စံ ကွာဟချက်တွေကလည်း မိဘနဲ့ သားသမီးဆက်ဆံရေး၊ မိဘမေတ္တာငတ်တဲ့သားသမီးတွေက အလိုအလျောက်ဖြစ်လာတာတွေ ရှိပါတယ်။ အနောက်တိုင်းမှာက ခလေး တွေကို ဦးစားပေးတဲ့အနေနဲ့ အသက် ၁၈ နှစ် ပြည့်တာနဲ့ သားသမီးတွေကလည်း ကိုယ့်ဘဝကိုယ် ရပ်တည်ဖို့ အလုပ်တွေရှာတယ်၊ ပညာရှာတယ်။ ကိုယ့်ဘဝကိုယ်ကျောင်းကြတယ်။  မိဘနဲ့အတူမနေကြတော့ဘူး။ ကျွန်မတို့အရှေ့တိုင်းထက် နိုင်းဆရင် သူတို့က ရင့်ကျက်မှုစောစောရကြတယ်။ အရှေ့တိုင်းမှာကတော့ မိဘနဲ့သားသမီး ဆက်ဆံရေးက နွေးထွေးလှပြီးတော့ မိဘတွေက ဘွဲ့ရအောင် သင်ပေးတယ်။ အလုပ်ရပြီးတဲ့တိုင်အောင် ငယ်သေးတယ်ဆိုပြီးတော့ ကလေးသဘောလို ဆက်ဆံကြပါတယ်။ မိဘတွေ အိုမင်းမစွမ်း ဖြစ်လာရင်လည်း ဒီကလေးတွေကဘဲ အားကိုးအားထား ပြုနိုင်ကြတာပါ။ ဒါကတော့ ကျွန်မတို့မြန်မာလူမျိုးတွေရဲ့ ဆက်ဆံရေးပါ။ မိဘတွေအတွက် ဆုန်ရေလို့သာသဘောထားကြတယ်။ ဒီတော့ မိဘတွေ သားသမီးကိုကျွေးမွေးစောင့်ရှောက်နိုင်တဲ့မိဘတွေကနေ မွေးဖွားလာတဲ့သားသမီးတွေကတော့ အခုကျွန်မတင်ပြခဲ့တဲ့ကလေးတွေနဲ့တော့ ဘဝခြင်းလည်း ကွာခြားလှသလို မိဘမေတ္တာငတ်မှု လည်းမရှိတော့ပါဘူး။ မိဘမေတ္တာငတ်ကြတယ်ဆိုတာ အခုလိုမိဘမဲ့ဂေဟာတွေ၊ ပရဟိတဘုန်းတော်ကြီးပညာသင်ကျောင်းတွေမှာ မိဘ ပို့ထားတဲ့သားသမီးတွေမှ မိဘမေတ္တာငတ်ကြတာမဟုတ်ပါဘူး။ အတူနေမိသားစုတွေမှာလဲ ဖခင်ကအပြင်မှာ ထွက်ပြီးအလုပ်လုပ်နေကြရ သလို မိခင်ကလည်း အိမ်အပြင်ထွက် အလုပ်လုပ်ကြရတဲ့အခါမှာ မိဘနဲ့သားသမီးအနေဝေးပြီးတော့ သားသမီးတွေမှာလည်း မေတ္တာငတ် တာ ခံစားကြတာကိုမဖော်ပြနိုင်ဘဲနဲ့ မိဘမေတ္တာငတ်နေတဲ့သားသမီးတွေအမြောက်အများလဲရှိနေပါသေးတယ်ဆိုတာကို မိဘတွေကို သိစေချင်တဲ့ဆန္ဒနဲ့ ကျွန်မဒီဆောင်းပါးလေးကို ဝေမျှပေးခြင်းဘဲဖြစ်ပါတယ်။ ဒီဆောင်းပါးဖြစ်မြောက်ဖို့အတွက် ဒေါက်တာလူသန့်ရေးသား ထားတဲ့ဆောင်းပါးကနေပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်။ ကျွန်မက ဂျူလီယာကြူကြူခင်ပါရှင်။

Add new comment

3 + 1 =