တိုင်းပြည်အခြေ‌အနေနှင့် မှုးယစ်ဆေးဝါး အန္တရာယ်

တိုင်းပြည်အခြေ‌အနေနှင့် မှုးယစ်ဆေးဝါး အန္တရာယ်

ပူတာအိုဒေသဆိုတာ အဖြူရောင်နယ်မြေမဟုတ်ပါ။ မူးယစ်ဆေးဝါးဇုန် အနက်ရောင်နယ်မြေပါ။ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖားကန့်ပြီးရင် ပူတာအိုလို့ခေါ်ထိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ ကချင်ပြည် တစ်ကျော့ပြန်စစ်ပွဲနောက်ပိုင်း မူးယစ်ဆေးဝါးမျိုးစုံ တဟုန်ထိုးပြန့်နံ့နေတာ သတိထားမိပါတယ်။ အဆိုးဝါးဆုံးအခြေအနေဖြင့် ၂၀၂၁ ခု၊ နိုင်ငံရေးမတည်ငြိမ်မှုနောက်ပိုင်း ပူတာအိုနယ်တွေမှာ ယာမတွေစျေးပေါပေါနဲ့ဖြန့်ဝေတဲ့အထိဖြစ်နေတာ အလွန်ထင်ရှားလွန်းပါတယ်။

ဘာကြောင့် ယခုလိုဖြစ်နေတယ်ဆိုတာပြောရရင် အားလုံး နားကြားဝပြီးသားလည်းဖြစ်ပါတယ်။ တချို့ကိုယ်ကျိုးရှာစီးပွါးရေးသမားများ၊ တစ်ချို့အာဏာရများ၊ လက်မည်းများနဲ့ တစ်ချို့ဒေသခံပြည်သူများရဲ့ တိုင်းပြည်နဲ့ ပြည်သူအပေါ်ထားတဲ့ စေတနာဟာ ဘာလဲဆိုတာ သက်သေပေါ့။ ဒီထဲမှာ ကိုယ့်ဒေသခံ လူမျိုးအချင်းချင်းလည်းပါဝင်သလို လူမျိုးခြားတွေလည်းပါဝင်ပါတယ်။

တချို့က အိမ်မှာပျက်စီးကြတယ်။ တချို့က လမ်းပေါ်မှာပျက်စီးကြတယ်။ တချို့ကျတော့ ရွှေမော်၊ ငွေရှာတဲ့နေရာတွေမှာ ပျက်စီးကြတယ်။

အိမ်မှာဆိုတာက ကျေးရွာတွေမှာ ရောင်းဝယ်ဖောက်ကားခြင်းကနေသုံးစွဲကြတယ်။ လမ်းမှာဆိုတာက ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ရင်း ရောင်းဝယ်ဖောက်ကား သုံးစွဲကြတယ်။ မော်မှာဆိုတာက ငွေရှာ၊ ရွှေရှာလုပ်ငန်းတွေမှာ ရောင်းဝယ်ဖောက်ကားခြင်းကနေ သုံးစွဲကြတာဖြစ်ပါတယ်။ တခြားနည်းလမ်းနဲ့ ရောင်းဝယ်ဖောက်ကား သုံးစွဲကြတာလည်း အများကြီးရှိအုံးမှာပါ။

တချို့မိဘတွေရော ကိုယ့်သားသမီးတွေ ဆယ်ကျော်သက်ဖြစ်လာရင် ပညာရှာရမယ့်အရွယ်မှာ ငွေရှာခိုင်းတော့ ပိုပြီးအထိနာတာပေါ့။ လက်ရှိချိန်မှာက ပညာရှာမယ့်အခွင့်အလမ်းက ပိုနည်းသွားတော့ သားသမီးတွေကို မဦးဆောင်တတ်ရင် မူးယစ်သမားတွေပိုများလာဖို့ပဲရှိတာပေါ့။

တကယ်တော့ တိုင်းပြည်နဲ့ ပြည်သူအပေါ် စေတနာမှန်ရင် ဒီလိုအဖြစ်ဆိုးမျိုး ကြုံရမှာ မဟုတ်ပါဘူး။ မူးယစ်ဆေးဝါးစစ်အေးတွေဟာ မြန်မာနိုင်ငံလို မငြိမ်းချမ်းတဲ့နိုင်ငံ၊ တရားမဲ့တဲ့နိုင်ငံ၊ ပညာရေးနည်းပါးတဲ့နိုင်ငံ၊ စစ်ပွဲများတဲ့နိုင်ငံ၊ လက်နက်ကိုင်များတဲ့နိုင်ငံ၊ ဆင်းရဲတဲ့နိုင်ငံ၊ ခရိုနီများတဲ့နိုင်ငံ၊ လူမျိုးကြီးဝါဒ စွဲကိုင်တဲ့နိုင်ငံတွေမှာ အဖြစ်ဆိုးတာ အမှန်ပဲပေါ့။ ဒီထဲမှာ လူမျိုးစုများပြီး စည်းလုံးမှုအားနည်းတဲ့ဒေသတွင်အပါပေါ့။

ကာကွယ်နိင်ဖို့က ခက်ထန်ပေမယ့် စိတ်ရော၊ ကိုယ်ပါ ညီညီညွှတ်ညွှတ်အားစိုက်ရင် အနည်းဆုံးလျှော့ချနိုင်ပါတယ်။ မိမိရဲ့မိသားစုမှာ အဓိက ကျပါတယ်။ ပြီးရင် ရပ်မိ၊ ရပ်ဖများနဲ့ ကျေးရွာတာတန်ခံ၊ အုပ်ချုပ်ရေးမှူးများမှာ တာဝန်ရှိပါတယ်။ ဒီအခြေခံအကျဆုံး အဆင့် နှစ်ခုမှာညီနေပြီး တစိုက်မတ်မတ်လုပ်ရင် များစွာ ကာကွယ်နိုင်ပါတယ်။

တဆက်တည်းမှာ တာဝန်ရှိနိုင်ငံဝန်ထမ်းများ၊ အစိုးရ၊ တရားဥပဒေစိုးမိုးရေးတွေမှာ အလွန်ပဲတာဝန်ကြီးလှပါတယ်။ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များရဲ့ပါဝင်မှုလည်းပဲ အလွန်ပင်တန်ဖိုးရှိပါတယ်။

ထိရောက်တဲ့ အရေးယူမှု၊ ထိရောက်တဲ့ ပညာပေးမှု၊ ထိရောက်တဲ့ ကယ်ဆယ်မှု၊ စစ်ဆေးရေးကိတ်တွေရဲ့ ထိရောက်တဲ့ တာဝန်ယူမှုတွေ အမှန်တကယ်လုပ်ဆောင်ရင် များစွာ လျှော့နည်းသွားမှာပါ။ ပြောလို့တော့ မကုန်ဘူးပေါ့။

မူးယစ်ဆေးဝါးစစ်အေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ကျည်ဆံစစ်ပွဲထက်ဆိုးနေတာ အားလုံးအသိပဲပေါ့။ လူမျိုးတုန်းသတ်ဖျတ်မှုဆိုတဲ့စကားလုံးထဲမှာ မူးယစ်ဆေးဝါးစစ်ဆင်ရေးဟာ ပိုထိရောက်တယ်လို့ ယူဆလို့ရပါတယ်။ ဒီအချိန်ဟာ အရင်ကလို ဆေးရုံ၊ ဆေးခန်း အဆင်မပြေမှုနဲ့ရင်ဆိုင်နေရတာမို့ မူးယစ်ဆေးဝါးနဲ့ လူငယ်၊ လူရွယ်တွေ ရာခိုင်းနုန်းများစွာ အသက်ဆုံးရှုံးရတဲ့အဖြစ်မျိုးမဖြစ်ဖို့လည်း ပိုပြီး သတိရှိသင့်ပါတယ်။

တိုင်းပြည်နဲ့ ပြည်သူတွေအပေါ်၊ မိမိတို့ဒေသနဲ့ လူမျိုးတွေအပေါ် စေတနာမှန်ကြပါစေ။ အထူးသဖြင့်ပူတာအို။

Credit: Fr. John Htoi

Photocredit

 

Add new comment

7 + 7 =