စတုတ္ထ ပညတ်တော်

စတုတ္ထ ပညတ်တော်

မိုးစက်ဖြိုင်ဖြိုင် လ ဇူလိုင်ကို ချဉ်းနှင်း ၀င်ရောက်လာပြီဆိုတာနဲ့ ကက်သလစ် ခရစ်ယာန်ဘာသာ၀င်တော်တော်များများက မိဘများပွဲကို သတိရကြပါတယ်။ မိဘတွေကို ဂါရဝြပု ဆုတောင်းကန်တော့တာဟာ ရိုးရာမပျက်တဲ့ မြန်မာ ကက်သလစ်ခရစ်ယာန်တို့ရဲ့ မင်္ဂလာယှက်ဖြာတဲ့ အစဉ်အလာတစ်ရပ်ပါလို့ ဆိုရပါလိမ့်မယ်။

မိဘများပွဲနေ့ ဘယ်ကနေ ဘယ်လို စပြီး ပေါ်ပေါက်လာတယ်ဆိုတဲ့ သမိုင်းကိုတော့ ဂဃ နဏ မသိပါဘူး။ ကျင်းပတဲ့နေရာ ကျင်းပပုံကျင်းနည်းတွေလည်း ကွာကြပါတယ်။ နိုင်ငံတစ်ချို့တွေက အထူးသဖြင့် အမေရိကားမှာ အမေများနေ့ဆိုပြီး စတင်ကျင်းပတဲ့ သမိုင်းကို ဖတ်ဖူးတယ်။ နောက် တဖြေးဖြေးနဲ့ အဖေများနေ့ဆိုပြီး ကျင်းပကြတယ်။ မိဘများနေ့ဆိုပြီး သတ်မှတ်ပြီး တစ်ကမ္ဘာလုံးအနေနဲ့ ကျင်းပတာတော့ မတွေ့ဖူးဘူး။ ကျွန်တော်တို့ မြန်မာပြည် ကက်သလစ်အသင်းတော်ထဲမှာတော့ မိဘများပွဲနေ့အား မယ်တော်မာရိယားရဲ့ မိဘများဖြစ်သည့် ရှင်ဂျော့ကင်းနှင့် ရှင်အာနားတို့ပွဲနေ့၊ ဇူလိူင် ၂၆ ရက်နေ့မှာ ကျင်းပကြတာဟာ ဓလေ့တစ်ခုလို ဖြစ်နေပါပြီ။

သမ္မာကျမ်းစာမှာ ဘုရားပေးပညတ်တော်ရှိပါတယ်။ ထွက်မြောက်ရာကျမ်း ၂၀:၂၁ မှာ ရှိတယ်။ ပညတ်တော် ၁၀ပါးကို အပိုင်း ၂ ပိုင်းနဲ့ သုံးသပ်ကြည့်ရင် ပထမ ပညတ် ၃ ချက်က ဘုရားသခင်အပေါ် ကျနော်တို့ လူသားတွေ ထားရမည့် စိတ်နေသဘောထားနှင့် ဆက်စပ်ပြီးသွန်သင်ထားတာကို တွေ့ရတယ်။ ကျန်တဲ့ ပညတ် ၇ ချက်မှာ ကျနော်တို့လူသားအချင်းချင်း အပြန်အလှန်ထားရှိရမယ့် စိတ်နေသဘောထားနှင့်စပ်လျဉ်းပြီး သွန်သင်ထားပါတယ်။ အဲ့ဒီတော့ လူသားအချင်းချင်း အပြန်အလှန်ထားရှိရမည့် စိတ်နေသဘောထားတွင် မိဘအပေါ်ထားရှိရမည့် စိတ်နေ သဘောထားဟာ ပထမဆုံးနေရာမှာ ဖြစ်ပါတယ်။ စတုတ္ထ ပညတ်တော်မှာ “မိဘတို့အား ရိုသေခြင်းကို ပြုလော့”လို့ မိန့်ဆိုထားပါတယ်။

ဗုဒ္ဓအယူဝါဒလွှမ်းခြုံထုံးမွမ်းနေတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေအတွက် ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာ သုံးပါးကို အထွဋ်အထိပ်ထားတယ်။ ပြီးတာနဲ့ ရတနာ သုံးပါးနဲ့တစ်ဆက်ထဲ ဆရာ ၊ မိဘ ဆိုပြီး အနန္တော အနန္တ ငါးပါးအဖြစ် ရိုသေပူဇော်ကြတယ်။ ဘုရားနဲ့ တစ်ဂိုဏ်းထဲ ထားတယ်ဆိုကတည်းက မိဘကို ရိုသေတယ်ဆိုတာ သာမန် ထက်မကပါဘူး။ ရိုသေရုံတင်မက အလုပ်အကျွေးပြုစုရမယ်လို့လည်း နားလည်ထားကြတယ်။ လူတွေ တော်တော်များ ခံယူထားတာတစ်ခုရှိပါတယ်။ မိဘကို ရိုသေခြင်းဆိုတာ မိဘကို လုပ်ကျွေးပြုစုခြင်းတဲ့။ မိဘလုပ်ကျွေးတဲ့သူက အသက်ရှည်၊ အနာမဲ့၊ အဆင်းလှ၊ မပူပင် မကြောင့်ကြနဲ့ နေရတဲ့ သုခတွေ ရတယ်လို့ ဆိုပါတယ်။ ရှင်ပေါလု ရေးတဲ့ ဧဖက်ဆုသြ၀ါဒ စာစောင်မှာ ရှင်ပေါလုက “သင်၏မိဘတို့အား ရိုသေခြင်းကို ပြုလော့။ ဤသည်ကား ကတိတော်နင့် ယှဉ်သော ပထမပညတ်ဖြစ်၍ သင်သည် ကမ္ဘာမြေကြီးပေါ်တွင် ကောင်းစားလျှက် အသက်ရှည်လိမ့်မည်။” (၆း၁-၃) ဒီပညတ်တော်ကတော့ ခံစားရမယ့် အကျိုး ရလဒ် ကတိကိုပါ တစ်ခါထဲ တွဲပြီးတော့ပေးထားတယ်။

မိဘကို လုပ်ကျွေးပြုစုတဲ့သူက ဘယ်တော့မှ မဆင်းရဲဘူးလို့ ဆိုရိုးစကားတွေလည်း ရှိကြတယ်။ လုပ်ကျွေးပြုစု ခြင်းအားဖြင့် ကျေးဇူးသိတတ်ကြောင်း ဖော်ပြကြတယ်။ တခါတလေမှာ ကိုယ်လုပ်ပေးနိုင်တဲ့ အရာနဲ့ မိဘတွေ အပေါ် ကိုယ်ဘယ်လောက် ကျေးဇူး သိတတ်လဲ ရိုသေ ပူဇော်ကြလဲဆိုတာကို တိုင်းတာကြတယ်။ မိဘတွေက သားသမီးအပေါ် ကျေးဇူးကြီးတယ်။ ဆပ်လို့မကုန်ဘူး။ ဒါကြောင့် သူတို့ရဲ့ ကျေးဇူးက များလေလေ ပိုပြီးတော့ သိတတ်ဖို့ တာ၀န်ကလည်း ကြီးလေလေ ဆိုပြီး နားလည်ကြတယ်။ တချို့သားသမီးတွေကျ သနားဖို့ ကောင်းတယ်။ အခြေအနေအရ မိဘက မွေးပြီးတဲ့နောက်ပိုင်းမှာ ချို့တဲ့စွာနဲ့ ကြီးပြင်းလာရတယ်။ အရွယ်နဲ့ မလိုက်အောင် ငယ်ငယ်လေးနဲ့ အဆင်မပြေမှု တွေကြားမှာ ရုန်းကန်ရတယ်။ ပြည့်ပြည့်စုံစုံနဲ့ မိဘ ပံ့ပိုးမူတွေနဲ့ ကြီးပြင်းလာတဲ့ကလေးနဲ့ မိဘက ပစ်ထားခံရတဲ့ကလေး ဘယ်သူက မိဘအပေါ် ပိုပြီး ကျေးဇူးဆပ်သင့်လဲလို့ မေးရင် ဘယ်လို ဖြေမလဲ။

မိဘက တာ၀န် မကျေဘူး ကိုယ့်သားသမီးကို ကောင်းကောင်း မထောက်ပံ့ဘူးဆိုရင် အနည်းနဲ့ အများတော့ ခံစားရတယ်။ စိတ်ဒဏ်ရာတွေရှိတယ်။ သားသမီးချင်းတောင် မျက်နှာလိုက်ပြီး ခွဲခြားခံရတဲ့ကလေးက ကြာလာတော့ မိဘရဲ့ မေတ္တာကို မသိတော့။ တဖြေးဖြေးနဲ့ သားသမီးတွေက မိဘကို သံယောဇဉ်မရှိ။ အချစ်မခံရတော့ မိဘကို ချစ်ရမှန်းမသိတော့ဘူး။ ပစ်ထားခံရတဲ့သူက အချစ်စကား ကြားရင် အလိုလို ခါးသက်သက်ဖြစ်လာတယ်။ မိဘမဲ့ ဆိုတဲ့ ဝေဒနကို မိဘမဲ့တွေထက် ဘယ်သူမှ ပို မသိနိုင်ဘူး ထင်ပါတယ်။ နာကျင်ခံစားရတာက ခံစားရသူပဲ ပိုသိတာ။ မိဘ ရှိရက်နဲ့ မိဘက တာ၀န်မကျေတော့ သားသမီးကလည်း ကြီးလာတော့ မိဘကို တာ၀န်မယူတတ်တော့ဘူး။ တခါတလေမှာ မိဘကို ရိုသေတယ် ကျွေးမွေးစောင့်ရှောက် တယ်ဆိုတာ မိဘတွေလုပ်ခဲ့တဲ့အပေါ် အတိုင်းအတာအပေါ်မူတည်ပြီး ဆုံးဖြတ်ကြတဲ့ သားသမီးတွေလည်း အများကြီးပဲ။

ထွက်မြောက်ရာကျမ်းထဲမှာ ဖတ်ရတာတစ်ခုရှိတယ်။ အီစရာအဲလ် လူမျိုးစု တစ်ဆက်လုံးက နှစ်ပေါင်း ၄၀ ကျော် သဲကန္တာရမှာ ရွာလည်ခဲ့ကြတယ်။ ဒီအတောတွင်းမှာ ဘယ်မိဘကမှ သူ့သားသမီးကို မကျွေးမွေးနိုင်ဘူး။ အ၀တ်အစား မဆင်နိုင်ဘူး။ စား၀တ်နေရေး အစစအရာရာ အားလုံးကို ဘုရားသခင်က ပံ့ပိုးပေးခဲ့တယ်။ ရှင်းရှင်းပြောရင် နှစ်ပေါင်း အတော်ကြာအောင် မိဘတွေက သားသမီးတွေက အဲ့ဒီအချိန်မှာ မကျွေးမွေးနိုင်ခဲ့ဘူး။ ဒါပေမဲ့လို့လည်း ဆီနာအီ တောင်ပေါ်မှာ ဘုရားက သင်တို့ရဲ့ မိဘတွေကို ရိုသေကြလော့လို့ ပညတ်ကို ပေးတယ်။ မိဘကို ရိုသေတယ်ဆိုတာ သူတို့ လုပ်ပေးခဲ့တာရှိလို့ ရိုသေခိုင်းတာမဟုတ်ဘူး။ အဲ့ဒီ မျိုးဆက်သစ်တစ်ခု အတွက် မိဘတွေက ဘာမှ မလုပ်ပေးနိုင်ခဲ့ဖူးပဲ။ ဒါပေမဲ့ ဘုရားက မိဘကို ရိုသေခိုင်းတယ်။ မိဘ ကိုယ်အပေါ် ကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ၊ တာ၀န် ကျေသည် ဖြစ်စေ၊ မကျေသည်ဖြစ်စေ၊ ရိုသေရမယ့် ပညတ်ကို ချမှတ်ပေးတယ်။ သူတို့ လုပ်ပေးတဲ့အရာတွေကို ကြည့်ပြီး ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ သူတို့ပေးခဲ့တဲ့ လက်ဆောင်ကိုပဲ ကြည့်ပြီး ပြန်ပေးဆပ်ဖို့ ဘုရားက ပညတ်ပေးတယ် လို့ထင်ပါတယ်။ မိဘတိုင်းက သားသမီးတိုင်းကို တူညီတဲ့ တန်ဖိုးဖြတ်မရတဲ့ လက်ဆောင်တစ်ခုဆီပေးတယ်။ ကျနော်တို့ မိဘတွေက ပေးတဲ့လက်ဆောင်၊ ခင်များတို့ မိဘတွေက ပေးတဲ့လက်ဆောင်၊ အားလုံးက အတူတူပဲ။ အဲ့ဒီတူညီတဲ့ လက်ဆောင်က အခု ကျနော်တို့ရရှိထားတဲ့ အသက်ပဲ ဖြစ်ပါတယ်။ လောကမှာ အသက်တာလောက် တန်ဖိုးကြီးတာ ဘာမှ မရှိဘူး။ အဲ့ဒီအသက်ကို ပေးခဲ့လို့ ကျနော်တို့တွေ ဒီမှာ ရှိနေကြတာ။ ဒီတစ်ခုထဲနဲ့တင်ကို မိဘကျေးဇူး ဆပ်ဖို့၊ သိတတ်ရိုသေ လုပ်ကျွေးပြုစုဖို့ အကြောင်းလုံလောက်နေပြီ။

တချို့သားသမီးတွေ ပညာအမွေ မရကြဘူး။ တချို့ ချမ်းသာကြွယ်၀မူတွေ မရကြဘူး။ တချို့ ချစ်ခြင်းမေတ္တာ မရကြဘူး။ တချို့တွေကျ မိဘတွေ ဆီက အများကြီးရခဲ့တယ်။ ပထမဆုံး အသက်ဆိုတဲ့ လက်ဆောင်၊ ယုံကြည်ခြင်း အမွေ၊ ပညာအမွေ၊ကိုယ့်ဘ၀ကို ရပ်တည်နိုင်တဲ့ အမွေ၊ ချစ်တတ်အောင် သင်ပေးလိုက်တဲ့ မေတ္တာ အမွေ အများကြီးပါပဲ။ တခါတလေမှာ ကိုယ်က ပညာတတ်လာတဲ့အခါ မိဘကို ကိုယ့်ပေတံနဲ့ တိုင်းတယ်။ အားမလို အားမရတာတွေရှိလာတယ်။ အပြစ်တင်ချင်စိတ်တွေ များလာတယ်။ တကယ်တော့ မိဘတွေလည်း သူတို့ အကောင်းဆုံးကြိုးစားခဲ့ကြတာပဲ။ ဆင်းရဲ ဒုက္ခ ရောက်ကြပါစေလို့ ဘယ်မိဘကမှ မရည်ရွယ်ဘူး။ မှားသွားခဲ့ရင်လည်း မေတ္တာအမှားတွေပဲ။ အကောင်းဆုံး၊ သူတို့ရှိတဲ့ အသိပညာ အတတ်ပညာအတိုင်း သားသမီးတွေအတွက် ပေးဆပ်ခဲ့တာချည်းပဲ။ အရောင်တွေမဆိုးထားတဲ့ မေတ္တာ၊ မျှော်လင့်ချက်တွေ မပါတဲ့ မေတ္တာ၊ ဖြူစင်လွန်းတဲ့ မေတ္တာတွေပါ။ သားသမီးတွေ ချမ်းသာတော့ ပီတိ၊ ဆင်းရဲတော့ ကရုဏာ သမုဒယတွေနဲ့ တယုတယရှိစွာ ပိုက်ထွေးခဲ့တဲ့ မိဘမေတ္တာလောက် သန့်စင်တဲ့အရာ ဘယ်မှာ ရှိဦးမှာလဲ။ ဇရာအို၊ ဆံပင်ဖြူသွားကျိုးပေမဲ့ သမီးသားကို ချစ်အားမလျော့ တေးဆိုချော့ချင်နေသေးတယ်။ မိဘမေတ္တာ တိုင်းတာမရပါ ဘူး။ အနှိုင်းအဆမရှိပါဘူး။ ဖြူစင်မြင့်မြတ်ကြီးမားလွန်းတဲ့ ဒီမေတ္တာတွေကို ကျနော်တို့ ဘယ်လိုတုန့်ပြန်ကြမလဲ။

မိဘတွေ ပေးခဲ့တဲ့ အသက်တာအတွက်ကြောင့် မိဘတွေကို ကျနော်တို့ ရိုသေသမှုပြုကြရတယ်။ ကျနော်တို့ ဘယ်လိုတုန့်ပြန်ကြမလဲ။ တစ်နေ့ကျရင် လူငယ်တွေက မိဘတွေ ဖြစ်လာကြမယ်။ ဘုန်းကြီး သီလရှင်တွေလည်း ကိုယ့်ရဲ့ အသွေးအသားနဲ့ဖြစ်တည်လာတဲ့ သားသမီးတွေ မရှိပေမဲ့ ဘုရားပေးတဲ့ လုပ်ငန်းတာ၀န် ဘ၀အခြေအနေမှာ အားလုံးက မိဘနေရာ ယူထားကြရတယ်။ အချိန်တန်ရင် မိဘနေရာ ရောက်ကြမှာပဲ။ မိဘတွေက ကျနော်တို့ကို အသက်ပေးတယ်။ ဒီလက်ဆောင်ကိုပဲ ကျနော်တို့ ကြုံတွေ့လာရမယ့်သူတွေကို လက်ဆင့်ပြန်ကမ်းရမယ်။ ကိုယ့်ကြောင့်မို့ သူများရဲ့ ဘ၀က အသက်၀င်လာတယ်။ သူတိုိ့ရဲ့ အသက်တာက ပိုပြီးစိုပြေရှင်သန်လာတယ်ဆိုရင် ကိုယ်ကိုတိုင်ကလည်း အသက်ပေးသူ တစ်ယောက်ပါပဲ။ မိဘစိတ်ထားပြီး မေတ္တာနဲ့ သွန်သင် လမ်းပြဖို့၊ တွေ့ကြုံရမယ့်သူတွေရဲ့ ဘ၀ကိုလည်း အသက်သွင်းနိုင်ဖို့ရန်အတွက် ဘုရားသခင်က ကျနော်တို့ကို ပြန်တောင်းဆိုနေပါတယ်။ ကိုယ့်ကိုတိုင်က အသက်ကို ရခဲ့သလို သူများကိုလည်း အသက်ပေးသွင်းနိုင်တဲ့သူတွေ ဖြစ်ကြရမှာပါ။

ဒီနည်းအားဖြင့် မိဘကျေးဇူးကို ရေရှည် ဆပ်နိုင်ပါတယ်။ လောလောဆယ် အချိန်မှာလည်း မိဘကျေးဇူးကို သိတတ်ကြောင်း ကျနော်တို့ ပြဖို့ လိုဦးမယ်။ မိဘနဲ့ အဝေးမှာ ရှိနေသူတွေ၊ မိဘနဲ့ အနီးမှာ နေပြီး ဝေးနေတဲ့သူတွေအနေနဲ့ မိဘတွေကို သားသမီးတွေက မမေ့လျော့ဘဲ သတိရဆုတောင်းပေးနေတယ်၊ ကြိုးစားနေကြတယ်၊ ချစ်တယ်ဆိုတဲ့ အကြောင်းကို သိအောင် မိဘတွေဆီ ဖုန်းလေးတစ်ချက်လောက်ဖြစ်ဖြစ် စာလေးတစ်ကြောင်းလောက်ဖြစ်ဖြစ် ရေးပို့လိုက်လို့ ရပါတယ်။ သားသမီးတွေဆီက ဖုန်းတစ်ချက်ဖွင့်ရင် မိဘတွေဖက်က အပြုံးတစ်ချက် ပွင့်နေမှာပါ။ ကျေးဇူးရှင် မိဘတွေအတွက် ဆုတောင်းပေးကြရအောင်။ နေမ၀င်ခင်မှာ ကိုယ့်ကြောင့် သူတို့တွေ ပြုံးနိုင်ကြပါစေ။

သီကိုရှင်း

 

Add new comment

6 + 1 =