'ငါ' နဲ့ "ငါ' ငြိမ်းချမ်းစွာနေထိုင်ခြင်း

'ငါ' နဲ့ "ငါ' ငြိမ်းချမ်းစွာနေထိုင်ခြင်း
=========
စိုးနိုင် sdb
=======
ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးဆောက်တည်ရမယ်လို့ ဆိုပေမဲ့ လူ့ဘဝမှာ ကိုယ်မတတ်နိုင်တာတွေ ရှိတယ်။ ဘယ်လောက်ပဲ ကြိုးစားပါစေ ပြောင်းလဲလို့ မရနိုင်တာတွေ ရှိတယ်ဆိုတာ သိထားဖို့လိုသလို လက်ခံတတ်ဖို့လည်း အရေးကြီးပါတယ်။ ဒီအချက်က ဝမ်းနည်းဖို့ ကောင်းချင် ကောင်းနေလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒါက ရှောင်လွှဲမရတဲ့ အမှန် တရားတစ်ခုပါ။ ကိုယ့်ဘဝမှာ ကိုယ်မလိုချင်ဘဲ ရှိနေတဲ့အရာ တွေများသလို၊ ကိုယ်လိုချင်ပေမဲ့လည်း မရနိုင်တဲ့အရာတွေ အများကြီးရှိတယ်။ “ရတာမလို၊ လိုတာမရ” ဆိုတဲ့ ဒီအမှန်တ ရားကြီးထဲမှာ ကျွန်တော်တို့ ဘယ်လိုရှင်သန်နေထိုင်ကြမလဲ။

>> ကိုယ့်ပိုင်နက်
ပိုင်နက်ကျူးလွန်မှု ဆိုတဲ့ ပုဒ်မနဲ့ တရားစွဲကြတာတွေ ကြားဖူးကြမှာပါ။ လူတိုင်းမှာ သူ့ပိုင်နက်၊ ကိုယ့်ပိုင်နက် ဆို တာရှိပါတယ်။ အခွင့်မရဘဲနဲ့ ပိုင်နက်ကျော်လို့မရပါဘူး။ လူ ငယ်တစ်ယောက်အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ်ဆို ရင် ကိုယ့်ပိုင်နက်ကို ကိုယ်သိဖို့လိုပါတယ်။ အပြင်အပ ရုပ် ပိုင်းဆိုင်ရာ ပိုင်နက်ရှိသလို စိတ်ပိုင်းဆိုင်ရာ ပိုင်နက်လည်းရှိပါ တယ်။ ဥပမာ - ကိုယ့်မိဘဆုံးပါးတဲ့အခါ သားသမီးတိုင်း ဝမ်း နည်းငိုကြွေးကြတယ်။ ဒါပေမဲ့ မငိုတဲ့သူတွေ ရှိတတ်တယ်။ ကျွန်တော်တို့က လူတစ်ယောက်ကို ဝမ်းနည်ပါ ဝမ်းသာပါလို့ ခိုင်းလို့မရဘူး။ အဲ့ဒါက ကာယကံရှင်ရဲ့ ပိုင်နက်ပါ၊ ကျွန်တော် တို့ ကျူးကျော်လို့မရပါဘူး။ အရေးကြီးတာက ကိုယ့်ပိုင်နက် ကို အမှန်တကယ် ပိုင်အောင်လုပ်ဖို့ လိုပါတယ်။ မိုးရွာတာကို ကျွန်တော်တို့ တားလို့မရပါဘူး။ ဒါပေမဲ့ မိုးရွာလို့ ဖြစ်ပေါ် လာတဲ့ စိတ်ညစ်တာ၊ ဒေါသထွက်တာကိုတော့ ထိန်းချုပ်လို့ ရပါတယ်။ ကိုယ့်စိတ်က ကိုယ့်ပိုင်နက်ထဲမှာ ရှိပေမဲ့ မိုးရွာတာ ရာသီဥတုနဲ့သာဆိုင်ပါတယ်။
လူတစ်ယောက်ဟာ အရာရာ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ လူတိုင်းအကန့်အသတ်ဆိုတဲ့ စည်းတစ်ခုထဲမှာ အသက်ရှင်ကြရတယ်။ ဒီကန့်သတ်ချက်တွေကို လက်မခံ နိုင်တဲ့အတွက် လူငယ်တစ်ယောက်ဟာ နာကြင်ခံခက်ပြီး အချိန်တိုင်း စိတ်ဆိုးစိတ်တိုနေတတ်ပါတယ်။ စိတ်ထဲမှာ မွန်းကျပ်နေတဲ့ လူတစ်ယောက်အနေနဲ့ ပျော်ရွှင်မှုဆိုတာ မရရှိနိုင်ပါဘူး။ “ငါဟာငါဖြစ်နေရတာကျေနပ်တယ်” ဆိုတဲ့ စိတ်ထားမွေးမြူနိုင်ပါမှ ဘဝကို ကျေနပ်ပျော်ရွှင်စွာဖြတ် သန်းသွားနိုင်ပါလိမ့်မယ်။ မကျေနပ်ရင် အနေကျပ်ပြီး သေ တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုနဲ့ ဘယ်လိုငြိမ်း ချမ်းစွာ နေထိုင်ရှင်သန်ကြမှာလဲဆိုတာ ဆွေးနွေး ချင်ပါတယ်။

>> ဖြစ်နေတယ်၊ ဖြစ်လာနေတယ်
လူတစ်ယောက် ကိုယ့်ရဲ့ အားသာချက်တွေ အရည် အချင်းအစွမ်း အစကိုသိပြီး အသုံးပြုသလို ကိုယ့်ရဲ့အားနည်း ချက်တွေကိုလည်း အသိအမှတ်ပြုပြီး လက်ခံရှင်သန်နေတာ ကို လူဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ လူ့ဘဝဆိုတာ ပြည့်ဝ တဲ့လူတစ်ယောက်ဖြစ်လာဖို့ မိမိဖြစ်သင့်တဲ့အနေ အထား အထိဖြစ်လာဖို့ အဆက်မပြတ် ရုန်းကန်နေရတာက လူဖြစ် လာနေတဲ့ လူလို့ဆိုရပါလိမ့်မယ်။
လူတစ်ယောက်ဟာ အစဉ်အမြဲ ရှင်သန်ဖွံ့ဖြိုးနေ တယ်။ ကြီးထွား လာနေပါတယ်။ အရေးကြီးဆုံးက လက်ရှိမှာ ဖြစ်နေတဲ့ ငါဆိုတဲ့သူတစ်ယောက်ကို လက်ခံရင်း ဖြစ်ချင် တဲ့ငါဆိုတဲ့ လူတစ်ယောက်ဖြစ်လာဖို့ နေ့စဉ် ရုန်းကန်ရှင်သန်နေခြင်းဖြစ်ပါတယ်။ ငါဖြစ်ချင်တဲ့ငါနဲ့ ငါဖြစ်နေတဲ့ငါရဲ့ ခြား နားမှုတွေကို လက်တွေ့ကျကျသိဖို့လိုပါတယ်၊ အရှိအတိုင်း လက်ခံဖို့လည်း လိုအပ်ပါတယ်။
ဒီနေရာမှာ ရှင်းရှင်းလင်းလင်း သိထားရမှာက ကိုယ့် အဖြစ်အခြေအနေ အရှိအတိုင်းကို လက်ခံတယ်ဆိုတဲ့အခါ “ဘာမှ မကြိုးစားနေဖို့ မလိုတော့ဘူး၊” “ငါကတော့ဒီလိုပဲ၊” “ဒါကငါပဲလေ” ဆိုပြီး လက်မှိုင်ချထိုင်နေဖို့ မဟုတ်ပါဘူး။ ကောင်းသထက်ကောင်းလာအောင်တော့ အားလုံးကြိုးစား နေကြရမှာပဲ။ ဖြစ်နေတဲ့ငါကနေ ဖြစ်လာနေတဲ့ငါဆီကို ရောက်အောင်သွားရဖို့ နေ့စဉ်ကြိုးစား အားထုတ်ရပါလိမ့် မယ်။

>> မိမိကိုယ်ကိုလက်ခံခြင်း
ကိုယ့်ကိုယ်ကို လက်ခံခြင်းဆိုတာ လူသားတစ် ယောက်အတွက် အခြေခံလိုအပ်ချက်လို့ ဆိုနိုင်ပါတယ်။ ကိုယ့်အရှိကို လက်ခံနိုင်တဲ့ သူတစ်ယောက်အတွက် ဘဝဟာ ကျေနပ်စရာဖြစ်မယ်။ စိတ်ချမ်းသာခြင်းကိုလည်း အမှန်တ ကယ်တွေ့နိုင်ပါလိမ့်မယ်။ ငါဟာငါဖြစ်နေရတာ ကျေနပ် တယ်၊ ပျော်တယ်။ ငါ့ဘဝရဲ့ လက်ရှိအနေအထားကို အမှန် အကန်လက်ခံကျေနပ်တယ်ဆိုတဲ့ စိတ်က ကိုယ့်ကိုယ်ကို လည်း ယုံကြည်စိတ် မွေးဖွါးပေးတယ်။ ကိုယ့်ကိုယ်ကိုလည်း မြတ်နိုးတန်ဘိုးထားတတ်မယ်။
အတူနေခဲ့ဖူးတဲ့ လူငယ်တွေထဲမှာ အလွန်ရန်လိုတဲ့ လူငယ်တွေ တွေ့ဖူးတယ်။ သူတို့ကို စလို့နောက်လို့ မရဘူး။ သူတို့အထဲမှာ ဒေါသစိတ်တွေ တော်တော်ကိုများနေတယ်။ တကယ်တော့ သူတို့ဟာသူများထက် ဉာဏ်ရည်မြင့်မားတယ်၊ အရည်အချင်းတွေလည်းရှိပါတယ်။ သူတို့ကို နားထောင် တော့မှပဲ ရင်ထဲမှာမကျေနပ်ချက်တွေက ရင်ထဲမှာ အများ ကြီးရှိနေတာကို သိလာရတယ်။ မိသားစုရဲ့ စီးပွါးရေး လူမှုရေး အခြေအနေ၊ သူများတွေလို မလုပ်တတ်မကိုင်တတ်တာ တွေစတဲ့ မကျေနပ်ချက်တွေနဲ့ သူတို့ စိတ်က ဖိစီးခံနေရတယ်။ အပြင်ပန်းမှာ ဆရာကြီး စတိုင်ဖမ်းထားပေမဲ့ အတွင်းမှာတော့ သိမ်ငယ်စိတ်တွေ၊ လိုဘမပြည့်တာတွေနဲ့ စုတ်ပြတ်နေ တယ်။ သူတို့မှာ ပျော်ရွှင်မှုဆိုတာမရှိဘူး။ ဖြစ်နေတဲ့ငါကို လက်မခံနိုင်တဲ့ အတွက် ဖြစ်လာနေတဲ့ငါဆိုတာ မရှိဘဲဖြစ် နေတဲ့ငါဟာ ပျက်ယွင်းစပြုနေ တဲ့ငါဖြစ်နေတယ်။
ကိုယ့်ကိုယ်ကို ဘယ်လိုသဘောထားသလဲ၊ ငါ့ကိုငါ လက်ခံသလား လက်မခံဘူးလားဆိုတာ သုံးသပ်နိုင်ဖို့ ဒီမေး ခွန်းလေးတွေ ဖြေကြည့်ပါဦး။ “ငါ့ခံစားချက်အမှန်တွေက ဘာတွေလဲ” “အခြားတစ်ယောက်ကို ချီးမွမ်းတဲ့ အသံကြားရ တဲ့အခါ ဘယ်လိုတုန့်ပြန်မိသလဲ” “အခြားတစ်ယောက် ပျော် ရွှင်နေတာကို ဘာဖြစ်လို့ မနှစ်မြို့ရတာလဲ” “အခြားတစ် ယောက်က အောင်မြင်မှုအတွက် ဝမ်းသာနေတဲ့အခါ ဘာဖြစ် လို့သူနဲ့အတူ မပျော်နိုင်တာလဲ” “ငါဘာဖြစ်လို့ မနာလိုစိတ် တွေများနေရတာလဲ” “အခြားလူတွေရဲ့ အရေးကိစ္စတွေက ဘာဖြစ်လို့ ငါ့အတွက် အလွန်အရေးပါနေရတာလဲ”
ဒီမေးခွန်းတွေရဲ့ နောက်ဆုံးအဖြေက “ငါမပျော်တဲ့ အတွက် အခြားဘယ်သူမှ မပျော်စေချင်ဘူး။” စိတ်ပညာရဲ့ အမှန်တရားတစ်ခုက တပါးသူအပေါ်ထားတဲ့ ကိုယ့်ရဲ့သဘော ထားဟာ ကိုယ့်ပေါ်ကိုထားတဲ့ သဘောထားရဲ့ ရောင်ပြန်ပဲဖြစ် တယ်လို့ ဆိုပါတယ်။ ကိုယ်ဖြစ်နေတာကို ပျော်ရွှင်စွာ လက်ခံနိုင်စွမ်းမရှိတဲ့အခါ နာကြည်းစရာတွေ ဝမ်းနည်းစရာ တွေက ကိုယ့်အတွင်းကို အလုအယက်ဝင်လာကြမှာပဲဖြစ် ပါတယ်။ ကိုယ့်ကိုယ်ကို လက်မခံနိုင်ကြတဲ့သူတွေက ဝါကြွား ခြင်း၊ စည်းကမ်းတင်းကျပ်လွန်းခြင်း၊ သိမ်ငယ်စိတ်ရှိခြင်း၊ အသိအမှတ်ပြုခံလွန်းခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ အတင်း ပြောခြင်း၊ သူတပါးအပေါ်သံသယစိတ် များလွန်းခြင်းစတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။
ကိုယ့်ကိုယ်ကို လက်ခံနိုင်သူတွေကတော့ စိတ်လွတ် လပ်ပေါ့ပါးစွာနဲ့ ပျော်ရွှင်မှုတွေခံစားကြရမယ်။ လူတွေက ကိုယ့်ကိုမကြိုက်မှာ၊ ဝေဖန်ကဲ့ရဲ့မှာ စိုးရိမ်စိတ်ကင်းမယ်။ လုပ်ရမယ့်အလုပ်တွေကို ယုံကြည်မှုအပြည့်နဲ့ တတ်နိုင်သ လောက်လုပ်မယ်၊ မလုပ်နိုင်တာတွေအတွက် ဝမ်းနည်းကြေ ကွဲမနေဘဲ တပါးသူဆီက အကူအညီတောင်းမယ်။ ကိုယ့် အမှားကိုဝန်ခံရဲမယ်။ ကိုယ့်ဘဝတိုးတက်အောင် နေ့စဉ်ကြိုး စားဆောက်တည်ယူမယ်။ ဟန်ဆောင်မှုကင်းစွာနဲ့ ကိုယ့်အရှိ အတိုင်း အသက်ရှင်နေထိုင်တဲ့အတွက် လူအများရဲ့ လေးစား တန်ဘိုးထားတာခံရမယ်။

>> ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်း
ကိုယ့်ကိုယ်ကို လက်ခံဖို့အတွက် လိုအပ်သလို အခြား သူတွေကလည်း ကိုယ့်ကိုလက်ခံဖို့လိုအပ်ပါတယ်။ ကိုယ်ရှင် သန်ရတဲ့ အသိုင်းအဝိုင်းက ကိုယ့်ကိုအပြစ်ရှာနေမယ်၊ အမှား ကို ချောင်းနေမယ်ဆိုရင် ကိုယ့်ကိုယ်ကို လက်ခံဖို့ဆိုတာ ခက် ခဲပါတယ်။ အတူနေရတဲ့လူတွေက ကိုယ့်ကိုလက်ခံတဲ့အခါ ကိုယ့်ကိုယ်ကို လေးစားတန်ဘိုးထားတဲ့စိတ်ကို မွေးဖွါးပေး တယ်။ သူတို့ရဲ့နွေးထွေးတဲ့ ကြိုဆိုလက်ခံခြင်းမှာ ကိုယ် လည်းကိုယ့်ကိုယ်ကို ကျေနပ်လက်ခံလာနိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့ကိုယ်တိုင်ကလည်း အခြားသူတွေကို လက်ခံပေးတတ်ဖို့တော့ လိုပါတယ်။ တခါတလေ လူတစ် ယောက်တွေ့တာနဲ့ကြည့်မရအောင် အမြင်ကပ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်လာတဲ့ စိတ်ခံစားချက်ကို လိုက်လျောလို့မရပါဘူး။ ငါသူ့ကို ဘာဖြစ်လို့ ကြည့်မရတာ လဲ၊ မကြိုက်တာလဲဆိုတာ ဆန်းစစ်ပြီး သူ့ကိုလက်ခံနိုင် အောင်ကြိုးစားရမှာဖြစ်ပါတယ်။ သူတပါးကို လက်မခံနိုင် တာက ကိုယ်မကြိုက်တဲ့ပုံစံတွေ သူ့မှာရှိနေလို့ ဖြစ်နိုင်သလို ကိုယ်ဖြစ်ချင်ပေမဲ့ မဖြစ်နိုင်တဲ့ပုံစံတွေ သူ့မှာရှိနေလို့လည်း ဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို လက်ခံနိုင်မှ သူတ ပါးကိုလည်း လက်ခံနိုင်မှာပါ။ အပြန်အလှန် နားလည်လက်ခံ မှုတွေရှိတယ်ဆိုရင် ကျွန်တော်တို့အတွင်း စစ်မှန်တဲ့ လွတ် လပ်ခြင်းမျိုးခံစားရမယ်။ ကိုယ့်ကို ချစ်တယ်၊ လက်ခံတယ်ဆို တဲ့ အသိုင်းအဝိုင်းမှာသာ ငါဟာငါဖြစ်ရတာ ပျော်ရွှင်ကျေနပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ အပြန်အလှန် လေးစားတန် ဘိုးထားပြီး နားလည်လက်ခံပေးနိုင်စွမ်းရှိတဲ့ အသိုင်းအဝိုင်း တစ်ခုကို ဖန်တီးဆောက်တည်ဖို့ လိုအပ်ပါတယ်။

>> အမြဲတမ်း လက်ခံကြိုဆိုနေတဲ့ ဘုရားသခင်
ကိုယ့်ကိုယ်ကို လက်ခံခြင်းရဲ့အရင်းအမြစ်ဟာ ဘုရား သခင်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘုရားသခင်က ကျွန်တော် တို့ကို ချစ်တယ်။ ငါဖြစ် နေတဲ့ငါ၊ ငါဖြစ်လာနေတဲ့ငါ၊ ငါဖြစ် သင့်တဲ့ငါ စတဲ့ငါအားလုံးကို ချစ်မြတ်နိုးသူ ဖြစ်ပါတယ်။ ဘုရားသခင်က ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေ၊ ကြည်နူးခြင်းတွေ ကြေကွဲခြင်းတွေကို နားလည်လက်ခံနေ တာပဲ ဘာဖြစ်လို့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို လက်မခံ နိုင်ရမှာလဲ။ ကျွန်တော်တို့ဟာ ဘုရားသခင်ထက်ပိုပြီး လော ဘမကြီးသင့်ပါဘူး။
အခုအချိန် ကိုယ့်မှာရှိနေတဲ့ အရာတွေအားလုံးဟာ ကိုယ်ရသင့် ရထိုက်လို့ အကုန်လုံးရထားတာလို့ ဘယ်သူမှ မဆိုနိုင်ပါဘူး။ အခုချိန်အထိ အသက်ရှင်နေတာ၊ ကျန်းကျန်း မာမာရှိနေတာ စားနိုင်သောက်နိုင်နေတာ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းကြောင့် ရထားတဲ့ ကျေးဇူးတော်တွေပါ။ လူတွေက ကိုယ်လိုချင်တာ မရတဲ့အခါ၊ ကိုယ်ဖြစ်ချင်တာ မဖြစ်တဲ့အခါ ဘုရားကိုတမ်းတပြီး အပြစ်တင်ကြတယ်။ ရှိနေတဲ့ အကောင်းတွေအ တွက်တော့ဘုရားကို ကျေးဇူးတင် ဖို့ သတိမရကြဘူး။ ကံကောင်းလို့ရသလို၊ သူ့အလိုလိုဖြစ်လာ သလိုပဲ ယူဆပြောဆိုတတ်ကြတယ်။
ကျွန်တော်တို့ဘယ်လိုပဲဖြစ်နေပါစေ၊ ဘာတွေပဲဖြစ် နေပါစေ ချစ်မြဲချစ်နေတဲ့ဘုရားသခင် ရှိနေတယ်ဆိုတာ သိ မှတ်ဝန်ခံပြီး ခိုင်မာတဲ့ ယုံကြည်ချက်ထားကြရမယ်။ ကိုယ့်ရဲ့ အသက်ပိုင်ရှင် ဘုရားသခင်က ကိုယ့်ကိုချစ်တယ်၊ လက်ခံ တယ်ဆိုရင် ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကို လက်ခံနိုင် စွမ်းရှိလာပါလိမ့်မယ်။
လူငယ်များအားလုံး အောင်မြင်သော အသက်တာကို ပျော်ရွှင်စွာ ရှင်သန်နိုင်ကြပါစေ။
စိုနိုင် sdb

Add new comment

2 + 18 =