FIRST CRUSADE ပထမ ခရူးဆိတ် အပိုင်း ၂

FIRST CRUSADE ပထမ ခရူးဆိတ်

အပိုင်း ၂

The People’s Crusade

အရပ်သားလူထု အများစုပါဝင်သည့် ခရုဆိတ်

ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် အာဘန် အနေဖြင့် မင်းမျိုးမင်းနွယ်၊ သူကောင်းမျိုးများ ဦးဆောင်သည့် သူကောင်း စစ်သည် Knights များနှင့် ဝါရင့်ကျွမ်းကျင် စစ်သည်များဖြင့် ဖွဲ့စည်းထားသော ခရုဆိတ် စစ်ကြောင်းမျိုးကို လိုလားခဲ့သည်။ သို့သော် ခရုဆိတ် ဖိတ်ခေါ်သံသည် သာမန် အရပ်သား၊ မြို့သားနှင့် လယ်သမားများက ပိုမို လက်ခံပါဝင်လာကြသည်။ ပြစ်သစ် ရဟန်း တစ်ပါးဖြစ်သူ Peter the Hermit ပီတာသည် ခရုဆိတ်စစ်ကြောင်း၌ သာမန် အရပ်သားများ ပါဝင်ရန် အထူး စည်းရုံး လှုံဆော် ဟောပြောနိုင်သည် ဖြစ်ရာ သူ၏ ဒေဿနာ ဟောပြောချက် ပြီးဆုံးတိုင်း အရပ်သား အများစု ပါဝင်သည့် ခရုဆိတ်စစ်ကြောင်းတွင် ပါဝင်လာကြသည်။ နောက်ပိုင်းတွင် People’s Crusade အရပ်သား အများစု ပါဝင်သော ခရုဆိတ် စစ်ကြောင်း၏ ဦးဆောင်သူမှာ ဟောပြောသူ ရဟန်း ပီတာ Peter the Hermit ဖြစ်လာသည်။

ပြင်သစ်နှင့် ဂျာမနီနယ်ကြားရှိ ရိုင်းလန်းဒေသတွင် ခရုဆိတ် ခေါ်သံအား ကြားသော သူများသည် ဂျူးမုန်းတီးစိတ်နှင့် ရောစပ်၍ လူထုအုံကြွမှု ဖြစ်လာရာ Mainz မြို့နှင့် Worms မြို့များတွင် ဒေသခံ ဂျူးလူမျိုး သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ဂျူးပေါင်း ၅၀၀၀ ငါးထောင်အား သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီီး အသက်မသေဘဲ ကျန်ရစ်သူများထံမှ ငွေကြေးလုယက်မှုများ ဖြစ်ပွားခဲ့သည်။ အမိအသင်းတော်မှ ထိုသို့ ပြုမူမှုများကို ရှုံချကန့်ကွက်သော်လည်း မြေပြင်တွင် ထိထိရောက်ရောက် တားဆီးနိုင်မှု မရှိခဲ့ပေ။

အေဒီ ၁၀၉၆ ခုနှစ်တွင်မူ ရိုင်းလန်းမြစ်ကြောင်းပေါ်ရှိ Cologne ကိုလုံမြို့မှ အရပ်သား လူထု အများစုပါသော ခရူးဆိတ် People’s Crusade သည် လူအင်အား ၂ သောင်းမှ ၄ သောင်းကြား အင်အားဖြင့် အရှေ့သို့ ဦးတည်ကာ စစ်ချီလာလေသည်။ ရဟန်း Peter the Hermit ဦးစီးသည့် လူထု ခရူးဆိတ် ပင်မ စစ်ကြောင်းသည် ဒင်းညုမြစ် River Denube အတိုင်း ချီတက်ခဲ့ပါသည်။ သို့သော် အရပ်သား လူထု အများစု ပါသော ခရူးဆိတ် စစ်ကြောင်း ဖြစ်ရာ ၎င်းတို့သည် စည်းကမ်းလျော့ရဲခြင်းနှင့် ပြင်ဆင်မှု အားနည်းကြ၍ လူထု ခရူးဆိတ်စစ်ကြောင်းသည် ဟန်ဂေရီ နိုင်ငံရောက်သည့် အခါ စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် ခရစ်ယာန် မြို့ Belgrade ဘဲဂရိတ်မြို့နှင့် အခြား ခရစ်ယာန် မြို့ပြကျေးရွာများအား တိုက်ခိုက် လုယက်မှုများ ဖြစ်လာသည်။

လူထု ခရူးဆိတ် စစ်ကြောင်းသည် ဟန်ဂေရီ ဒေသကတည်းက လုယက်ဓားပြတိုက်မှုများဖြင့် ချီတက်လာခဲ့ရာ ၎င်းတို့ ကူညီသင့်သော မိတ်ဖက် အင်ပါယာဖြစ်သည့် ဘိုင်ဇင်တိုင်း နယ်မြေရောက်သည် အထိ ဘိုင်ဇင်တိုင်း မြို့ရွာများမှ လုယက်မှုများ ဆက်လုပ်နေခဲ့သည်။ ထိုသို့သော ဖရိုဖရဲ ဖြစ်နေသည့် အရပ်သား ခရူးဆိတ်သည် ကွန်စတင်တိုင်း အင်ပါယာ မြို့တော် ကွန်စတန်တီနိုပယ်သို့ ရောက်သည်နှင့် ဧကရာဇ် အလက်ဆီးယပ်စ်သည် ၎င်းတို့ မြို့ရွာများ ဆက်လက် လုယက်ခံရမှု မဖြစ်ရန် အလို့ငှာ အရပ်သား ခရူးဆိတ် တပ်ဖွဲ့ဝင်များအား ဆယ်ဂျု့ တက်ခ် မွတ်စလင်တပ်များ ရှိရာ အန်နာတိုလီယာဘက်ခြမ်းသို့ လှေများဖြင့် အလျှင်အမြန် ပို့ပေးလိုက်သည်။ ရန်သူ့ နယ်မြေထဲ ရောက်သည့်အခါတွင် အစကတည်းက စည်းကမ်းနှင့် ခေါင်းဆောင်မှု ကင်းမဲ့သော အရပ်သား ခရူးဆိတ် တပ်ဖွဲ့ဝင်များသည် များမကြာမီ ရန်သူ ဆယ်ဂျု့တပ်များ၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံရကာ အားလုံးနီးပါး အသတ်ခံရ၍ အသက်ရှင်ရက် ကျန်သူအားလုံးကို ကျွန်အဖြစ် ဖမ်းဆီးရောင်းချလိုက်ကြသည်။

The Princes’ Crusade

မင်းညီမင်းသားများ ဦးဆောင်သည့် ခရူးဆိတ်

လူထုခရူးဆိတ်များ ရန်သူ ဆယ်ဂျု့တပ်များ၏ အပြီးတိုင် ချေမှုန်းခြင်း ခံရနေချိန်တွင် ဥရောပ၏ အင်အားကြီးသော မင်းညီမင်းသားများသည် ၎င်းတို့၏ ကိုယ်ပိုင်စစ်တပ် ကိုယ်စီဖြင့် သန့်ရှင်းမြေ ဂျေရုစလင်သို့ စတင် စစ်ချီကြလေသည်။ မင်းညီမင်းသား ခရူးဆိတ်တပ်များသည် ရလဒ်ဆိုးများသာ ဆောင်ကြဉ်းပေးသော လူထု ခရူးဆိတ် People’s Crusade ထက် ပိုမို စနစ်ကျသလို လက်နက်ရိက္ခာ ပြင်ဆင်မှုများလည်း သာလွန် စနစ်ကျသည်။

မင်းညီမင်းသား ခရူးဆိတ်၏

- ပထမ ခရူးဆိတ် စစ်ကြောင်းတွင် လောရိန်းနယ် တဝိုုက်ရှိ Godfrey of Bouilon ဘူးရောမြို့မှ ဂေါ့ဖရီနှင့် အတူ ညီတော်များ ဖြစ်ကြသော Eustace နှင့် Baldwin of Boulogne ဘူးလွိုင်မြို့သား ဘေလ်ဝင်၊

- ဒုတိယ ခရူးဆိတ် စစ်ကြောင်းတွင် ပြင်သစ် ဘုရင်၏ ညီ ဖြစ်သူ Hugh of Vermandois ဗာမန်ဒွားမြို့မှ ဟူး၊

- တတိယ ခရူးဆိတ် စစ်ကြောင်းတွင် Robert of Flanders ဖလန်းဒါး ဒေသမှ ရောဘတ်နှင့်

- စတုတ္ထ ခရူးဆိတ် စစ်ကြောင်းတွင် အင်္ဂလိပ်ကျွန်းအား သိမ်းပိုက်အောင်နိုင်သူ ဝီလီယံ William the Conqueror ၏ သားဖြစ်သူ Robert of Normandy နော်မန်ဒီဒေသမှ ရောဘတ်

- ပဥ္စမ ခရူးဆိတ် စစ်ကြောင်းတွင် Stephen of Blois ဘလွားမြို့မှ ချမ်းသာကြွယ်ဝသူ စတီဗင်

- ဆဋ္ဌမ ခရူးဆိတ် စစ်ကြောင်းတွင် Raymond of Toulouse တူလူးစ်မြို့မှ ရေမွန် စသည့် စစ်ကြောင်းကြီးများနှင့် အတူ ခရူးဆိတ် စစ်ကြောင်း၏ ဝိညာဉ်ရေး ခေါင်းဆောင် အဖြစ် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် အာဘန်၏ ကိုယ်စားလှယ် ဖြစ်သူ Papa Legate - ဆရာတော် အက်ဒီမာ Adhemer of Le Puy တို့ ပါဝင်ကြသည်။

ဖော်ပြပါ စစ်ကြောင်း ၆ ခုမှာ ပြင်သစ်နှင့် လောရိန်း ဒေသမှ ခရူးဆိတ် စစ်ကြောင်းများ ဖြစ်ကြပြီး အီတလီနိုင်ငံ တောင်းပိုင်းမှ သတ္တမ ခရူးဆိတ် စစ်ကြောင်းလည်း ပါဝင်လာသေးသည်။

- သတ္တမ ခရူးဆိတ် စစ်ကြောင်းကို နော်မန် လူမျိုး ဖြစ်သော Bohemond of Taranto တရန်းတိုမြို့မှ ဘိုဟီးမောင့်နှင့် သူ၏ တူတော်မောင် Tancred တန်းခရက်တို့ ဦးဆောင်တယ်။

ကွန်စတန်တီနိုပယ်မြို့မှာ ဆုံချက် အဖြစ် စုစည်းတဲ့ ခရူးဆိတ် စစ်ကြောင်း

ဒီလို အင်အားကြီးမားလှတဲ့ မင်းညီမင်းသား ခရူးဆိတ် စစ်ကြောင်း ၇ ကြောင်းဟာ ဘာဇင်တိုင်း အင်ပါယာရဲ့ မြို့တော် ကွန်စတန်တီနိုပယ်မှာ ဆုံကြဖို့ ချိန်းဆို ထွက်လာကြတယ်။ Godfrey of Bouilon ဘူးရောမြို့မှ ဂေါ့ဖရီ ခရူးဆိတ် စစ်ကြောင်းဟာ ပြင်သစ် ရိန်းလန်းနယ်ကနေ ဒင်းညုမြစ်ကြောင်း တလျှောက် ဟန်ဂေရီကို ဖြတ်သန်းပြီး ကွန်စတန်တီနိုပယ်ကို ရောက်တယ်။ Raymond of Toulouse တူလူးစ်မြို့မှ ရေမွန်ရဲ့ စစ်ကြောင်းက ပြင်သစ်ကနေ အီတလီ၊ ခရိုအေးရှားနယ်၊ ဘော်ကန်နယ်များကို ဖြတ်ပြီး ကွန်စတန်တီနိုပယ်ကို ရောက်တယ်။ ကျန်စစ်ကြောင်း အားလုံးကတော့ ပြင်သစ်၊ အီတလီ တောင်ပိုင်းကနေ ဂရိနယ်ဘက် ဘိုင်ဇင်တိုင်း အင်ပါယာ နယ်ထဲကို ပင်လယ်ရေလက်ကြားကို ကူးပြီး စုဆုံ သွားကြတယ်။ ဒီ ခရူးဆိတ် စစ်ကြောင်း ၇ ကြောင်းဟာ ဘိုင်ဇင်တိုင်းမြို့ ရောက်တဲ့အခါမှာ တပ်အင်အားပေါင်း ၆ သောင်းကျော် ရှိတယ်။ အနောက် ရောမအင်ပါယာ ပျက်သုဉ်းပြီးကတည်းက ခုလိုမျိုး အင်အား ကြီးမားလှတဲ့ စစ်တပ်မျိုးကို မတွေ့ရတာ ပထမ ခရူးဆိတ်ကာလရောက်မှ ခုလို အင်အားကြီးမားလှတဲ့ တပ်စုစည်းမှုကို ပြန်မြင်တွေ့ကြရတယ်။

ကနဦးတုန်းက ဘိုင်ဇင်တိုင်း အင်ပါယာ ဧကရာဇ် အလက်ဆီးယပ်စ် Alexius I Kommenos က အနောက်ဥရောပက ပုပ်ရဟန်းမင်းကြီး အာဘန် ၂ ကို စစ်ကူတောင်းတုန်းက သူယူဆခဲ့တာဟာ အနောက်ဥရောပကနေ စစ်အင်အား အတော်အသင့် ပို့လိုက်မယ်၊ အဲဒီတပ်ကို ဘိုင်ဇင်တိုင်း ဧကရာဇ်ရဲ့ တပ် အုပ်ချုပ်မှု အောက်မှာ ဆယ်ဂျု့ တက်ခ်ကို တန်ပြန်စစ်ဆင်မယ်လို့ တွေးခဲ့ပုံ ရတယ်။ ဒီလိုနဲ့ ခရူးဆိတ် စစ်ကြောင်း တပ်အင်အားစု စစ်သည် ၆ သောင်းဟာ အေဒီ ၁၀၉၆ ခုနှစ်၊ ဒီဇင်ဘာလမှာ သူ့ မြို့တော် ကွန်စတန်တီနိုပယ်ရဲ့ မြို့ဦးမှာ စခန်းချ ရောက်ရှိလာတာကို ကြည့်ပြီး ဧကရာဇ် အလက်ဆီးယက်စ်ဟာ စိတ်ဂယောက်ဂယက်၊ မယုံကြည်မှုတွေနဲ့ ရတက်မအေး ဖြစ်နေရပြန်တယ်။ ခရူးဆိတ် စစ်ကြောင်း ဦးဆောင်သူမှာ ရေကြောင်းမှ တိုက်ခိုက် လုယက်တတ်တဲ့ ဗိုက်ကင်း မျိုးဆက် ဖြစ်သူ နော်မန် လူမျိုးရဲ့ ခေါင်းဆောင် Bohemond of Taranto တရန်းတိုမြို့မှ ဘိုဟီးမောင့် ပါလာတာကြောင့် ဧကရာဇ် အလက်ဆီးယက်စ်က ပိုပြီး မယုံကြည်မှုတွေ ရှိလာတယ်။ Bohemond of Taranto တရန်းတိုမြို့မှ ဘိုဟီးမောင့်ဟာ သူ့ တသက်လုံး ဘိုင်ဇင်တိုင်း အင်ပါယာထဲ ရေကြောင်းနဲ့ လာရောက် တိုက်ခိုက် လုယက်ခဲ့သူ ဖြစ်တယ်။

ခရူးဆိတ် စစ်ကြောင်းကြီး ကွန်စတန်တီနိုပယ်ကနေ ရှေ့ဆက်သွားဖို့ အတွက် ငွေကြေး၊ ရိက္ခာအထောက်အပံ့နဲ့ လမ်းပြတွေကိုလည်း ဘိုင်ဇင်တိုင်း အင်ပါယာက ပေးမယ်၊ ဒါပေမယ့် ငွေကြေး၊ ရိက္ခာ လမ်းပြများကို လက်ခံလိုတယ် ဆိုရင် ခရုဆိတ် စစ်ကြောင်းမှူးများ အားလုံး အနေနဲ့ သူတို့ သိမ်းဆည်းရမိတဲ့ မြို့တွေ အကုန်လုံးကို ဘိုင်ဇင်တိုင်း အင်ပါယာ လက်ထဲ ထည့်ပါမယ်၊ ခရူးဆိတ် စစ်ကြောင်း ခေါင်းဆောင်များက သူတို့ ပိုင်နက်အနေနဲ့ သိမ်းယူထားတာ မလုပ်ဖို့ သစ္စာဆိုခိုင်းတယ်။ ခရူးဆိတ် စစ်ကြောင်းမှူးများက ဘိုင်ဇင်တိုင်း ဧကရာဇ် အလက်ဆီးယက်ပ်ကို သစ္စာဆိုပြီးမှသာ ဘော့ဖောရပ်စ် Bosphorus ရေလက်ကြားကို လှေသင်္ဘောများနဲ့ ကူးပေးပြီး ရန်သူ ဆယ်ဂျု့ တပ်များ ရှိရာ အန်နာတိုလီယာဘက်ခြမ်းကို ပို့ပေးခဲ့တယ်။

ခရူးဆိတ် စစ်ကြောင်းဟာ အင်မတန် အင်အားကြီးပြီး သူ့ရဲ့ အဓိက အင်အားက တပ်တစ်ခုလုံးရဲ့ ၆ ပုံ ၁ ပုံ အင်အား ရှိတဲ့ သံချပ်ကာဝတ် သူကောင်း မြင်းစစ်သည်များ ဖြစ်တယ်။ သို့ပေမယ့် (ယနေ့ခေတ် တူရကီ) အန်နာတိုလီယာဘက်ခြမ်း ရောက်တဲ့ အခါမှာ ပူပြင်းတဲ့ ရာသီဥတု၊ မရင်းနီးတဲ့ မြေပြင်အနေအထားနဲ့ မြှားလှံနဲ့ ပစ်ပြီး ပြေးသွားတတ်တဲ့ ရန်သူမြင်းတပ်ကို သံချပ်ကာဝတ် တပ်မဟာကြီးဟာ ကျင့်သားရအောင် ပြင်ဆင်ယူရတယ်။

ခရူးဆိတ်စစ်ကြောင်း ရောက်ချိန် အစ္စလာမစ် ကမ္ဘာအတွင်း အချင်းချင်း မညီညွှတ်ကြ။

သို့ပေမယ့် ခရူးဆိတ် စစ်သည်များ အတွက် ကံကောင်းတာက သူတို့ဟာ ရန်သူ့ နယ်မြေထဲ အင်အား အလုံးအရင်းနဲ့ ရောက်လာနေတဲ့ အချိန်မှာ အစ္စလာမ် ကမ္ဘာဖြစ်တဲ့ ပြိုကွဲသွားသော ယခင် Great Seljuk Empire မဟာ ဆယ်ဂျုံအင်ပါယာ နယ်အတွင်း အချင်းချင်း ရန်လိုနေတဲ့ အချိန်ဖြစ်တယ်။ အန်းတီးယော့ချ် Antioch, အလက်ပိ်ု Aleppo နဲ့ Damascus ဒမတ်စကတ်မှ တူရကီ မြို့စားများဟာ အခြား တူရကီမြို့စားများထံမှ နယ်မြေရယူနိုင်ဖို့ အချင်းချင်း စစ်ဆင်နွှဲနေတဲ့ အချိန်လည်း ဖြစ်တယ်။ အီဂျစ်မှာရှိတဲ့ Fatimid Caliphate ဖာတီမစ် ကာလီဖိတ် နိုင်ငံတော် အတွင်းမှာလည်း မညီညွှတ်ဖြစ်နေချိန် ဖြစ်တယ်။ ဖော်ပြပါ မွတ်စလင် ဒေသန္တာရ ခေါင်းဆောင်များဟာ ပထမ ခရူးဆိတ် အတွက် ဘယ်သူမှ ခုခံပြင်ဆင်မှုများ မရှိကြသလို ခရူးဆိတ် စစ်ကြောင်းကြီးရဲ့ အင်အား အတိအကျနဲ့ ခရူးဆိတ် စစ်ကြောင်းရဲ့ ရည်ရွယ်ချက်ကိုလည်း ကောင်းစွာ သိရှိဖို့ အချိန် မပေးခဲ့ကြဘူး။

အပိုင်း ၁ https://bit.ly/3zYXXlA အား ပြန်လည် ဖတ်ရှုရန်

အပိုင်း ၃ ဆက်ရန်

Lawrence Jangma Mung Song

Add new comment

5 + 8 =