အမိအသင်းတော်၊ ရောမဖိနှိပ်မှု အောက်မှ လွတ်မြောက်၍ အားကောင်းလာခြင်း ကက်သလစ် အသင်းတော် သမိုင်း (အတွဲ ၁၊ အပိုင်း ၈)

အမိအသင်းတော်၊ ရောမဖိနှိပ်မှု အောက်မှ လွတ်မြောက်၍ အားကောင်းလာခြင်း ကက်သလစ် အသင်းတော် သမိုင်း (အတွဲ ၁၊ အပိုင်း ၈)

အေဒီ ၃၀၅ ခုနှစ် ဝန်းကျင်တွင် ရောမအင်ပါယာ အတွင်း မိမိကိုယ်ကို ရောမဧကရာဇ် အဖြစ် ကြေညာကာ ပြည်တွင်းစစ်ဖြင့် အနိုင်ယူ၍ အင်ပါယာပြည့်ရှင် ဖြစ်လိုသော ရောမ အာဏာပိုင်များ ရှိကြလေသည်။ အေဒီ ၃၁၁ ခုနှစ်တွင် သေအံ့ဆဲဆဲ ဖြစ်နေသော အရှေ့တိုင်း ရောမဧကရာဇ် ဂါလားရီးယပ်စ် Galerius (စိုးစံနှစ် ၃၀၅ - ၃၁၁) သည် ခရစ်ယာန်များအပေါ် သည်းခံခွင့်လွှတ်ခြင်း ဆိုင်ရာ အမိန့်ပြန်တမ်း Edict of Toleration of Christians အား ထုတ်ပြန်ခဲ့သည်။ အရှေ့တိုင်း ရောမအင်ပါယာက ခရစ်ယာန်များ အပေါ် သည်းခံဖြေလွှတ်သည့် အမိန့်ကြေညာစာတမ်း ထုတ်ပြန်မှုကြောင့် အနောက်တိုင်း ရောမအင်ပါယာ ဧကရာဇ် မက်ဆီမိနုစ် ဒိုုင်ယာ Maximinus Daia (စိုးစံနှစ် ၃၀၅ - ၃၁၃) သည်လည်း အေဒီ ၃၁၂ ခုနှစ်တွင် အလားတူ အမိန့်ပြန်တမ်းအား ထုတ်ပြန်ခဲ့ရသည်။ သို့သော် ရောမဧကရာဇ် မဟာကွန်စတန်တိုင်း Constantine the Great (စိုးစံနှစ် ၃၀၆ - ၃၃၇) သည် ခရစ်ယာန် ဘာသာအား အမှန်အကန် မြှောက်စားခဲ့ကာ သူ၏ ရောမစစ်သားများ ဒိုင်းအကာတွင် ခရစ်တော်သခင်၏ အမှန်သင်္ကေတ the Monogram of Christ အား ရေးဆွဲတိုက်ပွဲဝင်ခဲ့ပြီး အောင်ပွဲ ရခဲ့သူ ဖြစ်သည်။ ထိုရောမဧကရာဇ် ကာလတွင် စတင်၍ ခရစ်ယာန် သာသနာသည် အရှေ့တိုင်းနှင့် အနောက်တိုင်း ရောမအင်ပါယာများ၏ ကံကောင်း ကံဆိုးမှုများတွင် တတွဲတည်း ရောစပ်နေခဲ့လေသည်။ အရှေ့တိုင်းနှင့် အနောက်တိုင်း ရောမအင်ပါယာ အာဏာပိုင်များသည် ခရစ်ယာန် အသင်းတော်အား ဂုဏ်ထူးဆောင် ဘွဲ့နာမများ၊ အဆောင်အယောင်များ ချီးမြှင့်သလို အသင်းတော်၏ အရေးကိစ္စများတွင်လည်း နှောင့်ယှက်ပါဝင်လာတတ်ကြသည်။

အမိအသင်းတော်သည် ရောမဧကရာဇ် ကွန်စတန်တိုင်းကြောင့် ဖိနှိပ်မှုမှ ကင်းလွတ်လာခဲ့သည်။ ဧကရာဇ် ကွန်စတန်တိုင်း၏ မိခင်၊ ဘုရင်မကြီး စိန့်ဟယ်လန်သည် ဘာသာရေး ကိုင်းရှိုင်းသော ကက်သလစ် တစ်ဦး ဖြစ်ရာ အသင်းတော်အတွက် များစွာ ပံ့ပိုးပေးခဲ့သည်။ အနောက်တိုင်း ရောမပြည်တွင်းစစ်၌ ပြင်သစ်နှင့် အင်္ဂလန်ကျွန်းကို အုပ်စိုးသော ရောမပြည့်ရှင် ကွန်စတန်တိုင်းနှင့် စပိန်၊ အီတလီနှင့် အာဖရိကမြောက်ပိုင်းအား စိုးစံသော မက်ဆမ်းတိယပ်စ်တို့ စစ်ခင်းကြသည့် အခင်းအကျင်းဖြစ်သည်။ စစ်ခင်းကာ နန်းယှဉ်လုသည့် ပြိုင်ဖက်ဖြစ်သူ မက်ဆမ်းတိယပ်စ် Maxentius အပေါ် ကွန်စတန်တိုင်းသည် အေဒီ ၃၁၂ ခုနှစ်တွင် တိုက်ပွဲအောင်နိုင်ခဲ့ပြီး ကွန်စတန်တိုင်းသည် စစ်တပ်အင်အား ပိုကြီးမားသည့် မက်ဆမ်းတိယပ်စ်အား စစ်အောင်နိုင်ခြင်းသည် ခရစ်တော်ကြောင့်ဟု လက်ခံယုံကြည်သည်။ မက်ဆမ်းတိယပ်စ်အား အောင်နိုင်ခဲ့ခြင်းကြောင့် ကွန်စတန်တိုင်းသည် အနောက်တိုင်း ရောမအင်ပါယာ၏ တစ်ဦးတည်းသော ဧကရာဇ် ဖြစ်လာသည်။ ကွန်စတန်တိုင်းသည် သေအံ့ဆဲဆဲ အိပ်ယာပေါ်တွင် လဲသည့် အချိန်မှသာ ခရစ်ယာန် အဖြစ် ဆေးကြောခြင်း ခံယူခဲ့သူ ဖြစ်သော်လည်း သူအသက်ရှင် စိုးစံသည့် ကာလတလျှောက်တွင် အမိအသင်းတော်အား ကာကွယ်စောင့်ရှောက်ခဲ့သည်။

အနောက်တိုင်း ရောမ ဧကရာဇ် ကွန်စတန်တိုင်းသည် အရှေ့တိုင်း ရောမ ဧကရာဇ် Licinius လိုင်စီးနီးယပ်စ်နှင့် အေဒီ ၃၁၃ ခုနှစ်တွင် တွေ့ဆုံပြီး အရှေ့တိုင်းနှင့် အနောက်တိုင်း ရောမ အင်ပါယာနယ်နိမိတ် အတွင်း ယုံကြည်ကိုးကွယ်ရာ ဘာသာတရားများအား လွတ်လပ်မှု ပေးကာ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား အားလုံးအပေါ် ဖိနှိ်ပ်ခြင်း မပြုဖို့ သဘောတူခဲ့ကြသည်။ အရှေ့နှင့် အနောက်တိုင်း ဧကရာဇ် ၂ ဦးသည် ယခင် ရောမအင်ပါယာ ပြည့်ရှင်များ လက်ထက်က လုယူသိမ်းပိုက်ခဲ့သည့် ခရစ်ယာန်များ၏ ဥစ္စာပစ္စည်းများကိုလည်း မူလ ပိုင်ရှင်သို့ ပြန်လည် ပေးအပ်ရန် သဘောတူခဲ့ကြသည်။

အေဒီ ၃၂၄ ခုနှစ်တွင်မူ အနောက်တိုင်း ရောမအင်ပါယာ ဧကရာဇ် ကွန်စတန်တိုင်းသည် အရှေ့တိုင်း ရောမအင်ပါယာ ဧကရာဇ် ဖြစ်သူ လိုင်စီးနီးယပ်စ် အပေါ် စစ်အောင်နိုင်ခဲ့ကာ ရောမအင်ပါယာ တစ်ခုလုံး၏ ဧကရာဇ် ဖြစ်ခဲ့သည်။ ထိုအခါ ကွန်စတန်တိုင်းသည် သူ၏ အင်ပါယာ မြို့တော်အား ဘော့စ်ဖောရပ်စ် ပင်လယ်ကမ်းရှိ ယခင်က အခေါ် ဘိုင်ဇန်းတီးယန်း ဒေသသို့ ပြောင်းရွှေ့ နန်းစိုက်ခဲ့သည်။ ထိုမြို့အား သူ၏ အမည်ကို အစွဲပြု၍ ကွန်စတန်တီနိုပယ် မြို့ဟု ခေါ်တွင်စေခဲ့သည်။ ထိုကွန်စတန်တီနိုပယ်မြို့ကြီးသည် ဂရိခရစ်ယာန်များ အခြေပြုရာ သမိုင်းဝင် မြို့ကြီး အဖြစ် တည်ရှိခဲ့ပြီး ၎င်း၏ ခံတပ်မြို့ရိုးသည် သမိုင်းတွင် အကောင်းဆုံး ခံတပ်မြို့ကြီး တစ်ခု အဖြစ် တည်ရှိခဲ့သည်။ ၎င်းအား မွတ်စလင် သြသိုမန် အင်ပါယာက သိမ်းပိုက်ခြင်း မခံရမီအထိ နှစ်ပေါင်း တစ်ထောင့်တစ်ရာကျော် (၁၁၂၉ နှစ်) ကြာ ရပ်တည်ခဲ့သည်။ လက်ရှိအချိန်တွင် ကွန်စတန်တီနိုပယ်အား တူရကီနိုင်ငံ၏ အစ္စတန်ဘူမြို့ အဖြစ် အမည်ပြောင်း ခေါ်တွင်ကြသည်။

ကွန်စတန်တိုင်းသည် ရောမအင်ပါယာ အရေးအား ခရစ်ယာန် အသင်းတော်၏ အရေး အဖြစ် တထပ်တည်း ရှုမြင်သတ်မှတ်လေ့ရှိသည်။ ဘာသာရေး အကွဲအပြဲသည် နိုင်ငံရေး အကွဲအပြဲနှင့် စစ်မက်ဖြစ်ပွားမှုသို့ ဦးတည်တတ်သည် ဖြစ်ရာ ရောမ နိုင်ငံရေး၊ လူမှုရေး စည်းလုံးညီညွှတ်မှုသည် ရောမ၏ ဘာသာရေး တစုတစည်းတည်း စည်းလုံးညီညွှတ်မှုနှင့် တသားတည်း ကျသည်ဟု ယုံကြည်မှုကြောင့် အင်ပါယာပြည့်ရှင် ကွန်စတန်တိုင်းသည် အသင်းတော် အရေးကိစ္စများတွင် ပါဝင်စွက်ဖက်ရန် မည်သည့် အခါမှ လက်မရွံ့ပေ။ ထို့ကြောင့် အသင်းတော် စည်းလုံးညီညွှတ်ရန် အလို့ငှာ အေဒီ ၃၂၅ ခုနှစ်တွင် နိုဆီးယားမြို့ Nicaea ၌ ရောမအင်ပါယာ ပြည့်ရှင်၏ ကုန်ကျစရိတ် စိုက်ထုတ်ပေးခြင်းဖြင့် သာသနာ့ အစည်းအဝေး ခေါ်ယူခဲ့သည်။ ထိုသို့သော နိုင်ဆီးယား သာသနာ့ ကောင်စီ အစည်းအဝေးအားဖြင့် ကျွန်ုပ်တို့ ယုံကြည်လက်ခံသော (နိုင်ဆီးယား ယုံကြည်ရာ အနှစ်ချုပ် - Nicaean Creed) ခရစ်ယာန်တို့၏ ယုံကြည်ရာ ၁၂ ချက်ကို လက်ခံရရှိခဲ့သည်။ နိုင်ဆီးယား သာသနာ့ အစည်းအဝေးသည် အမိအသင်းတော်၏ အရေးပါသော အဓိက အစည်းအဝေး တစ်ခု ဖြစ်ကာ တမန်တော်ဝတ္ထု အခန်းကြီး ၁၅ တွင် ပါဝင်သော ဂျေရုစလင် သာသနာ့ အစည်းအဝေးကိုလည်း အေဒီ ၅၀ တွင် ကျင်းပခဲ့သည်။

နိုင်ဆီးယား သာသနာ့ ကောင်စီအစည်းအဝေးတွင် ရောမဧကရာဇ် ကွန်စတန်တိုင်းက (ယေဇူးသခင်သည် အဖဘုရား၏ ဖန်ဆင်းခံ ဖြစ်သည်ဟု လွဲမှားစွာ သွန်သင်သော) အာရီးယန်း ဝါဒ Arianism နှင့် ဆက်စပ်၍ အဆုံးဖြတ်ရယူနိုင်ရန် ဆွေးနွေးကြဖို့ တိုက်တွန်းခဲ့သည်။ ရောမအင်ပါယာ မပျက်သုဉ်းမီ အထိ နောင်ရာစုနှစ်များတွင်လည်း ရောမအင်ပါယာများသည် သာသနာ့ ကောင်စီ အစည်းအဝေး အတွက် ဖိတ်ခေါ်စတင်ခဲ့မှုများ ရှိခဲ့သည်။ သို့သော် သမိုင်းတလျှောက်လုံးတွင် ခရစ်ယာန် သာသနာ့ ကောင်စီ အစည်းအဝေး အများစုအား ပုပ်ရဟန်းမင်းကြီးများကသာ ဖိတ်ခေါ်စည်းဝေးခဲ့သည်။ နိုင်ဆီးယား သာသနာ့ အစည်းအဝေးသည် အသင်းတော် အတွင်း အယူဝါဒလွဲဖြစ်သည့် အာရီးယန်း အယူဝါဒအား တန်ပြန်ကာ အသင်းတော် သွန်သင်ချက်အား ချမှတ်ခဲ့သည့် ပထမဦးဆုံး သာသနာ့ အစည်းအဝေးကြီး ဖြစ်လေသည်။

ရောမဧကရာဇ် ကွန်စတန်တိုင်းသည် အမိအသင်းတော် အပေါ် အလွန် ရက်ရောစွာဖြင့် ငွေကြေး လှူဒါန်းမှုများ၊ ကြီးမားသည့် ဗာဆိလီကာ ဘုရားကျောင်းကြီးများ တည်ဆောက်ပေးခြင်းများဖြင့် ပံ့ပိုးပေးခဲ့သည်။ ကွန်စတန်တိုင်းသည် ရောမမြို့ စိန့်ပီတာ၏ အုတ်ဂူအပေါ် တည့်တည့်၌ ပထမဆုံး ဗာတီကန် ဗာဆိလီကာ ဘုရားကျောင်းကြီး တည်ဆောက်ခြင်း၊ ဂျေရုစလင်မြို့ရှိ ယေဇူးသခင် မြေမြုပ်ရာ နေရာ၌ ဗာဆိလီကာ ဘုရားကျောင်းကြီး တည်ဆောက်ခြင်းနှင့် လက်တရန် ဒေသရှိ နန်းတော် Lateran Palace အား ရဟန်းမင်းကြီး အဆက်ဆက် နေထိုင်ခွင့် ပေးခြင်းတို့ဖြင့် အလှူဒါနပြုခဲ့သည်။ လက်ရှိ ဗာတီကန် ဗာဆီလိကာ ဘုရားကျောင်းကြီးမှာ ကွန်စတန်တိုင်း၏ ဗာဆီလိကာ အပေါ်၌ တည်ဆောက်ထားသော ဒုတိယ ဗာတီကန် ဗာဆီလိကာ ကျောင်းကြီး Second Vatican Basilica ဖြစ်ပြီး ၎င်းအား အေဒီ ၁၅၀၆ ခုနှစ်မှ ၁၆၂၆ ခုနှစ် အကြား တည်ဆောက်ထားခြင်း ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးများသည် ကွန်စတန်တိုင်း ပေးလှူထားသည့် လက်တရန် ဒေသရှိ နန်းတော် Lateran Palace ၌ အေဒီ ၁၃၀၉ ခုနှစ် အထိ နေထိုင်ခဲ့ကြပြီး ပြင်သစ်ဘုရင်နှင့် နိုင်ငံရေး တင်းမာမှုကြောင့် ပြင်သစ်နယ်မြေဖြစ်သော အာဗင်းညွန် Avignon ၌ အေဒီ ၁၃၇၈ ခုနှစ် အထိ အခြေချ နေထိုင်ခဲ့သည်။ 

ထို့အပြင် ဧကရာဇ် ကွန်စတန်တိုင်းသည် ခရစ်ယာန် ဆရာတော်ဘိရှော့များအား တရားစီရင် ဆုံးဖြတ်နိုင်သည့် အရပ်သား အာဏာကို ပေးအပ်ခဲ့သည်။ ကွန်စတန်တိုင်းသည် ရောမ နိုင်ငံတော် ဥပဒေအား ခရစ်ယာန် စံတန်ဖိုးများနှင့် ကိုက်ညီအောင် ပြန်လည် ပြင်ဆင်ခဲ့ပြီး တနင်္ဂနွေကိုလည်း အားလပ်ရက် အဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့ ရောမ နိုင်ငံတော်နှင့် ခရစ်ယာန် သာသနာ အကြား မဟာမိတ် ဆက်ဆံရေးသည် ခရစ်ယာန် အသင်းတော်၏ တွေးဆပုံနှင့် သင်းတော် သက်တာ အားလုံး အပေါ် လွှမ်းမိုးမှုများ ရှိလာခဲ့သလို အလယ်ခေတ်၏ အသင်းတော်နှင့် နိုင်ငံတော် အကြား ဆက်ဆံရေးအား အုတ်မြစ်ချသည့် သဘော ဖြစ်သည်။ အလယ်ခေတ်တွင်လည်း ရဟန်းမင်းကြီးက အင်အားကြီးမားသော ဘုရင် အဖြစ် ပေါ်ထွန်းလာသည်။ အသင်းတော်နှင့် နိုင်ငံတော် ဆက်ဆံရေးအား ဆီဇာနှင့် ပုပ်ရဟန်းမင်းကြီး ဆက်ဆံရေး (ဆီဇာရို-ပေပဇင် Caesaro-Papism ) အဖြစ် လူသိများကာ ၎င်းသည် အသင်းတော်အတွက် အားသာချက်များစွာနှင့် အားနည်းချက်များစွာကို ဆောင်ကြဉ်းပေးလေသည်။

Lawrence Jangma Mung Song  

Add new comment

5 + 6 =