လူသားနဲ့ဘာသာတရား

statue of angel . Holy Land Philippines.

လူသားနဲ့ဘာသာတရား

*****************

ဘာသာရေးတိုင်းက ဘုရားကို ယုံကြည်ကာ "ဓမ္မ" လမ်းစဥ်ဖြစ်တဲ့ ကောင်းတဲ့ ကုသိုလ်လုပ်ဖို့နဲ့ မကောင်းတဲ့ အကုသိုလ် "အဓမ္မ"ကိုရှောင်ဖို့ သွန်သင်ပါတယ်။ ဒါကြောင့် မိမိယုံကြည်တဲ့ ဘာသာတရားကို သေချာလေ့လာပြီး လက်တွေ့ ကျင့်ကြံလေလေ ကမ္ဘာကြီးနဲ့ လူအများအတွက် ကောင်းကျိုးဖြစ်ထွန်းပြီး ပိုမိုငြိမ်းခိမ်းသာယာလေလေပါ။

ဒါဆိုရင် ဘာဖြစ်လို့အချို့သူတွေ မကောင်းကြတာလဲ။ ဘာလို့ မကောင်းတဲ့ "အဓမ္မ" အကုသိုလ်၊ လူအချင်းချင်း ညှဥ်းဆဲ သတ်ဖြတ် နေကြတာလဲ။ ဟုတ်ပါတယ်၊ မိမိဘာသာတရားရဲ့ သွန်သင်ချက်တွေကို အမှန်ဂဃဏန လေ့လာ သိရှိပြီး လက်တွေ့မှာ ကျင့်ကြံအားထုတ်မယ်ဆိုရင် လူကောင်းတွေပဲ ဖြစ်လာကြမှာပါ။ မိမိဘာသာတရားကို ဂဃဏန မသိတာဖြစ်နိုင်သလို သိရဲ့သားနဲ့ မကျင့်ကြံတာ၊ အလွှဲသုံးစား အပေါ်ယံ ဟန်ပြပဲ လုပ်လို့ဖြစ်တယ်။

ဘာသာတရားရဲ့ကောင်းကျိုး

ဘာသာတရားရဲ့ သွန်သင်ချက်တွေကို ကျင့်ကြံခြင်းအားဖြင့် အမျိုးမျိုး မတူကွဲပြားနေတဲ့ ဘာသာရေး၊ လူမျိုးရေး၊ ရိုးရာယဉ်ကျေးမှုနဲ့ ဘာသာစကားတွေကြားမှာ အဖြူအမဲ မခွဲခြားဘဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လာစေတယ်။ တစ်ဦးကို တစ်ဦး ပိုမိုလေးစား ချစ်ခင်ပြီး ပေးမျှကူညီ တတ်လာတယ်။ သည်းခံ ခွင့်လွှတ် ပါရမီပြည့်တဲ့ အသက်တာကို ရှင်သန်စေတယ်။ လူသားတိုင်း ဘာသာတရားရဲ့သွန်သင်ချက်ကို သေချာလေ့လာပြီး သိတဲ့အတိုင်း လိုက်ကျင့်ခဲ့ရင် ကမ္ဘာကြီး ဧကန်မုချငြိမ်းချမ်းသာယာမှာဖြစ်ပါတယ်။ ခက်တာက အဲဒီလို မဖြစ်တာပေါ့။...

ဒါပေမဲ့...

အခု ဖြစ်နေတာက ဓမ္မလမ်းအစား အဓမ္မနဲ့ လာအချင်းချင်း မေတ္တာမဲ့စွာ ညှင်းဆဲ ထောင်ချ သတ်ဖြတ်နေကြတယ်။ တစ်ခါမှ ဘာသာရေးကို မသိဖူးတဲ့ လူတွေလို ဘာသာရေးထွန်းကားအောင် အလှူဒါနလုပ်မဲ့အစား ဘုရားပိုင်တဲ့ ပစ္စည်းတွေကိုတောင် လုယူသိမ်းပိုက် အဝီစိနိုက် နေကြတယ်။ မိမိယုံကြည်တဲ့ဘုရားရဲ့သွန်သင်ချက်ကို မိမိသိသလောက်၊ မှတ်သလောက်ကျင့်ရမယ့်အစား၊ မတူညီတဲ့ယုံကြည်မှုတွေကြားမှာ ငါ့ဘာသာရေးသွန်သင်ချက်က သူ့ဟာထက်ပိုမှန်တယ်၊ ပိုကောင်းတယ်၊ ပိုမြင့်မြတ်တယ်ဆိုပြီး ( narrow-minded အမြင်ကျဉ်းသူ)ကာ အချင်းချင်းကြားမှာ ငြင်းခုန်ကြ၊ ရန်ဖြစ်ကြ၊ သတ်ဖြတ်တာနဲ့ အလုပ်ရှုပ်နေကြတယ်။

အဲဒီလိုမျိုးဖြစ်ရပ်တွေကို ဘယ်ဘုရား၊ ဘယ်ဘာသာ တရားကမှ မသွန်သင်ပါဘူး။ ဒါကြောင့် ဘုရားနဲ့ပိုနီးရမယ့်အစား ပိုပြီးမှတောင် ဝေးကွာသွားစေတယ်။

အချို့လူတွေက ဆင်းရဲပြီး ပညာလည်းမတတ်၊ လေ့လာ သင်ယူပြီး ဝေဖန်သုံးသုပ်မှုအားနည်းတာကြောင့် အမှားတွေကို အမှန်ထင်လာအောင် brain wash မှိုင်းတိုက် သွတ်သွင်း ခံနေရသူတွေလည်း ရှိပါတယ်။ အဲလိုလူမျိုးတွေကတော့ extremist, terrorist ဘာသာရေး အစွန်းရောက်တွေ ဖြစ်လာပါတော့တယ်။

...လူတိုင်းမိမိယုံကြည်တဲ့ ဘုရားရဲ့သွန်သင်ချက်တွေကို အမှန်တကယ် သိရဲ့လား၊ မသိခဲ့ရင်လည်း မိမိကိုယ်တိုင် သိအောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့အတူ သိပြီးသားသူတွေကို ချဉ်းကပ် မေးမြန်းခြင်း၊ ဘာသာတရားရဲ့သွန်သင်ချက်အကြောင်း စာများများဖတ်ရှုခြင်းအားဖြင့် အမြင်ကျယ်ကျယ်ထားပြီး လေ့လာဖို့ လိုအပ်ပါတယ်။ အဲဒီလို လေးလေးနက်နက် လုပ်ဆောင်မှသာ ချစ်ခြင်းမေတ္တာ (ကရုဏာရှင်) ဘုရားသခင်ညွှန်ပြတဲ့ ဘာသာတရား (လက်ညှိုး)ကို ကောင်းကောင်း အသုံးချနိုင်မှာ ဖြစ်ပါတယ်။ လူတိုင်း ဘာတရားကို ဦးထိပ်ထားပြီး ကရုဏာမေတ္တာပွားများကာ လူအချင်းချင်း ညှင်းဆဲခြင်းကင်းပြီး မြန်မာပြည်ကြီးနဲ့ လူတိုင်းရဲ့ ကိုယ်၊ စိတ်နှလုံး အမြန်ဆုံး အေးချမ်းသာယာနိုင်ပါစေ။

မေတ္တာဖြင့်...

ထန်းဟာ, SJ

 

Add new comment

14 + 3 =