လူမှုဆိုင်ရာ အခြေခံကိုယ်ကျင့်မူဘောင်

လူမှုဆိုင်ရာ အခြေခံကိုယ်ကျင့်မူဘောင်

ကက်သလစ်ဘာသာ၀င်တိုင်းသည် နိုင်ငံသားတစ်ဦး၌ ရှိအပ်သော တာ၀န်အရ နိုင်ငံရေးတွင် တက်ကြွစွာ ပါ၀င်ရမည်ဖြစ်သည်။ နိုင်ငံရေးဟု ဆိုရာ၌ လူထုအရေး၊ နိုင်ငံသားများ၏ ကောင်းကျိုးအရေးကို လုပ်ဆောင်မည့် မည်သည့် နိုင်ငံရေး ပုံစံမျိုးကိုမဆို ဆိုလိုသည်။ ကက်သလစ် ဘာသာ၀င်ကောင်းတစ်ဦး သည် နိုင်ငံသားကောင်း တစ်ဦး မည်ပြီး လူသားများ၏ ကောင်းကျိုးအရေးအတွက် တစ်ထောင့် တစ်နေရာမှ ဖြည့်စွက် ပေးဆပ် တတ်ရမည်။ တာ၀န်သိတတ်သော နိုင်ငံသားတစ်ဦး ဖြစ်ခြင်းသည် ပါရမီတစ်ပါး ဖြစ်ပြီး နိုင်ငံ့အရေး သို့မဟုတ် လူထုအရေး သို့မဟုတ် လူသားကောင်းကျိုးအရေးတွင် ပါ၀င် လုပ်ဆောင်ရခြင်းသည် ကိုယ်ကျင့်တာ၀န် တစ်ရပ်ဖြစ်ကြောင်း သာသနာတော်မှ သွန်သင်ထားပါသည်။ ထိုတာ၀န်သည် ဆေးကြောခြင်းမင်္ဂလာ ခံယူစဉ်က ခရစ်တော်နောက် ထပ်ချပ်မခွာ လိုက်၍ ခရစ်တော်တရားတော်ကို သက်သေခံပါမည့်အကြောင်း ပြုခဲ့သော ကတိသစ္စာတွင် အမြစ်တွယ်လာရပေသည်။ ကက်သလစ်သာသနာတော်၏ အယူဝါဒကျမ်းကြီး ကလည်း အောက်ပါအတိုင်း သွန်သင်ထားသည်။

အများကောင်းကျိုး မြှင့်တင်ရာတွင် မိမိတို့၏ အဆင့်နေရာနှင့် ကဏ္ဍအလိုက် ပါ၀င်ကြရန် လိုအပ်သည်။ ၎င်း တာ၀န် ၀တ်တရားသည် လူသားတစ်ယောက်၏ လူ့ဂုဏ်သိက္ခာတွင် စွဲကပ်ပါလာသည့် တာ၀န်ပင်ဖြစ်သည်။ နိုင်ငံသားများသည် တတ်နိုင်သရွေ့ လူထုဘ၀အရေးတွင် တက်ကြွစွာ ပါ၀င်ရမည် ဖြစ်သည်။ (နံ-၁၉၁၃-၁၉၁၅)

ပါတီနိုင်ငံရေးတွင် သော်လည်းကောင်း၊ အမျိုးသား နိုင်ငံရေးတွင် သော်လည်ကောင်း ကက်သလစ် ဘာသာ၀င်တစ်ဦးသည် မည်သည့် ပုံစံမျိုးဖြင့် နိုင်ငံရေးတွင် ပါ၀င်သည် ဖြစ်စေ လူမှုဘဝကောင်းကျိုးကို မြှင့်တင်ရာ၌ မိမိတို့၏ ယုံကြည်မှုနှင့် ကိုက်ညီသည့် ကိုယ်ကျင့်စံနှုန်းများကို အခြေခံထားရပေမည်။ ထိုစံနှုန်းများကို ကက်သလစ်သာသနာတော်အနေနှင့် လူမှုဆိုင်ရာသွန်သင်ချက်တွင် ထည့်သွင်း သွန်သင်ပေးထားသည်။ ကိုယ်ကျင့် စံနှုန်းများ ပါ၀င်သည့် လူမှုဆိုင်ရာသွန်သင်ချက် တစ်ခုလုံး၏ အဓိကခေါင်းစည်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ အသက်ရပိုင်ခွင့်နှင့် လူသားတစ်ဦး၏ဂုဏ်သိက္ခာ

လူသားသည် မြင့်မြတ်သည့် သတ္တဝါဖြစ်သည်။ လူ့အသက်သည်လည်း မြင့်မြတ် တန်ဖိုးကြီးပြီး အဖိုး မဖြတ်နိုင်ပေ။ ကိုယ့်ကျင့်တရားပြည့်၀သည့် လူ့ဘောင်တိုင်းအတွက် လူ့ဂုဏ်သိက္ခာသည် အခြေခံ အုတ်မြစ် ဖြစ်သည်။ အပြစ်မဲ့သူ လူသားတစ်ယောက်၏ အသက်ကို မည်သည့် အရွယ်၊ မည်သည့်အခြေအနေ၌ မဆို ရန်မူ တိုက်ခိုက်ခြင်းသည် ကိုယ်ကျင့်တရားအရ မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ မရှိပေ။ သန္ဓေသားမှသည် နောက်ဆုံး ထွက်သက်ချိန်အထိ လူသားတစ်ယောက်၏ လူ့ဂုဏ်သိက္ခာကို လေးစားရမည်ဖြစ်ပြီး လူ့အသက်ကို ကာကွယ် မြှင့်တင် ပေးရမည် ဖြစ်သည်။ သန္ဓေသားဖျက်ခြင်းသည် လူ့အသက်ကို တိုက်ရိုက် ရန်မူ တိုက်ခိုက်ခြင်း ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို မထီမဲ့မြင် ပြုရာရောက်သည်။ ထို့အပြင် လူ့ဘောင်တစ်ခုလုံးကိုလည်း ရန်မူနေခြင်း ဖြစ်သည်။ ရောဂါဝေဒနာ ခံစားနေရသူတစ်ဦးကို ဆေးအကူဖြင့် အဆုံးစီရင်စေခြင်းသည်လည်း လူ့အသက်ကို တိုက်ရိုက် တိုက်ခိုက်နေခြင်းပင် ဖြစ်သည်။ လူ့ဂုဏ်သိက္ခာကို လေးစားရမည် ဆိုသည့် သွန်သင်ချက်တွင် ညှဉ်းပမ်းနှိပ်စက်ခြင်း၊ မတရားစစ်မက်ပြုခြင်း၊ သေဒဏ်စီရင်ခြင်း၊ လူမျိုးရေးမုန်းတီးခြင်း တို့ကို ဆန့်ကျင်ရန်၊ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်ပွဲတွင် အပြစ်မဲ့သူများကို ရန်ပြု တိုက်ခိုက်မှုတို့ကို တားဆီးကာကွယ်ရန် နှင့် ဆင်းရဲမွဲတေမှုနှင့် အတိဒုက္ခရောက်နေမှုများကို ကျော်လွှားရန် စသည့်တို့ ပါရှိသည်။ လူ့ဂုဏ်သိက္ခာကိုကာကွယ်မြှင့်တင် ရာတွင် အတားအဆီး တစ်ခုဖြစ်သော လူမျိုးစုများအကြား၊ တိုင်းနိုင်ငံများအကြား ဖြစ်ပွားသော ပဋ္ဋိပက္ခများကိုလည်း ငြိမ်းချမ်းသော နည်းလမ်းဖြင့် အတတ်နိုင်ဆုံး အဖြေရှာပြီး လူသားအသက်ကို ထိခိုက်ပျက်စီးစေမည့် လက်နက်ကိုင် ဖြေရှင်းမှုကို ပညာသတိဖြင့် နောက်ဆုံးထား ရွေးချယ်နိုင်ကြရမည် ဖြစ်သည်။ လူသားတိုင်းသည် ဘုရားသခင်၏ သားသမီးများ ဖြစ်ပြီး လူသားတိုင်း၏ အသက်ကို လေးစား ကာကွယ် မြှင့်တင် ပေးရမည်ဖြစ်သည်။

၂။ မိသားစု၊ လူ့အဖွဲ့အစည်းနှင့် ပူးပေါင်း ဆောင်ရွက်ရေး

လူသည် လူမှုသတ္တဝါဖြစ်သည်။ လူသားတစ်ယောက်သည် အခြားသော လူသားများနှင့် ကူးလူး ဆက်ဆံခြင်း၌သာ ဖွံ့ဖြိုးတိုးတက်နိုင်သည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြင့် ဖြစ်တည်လာသော မိသားစုသည် လူ့အဖွဲ့စည်းတိုင်း၏ အခြေခံ သင်းပင်းမှုဖြစ်သည်။ ၎င်းင်းသည် သားသမီးများကို မွေးဖွားရာနှင့် ပြုစုပျိုးထောင်ရာ သန့်ရှင်းသည့် ဘုံဌာနတစ်ခုဖြစ်သည်။ မိသားစုကို ကာကွယ်ပေးရမည်၊ မြှင့်တင်ပေးရမည်။ သန့်ရှင်းရာ မိသားစု ဘုံဌာနကို လိင်တူ ထိမ်းမြားစေခြင်းဖြင့် စွန်းထင်း ပျက်စီးစေခြင်းမှ ကာကွယ်ရမည်။ မိသားစု အရေးကို လေးစားတန်ဖိုးထားသော စိတ်နေသဘောထားများ နိုင်ငံရေးမူဝါဒနှင့် လုပ်ဆောင်မှုများတွင် စိမ့်၀င် နိုင်ရမည်။ သားသမီးများကို ပြုစုပျိုးထောင်ရန်အတွက် မိဘများ၏ တာ၀န်နှင့် အခွင့်အရေးများကို ထောက်ပံ့ မြှင့်တင်ပေးရမည်။ စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေပြုရေး နှင့် မူဝါဒအရေးတို့ကို မည်သို့ချမှတ် အကောင်အထည် ဖော်သည် ဆိုသည်က အများကောင်းကျိုး နှင့် နိုင်ငံသားတိုင်း စွမ်းဆောင်နိုင်သမျှ အပြည့်အ၀ ပါ၀င်နိုင်မှုတို့ အပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိသည်။ မည်သို့သော အရေးကို ချမှတ် အကောင်ထည် ဖော်သည်ဖြစ်စေ နိုင်ငံသားတိုင်းနှင့် အဖွဲ့အစည်းတိုင်းကို လူ့ဘောင်တည်ဆောက်မှုနှင့် လူသားကောင်းကျိုးမြှင့်တင်ပေးမှု တို့၌ ပူပေါင်းပါ၀င်စေရမည် ဖြစ်သည်။ ထောက်ပံ့ဖေးကူမှု စံနှုန်းမူအရ အဖွဲ့စည်းကြီးတစ်ခု (ဥပမာ နိုင်ငံတော် အစိုးရ) သည် အဖွဲ့ငယ်တစ်ခု (ဥပမာ နိုင်ငံ့အကျိုးပြုပုဂ္ဂလိက အဖွဲ့အစည်း) အပေါ် လွှမ်းမိုး ချယ်လှယ်ခြင်းမျိုး မရှိရပေ။ ထို့ထက် လူသားကောင်းကျိုးအတွက် ထိထိရောက်ရောက် ပါ၀င် လုပ်ဆောင်နိုင်ရန် ထိုအဖွဲ့စည်းငယ်များကို ထောက်ပံ့ ပေး၍ လိုအပ်မှသာ (ဥပမာ လူ့ဂုဏ်သိက္ခာထိပါးလာလျှင်၊ အများအကျိုးကို ထိခိုက်ပျက်စီး စေလျှင်) ၀ငျရောကျထိနျးသိမျးပေးရမညျ ဖြစ်သည်။

၃။ အခွင့်အရေးနှင့်တာ၀န်

လူ့အခွင့်အရေးကို ကာကွယ်နိုင်ပေးနိုင်မှသာ လူ့ဂုဏ်သိက္ခာကို လေးစားနိုင်ကြမည် ဖြစ်သည်။ ထို့အတူ အခြေခံ တာ၀န်၀တ္တရားများကို လူသားတိုင်း ဖြည့်ဆည်း နိုင်ကြမှသာ အများကောင်းကျိုးကို မြှင့်တင်ပေးနိုင်ကြမည် ဖြစ်သည်။ လူသားတိုင်း အသက်ရပိုင်ခွင့်၊ အသက်ရှင်ပိုင်ခွင့်ရှိသည်။ လူသားတစ်ယောက်အနေနှင့် သိက္ခာရှိရှိ အသက်ရှင်နိုင်ရန် အခြေခံ စားရေး၊ ၀တျရေး၊ နေရေး၊ ပညာရေးနှင့် ကျန်းမာရေး တို့ကို ရပိုင်ခွင့်ရှိသည်။ ထို့အပြင် အလုပ်လုပ်ပိုင်ခွင့်နှင့် လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်လည်း ရှိသည်။ ရပိုင်ခွင့်သည် တာ၀န်၀တ္တရားနှင့် ဒွန်တွဲနေသည်။ မိမိ၏ ရပိုင်ခွင့်ကို တောင်းဆိုခြင်း၌ တစ်ပါးသူ၏ ရပိုင်ခွင့်ကို လေးစား မြှင့်တင်ခြင်း တာ၀န်လည်း ပါရှိသည်။ တာ၀န်ဟု ဆိုရာမှာလည်း တစ်ပါးသူအပေါ်၊ မိသားစုအပေါ်၊ လူ့ဘောင်အဖွဲ့အစည်းအပေါ်၊ တိုင်းနိုင်ငံအပေါ် ထားအပ်သော အများကောင်းကျိုး ဖော်ဆောင်မည့် တာ၀န် ၀တ်တရားမြားကို ဆိုလိုသည်။

၄။ ဆင်းရဲ ချို့တဲ့သူများနှင့် အကာကွယ်မဲ့သူများကို ဦးစားပေးရေး

အများကောင်းကျိုးဟု ဆိုရာ၌ လူသားအားလုံး၏ ကောင်းကျိုးကို ဆိုလိုခြင်းဖြစ်သည်။ သို့သော်လည်း အများ ကောင်းကျိုးကို ဆောင်ရွက်ရာ၌ အလိုအပ်ဆုံးသော သူများ၊ ဆင်းရဲချို့တဲ့သူများ၊ အကာအကွယ်မဲ့သူများအတွက် ဦးစားပေး လုပ်ဆောင်သင့်သည်။ အကာကွယ်မဲ့သူများနှင့် မိမိတို့အတွက် ရပ်တည်ပေးမည့်သူ မရှိသော သူများ အပေါ် မည်သို့ ပြုမူ ဆက်ဆံသည် ဆိုသည်က လူ့အဖွဲ့အစည်း တစ်ခု၏ ယဉ်ကျေးမှု မြင့်မားခြင်းကို တိုင်းတာပေးသည်။ အသိမ်ငယ်ဆုံးသော သူတစ်ယောက်ကို မည်သို့ ဆက်ဆံသည်ကို ကြည့်၍ နောက်ဆုံးသော နေ့ရက်၌ တရားစီရင် ခံရမည်ဖြစ်ကြောင်းကိုလည်း ကျမ်းစာတော်မြတ်က သွန်သင်ထားသည် (န်း-မာတေး ၂၅း၃၁-၄၆)။ အကာအကွယ်မဲ့သူများဟု ဆိုရာ၌လည်း မွေးဖွားလာမည့် ကလေးသူငယ်များ၊ မသန်စွမ်းသောသူများ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည် ရောဂါသည်များ နှင့် မတရား အဖိနှိပ်ခံ လူသားများ အားလုံးပါ၀င်သည်။

၅။ အလုပ်ဂုဏ်နှင့် လုပ်သားများ၏ အခွင့်အရေး

စီးပွားရေးသည် လူသားကို အစေခံရန်ဖြစ်သည်။ လူသားသည် စီးပွားရေးကို အစေခံရန်မဟုတ်ပေ။ တစ်နည်းအားဖြင့် စီးပွားရေးသည် လူသားအတွက် ဖြစ်သည်။ လူသားသည် စီးပွားရေးအတွက် မဟုတ်ပေ။ အလုပ်သည် အသက်မွေး၀မ်းကျောင်း တစ်ခုတည်းအတွက် မဟုတ်။ အလုပ်တိုင်းသည် လူသားဘ၀နှင့် လူ့ဂုဏ်သိက္ခာမြှင့်တင်ရေးတွင် ပါ၀င်ဆောင်ရွက်နေခြင်း ဖြစ်သည်။ အလုပ်သမားများသည် မိမိတို့၏ အလုပ်ဖြင့် အများကောင်းကျိုးကို ဖြည့်စွက်ထောက်ပံ့ပေးနေသူများဖြစ်သည်။ ယင်းတို့သည် မျှတသည့် လုပ်အားခ၊ အကျိုးခံစားခွင့်နှင့် ပင်စင်စားနိုင်ခွင့် ရှိရမည် ဖြစ်သည်။ ရွေ့ပြောင်း အလုပ်သမားများအတွက် တရား၀င်မှတ်ပုံတင်ပေးမှုနှင့် အလုပ်သမားများ သမဂ္ဂဖွဲ့စည်းပိုင်ခွင့် ရှိစေရမည်။ အလုပ်သမားများအနေဖြင့်လည်း မိမိတို့၏ အလုပ်ကို ပြီးမြောက်ဖြစ်ထွန်းစေမည့် တာ၀န်သိ အလုပ်သမားများ ဖြစ်ရမည်။ လုပ်ခနှင့် ထိုက်တန်သည့် ပေးဆပ် အစေခံမှု နှင့် လုပ်သားအချင်းချင်းအပေါ်မှာ သော်လည်းကောင်း၊ အလုပ်ရှင်ပေါ်မှာသော်လည်းကောင်း အများကောင်းကျိုး ဖြစ်ထွန်းစေမည့် လေးစားမှုမျိုး ရှိရမည်။ အလုပ်သမားများနှင့် အလုပ်ရှင်များသည် မိမိတို့၏ အကျိုးစီးပွားကိုသာ ကိုယ်ကျိုးဖက် ရှာဖွေနေသကဲ့သို့ မဟုတ်ဘဲ လူ့သားထုအကြား တရားမျှတမှုဖြစ်ထွန်းရေးနှင့် လူသားအားလုံး ကောင်းကျိုးရေးအတွက် ရည်မှန်း လုပ်ဆောင်နေကြရမည်။

၆။ တစ်စိတ်တစ်၀မ်းတည်း ရှိရေး

မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊ မည်သည့် တိုင်းရင်းသား၊ မည်သည့် ဘာသာပင် ဖြစ်နေပါစေ လူသားအားလုံးသည် လူသားမိသားစု၀င်များဖြစ်သည်။ မည်သည့် ကမ္ဘာ့ထောင့်နေရာမှာပင် ရှိစေကာမူ လူသားညီအစ်ကို မောင်နှမအချင်းချင်း တစ်ဦးကိုတစ်ဦး စောင့်ရှောက်ကြရမည် ဖြစ်သည်။ ထို့ကြောင့် လူမျိုးရေးမုန်းတီးမှု နှင့် ဘာသာရေးအစွန်းရောက်မှု တို့ကို တိုက်ဖျက်ကြရမည်။ အဆုံးစွန် ဆင်းရဲမွဲတေမှုကိုလည်း အတူတကွ ကျော်လွှားနိုင်ကြရမည်။ တစ်စိတ်တစ်၀မ်းတည်း ရှိခြင်းသည် စာနာထောက်ထားသည့် ခံစားချက် ရှိနေရုံမျိုး မဟုတ်ပေ။ အများကောင်းကျိုး ဖြစ်ထွန်းလာရန် ကိုယ်ထိလက်ရောက် ထောက်ပံ့ ကူညီပေးခြင်း၊ စောင့်ရှောက်ပေးခြင်းမျိုးကို ဆိုလိုသည်။ ခေါင်းပုံဖြတ် အမြတ်ထုတ်ရန်မဟုတ်၊ လူသားများအကြား တရားမျှတမှုကို ဖော်ဆောင်ပေးရန်ဖြစ်သည်။ တစ်စိတ်တစ်၀မ်းတည်းရှိသည် ဟုဆိုရာ၌ အကြမ်းဖက်မှုနှင့် ပဋိပက္ခများကို အဆုံးသတ်စေ၍ လူသားအားလုံးကို စည်းလုံးစေမည့် ငြိမ်းချမ်းရေးမျိုးကို ဖော်ဆောင် မြှင့်တင်ပေးမှုလည်း ပါ၀င်သည်။

၇။ ဘုရားသခင်၏ ဖန်ဆင်းခံ အရာသတ္တဝါများကို ထိန်းသိမ်း စောင့်ရှောက်ရေး

ဖန်ဆင်းခံ အရာသတ္တဝါများကို စောင့်ရှောက်ခြင်းဖြင့် ဖန်ဆင်းရှင်ကို လေးစားကြောင်း ပြသရပေသည်။ ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့်ရှောက်ရခြင်းသည် ယုံကြည်မှုမှ ပေးသော ကိုယ်ကျင့် တာ၀န်တစ်ရပ်ဖြစ်သည်။ ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် လူသားအားလုံးအတွက် လုံခြုံသော၊ တဟဇာတကျသော သဘာ၀ ပတ်၀န်းကျင်ကို ဖန်းတီးပေးစွမ်းနိုင်ကြရမည်။ သဘာ၀ ပတ်၀န်းကျင်ကို အံတု ဖျက်ဆီးခြင်းထက် သဘာ၀ ပတ်၀န်းကျင်နှင့် လိုက်လျောညီထွေ နေတတ်ရန် ကြိုးစားနိုင်ကြရမည်။ သဘာ၀ သံယံဇာတများကိုလည်း အနာဂါတ်လူသားမျိုးဆက်အတွက် တာ၀န်သိသူပီပီ ချွေတာ သုံးစွဲနိုင်ကြရမည်။ အနာဂါတ်မျိုးဆက်သစ်အတွက် သဘာ၀ ပတ်၀န်းကျင်နှင့် သဘာ၀ သံယံဇာတများကို တာ၀န်သိစွာ ထိန်းသိမ်း သုံးစွဲတတ်ခြင်းသည် ဘိုးဘွားများအပေါ် တင်ကျန်ရှိသော ယနေ့အကြွေးများကို ဆပ်ပေးနေခြင်းပင်ဖြစ်သည်။

ဖော်ပြပါ ခေါင်းစည်းအကြောင်းအရာများသည် ကက်သလစ်သာသနာတော်၏ လူမှုဆိုင်ရာ သွန်သင်ချက်တွင် ပါရှိသော အဓိကခေါင်းစည်းများဖြစ်သည်။ ထိုခေါင်းစည်း အသီးသီးအောက်၌ လူမှုဆိုင်ရာ ကိုယ်ကျင့် စံနှုန်းများပါရှိသည် ( ကက်သလစ်သာသနာတော်၏ လူမှုဆိုင်ရာ သွန်သင်ချက် ပေါင်းချုပ် - Compendium of the Social Doctrine of the Chruch- စာအုပ်တွင် အကျယ်တ၀င့် လေ့လာနိုင်သည်)။ ထိုကိုယ်ကျင့် စံနှုန်းဘောင်အတွင်း၌ နိုင်ငံရေးတွင် အားကျိုးမာန်တက် ပါ၀င် လုပ်ဆောင်ခြင်းဖြင့် နိုင်ငံသားကောင်း ကက်သလစ်ဘာသာ၀င်များ ဖြစ်လာနိုင်ကြရန် သာသနာတော်မှ မျှော်လင့် ထားပေသည်။

Fr. သက်ထွေးအောင်

ညွှန်း- Compendium of the Social Doctrine of the Chruch

USCCB , "Forming Consciences for Faithful Citizenship"

Add new comment

7 + 2 =