ရှေးဦးအသင်းတော် ကြုံတွေ့ခဲ့ရသော အယူလွဲများနှင့် အသင်းတော်အတွင်း အကွဲအပြဲများ(Heresies and Division)

ရှေးဦးအသင်းတော် ကြုံတွေ့ခဲ့ရသော အယူလွဲများနှင့် အသင်းတော်အတွင်း အကွဲအပြဲများ

Major Heresies and Schisms in Early Church

ကက်သလစ် အသင်းတော် သမိုင်း 
ဝါဒလွဲ၊ အကွဲအပြဲများ (အေဒီ ၂ ရာစု - ၅ ရာစု)

(၁) တပည့်တော်ကြီးများ ခေတ်၊ အသင်းတော် ကနဦး ကာလတွင် Docetism ဟူသည့် သွန်သင်ချက် ရှိခဲ့သည်။ Docetism သည် တိကျစွာ ရှင်းလင်းဖွင့်ဆိုထားသော အယူလွဲတော့ မဟုတ်ချေ။ သို့သော် ၎င်းတို့၏ အယူအဆ အရ ခရစ်တော် သခင်၏ လူ့အဖြစ် ရယူခြင်းနှင့် ဒုက္ခစရိယာ ကျင့်ခံခြင်းသည် အစစ်အမှန် မဟုတ်၊ အပေါ်ယံ အသွင်ယူခြင်းသာ ဖြစ်သည်။ Docetism သွန်သင်ချက် အရ ခရစ်တော် သခင်၏ လူ့အဖြစ်ကို ယူခြင်းနှင့် ကယ်တင်ခြင်း လမ်းစဉ်ကို ရည်ရွယ်ချက် ရှိရှိ ငြင်းပယ်သည့် အယူလွဲ Heresy ဖြစ်သည်။ 

(၂) အေဒီ ၂ ရာစု၌ အမိအသင်းတော် အနေဖြင့် ကြီးကြီးမားမား ရင်ဆိုင်ရသည့် ပထမဆုံး အယူလွဲကြီးမှာ Gnosticism ဖြစ်သည်။ Gnosticism သည်လည်း တသမတ်တည်း သတ်မှတ် ပြဋ္ဌာန်းထားသော ဘာသာတစ်ခု မဟုတ်သလို ၎င်း၌ အုပ်စုကွဲများစွာ၊ ဦးဆောင် ဆရာများစွာ ရှိသည်။ အနှစ်သာရအားဖြင့် ၎င်းတို့၏ ယုံကြည်ချက် အရ လောကီ ရုပ်ဝတ္ထု ကမ္ဘာနှင့် ဝိညာဉ်ရေးရာ လောကုတ္တရာ ကမ္ဘာဟူ၍ သီးခြား ရှိကာ လောကီရုပ် ကမ္ဘာမှာ အဆိုးချည်းသာ ပြည့်နေပြီး ဝိညာဉ်ရေး ကမ္ဘာကသာလျှင် ကောင်းမွန်သည်။ ထို့ကြောင့် လောကီရေး ရုပ်ကမ္ဘာအား ပြည့်ဝဖြူစင်သော ဘုရားရှင်သည် ထိတွေ့ခြင်း၊ ဆင်းကြွလာခြင်း ဟူသည်မှာ လုံးဝ မဖြစ်နိုင်။ အကျိုးဆက်အားဖြင့် Gnosticism သည် သားတော်ဘုရား ယေဇူးသခင်၏ လူ့အဖြစ် ယူခြင်းနှင့် ကယ်တင်ခြင်း လမ်းစဉ်အား ငြင်းဆန်သည်။ 
၎င်း၌ – the Demiurge ဘုရားငယ် lower god တစ်ပါး ရှိပြီး ၎င်းက လောကီကမ္ဘာအား ဖန်ဆင်းသည်။ Gnosticism နောက်လိုက်များက ၎င်းတို့ကိုယ်ကို တမူထူးခြားသော၊ အဆင့်မြင့် ဉာဏ်အသိရှိသော ရွေးချယ်ခံ ပုဂ္ဂိုလ်များ အဖြစ် မှတ်ယူကြသလို ဘုရားရှင်ကြောင့် ၎င်းတို့သည် မကောင်းမှု ပြည့်နှက်နေသော လောကီမှ ကယ်တင်ခံရမည့် သူများ အဖြစ် နားလည်ကြသည်။ Gnosticism အယူလွဲ၏ အဓိက အတိုက်အခံများမှာ အေဒီ ၂ ရာစုနှင့် ၃ ရာစု ရဟန္တာများ ဖြစ်ကြသော စိန့် Irenaeus၊ Tertullian နှင့် စိန့် Hippolytus တို့ ဖြစ်ကြသည်။ 

(၃) Manichaeism မနိ အယူလွဲဝါဒအား (အေဒီ ၂၁၆ ခုနှစ်ဖွား - ၂၇၆ ခုနှစ်ကွယ်လွန်သူ) ပါရှားမှ မနိ Manes က ဖန်တီးခဲ့သည်။ မနိဝါဒမှာ အဆင့်မြင့် Gnosticism ပုံစံမျိုးလည်း ဖြစ်သည်။ စိန့် သြဂတ်စ်စတင်းသည် ခရစ်ယာန် အဖြစ် ပြောင်းလဲခြင်း မရှိသေးမီ ဤမနိဝါဒလွဲအား ၉ နှစ်တိုင်တိုင် လက်ခံယုံကြည်ခဲ့သည်။ မနိ အယူသည် ဓမ္မဟောင်းကျမ်းအား ငြင်းပယ်ကာ မကောင်းမှုဟူသည်မှာလည်း အားကောင်းသော တန်ခိုးရှင် တစ်ဦးက ဆောင်ရွက်ခြင်း ဖြစ်သည်ဟူ၍ နားလည်သည်။ မနိဝါဒီများသည် ဝိညာဉ်ရေးရာ၌ အထက်အောက် အဆင့် သတ်မှတ်ချက် ရှိပြီး အဆင့်မြင့်လာလေ အလုံးစုံသော အမှန်တရားအား သိရှိလာလေဟု ယုံကြည်ကြသည်။ ထိုအဆင့်မြင့် အမှန်တရားအားဖြင့် မနိဝါဒီများသည် မကောင်းမှု နတ်ဆိုးအား တွန်းလှန်နိုင်သည်ဟု ယုံကြည်ကြသည်။ ထိုဝါဒသည် အီဂျစ်၊ ရောမနှင့် အာဖရိက မြောက်ပိုင်း ဒေသများသို့ အလျှင်အမြန် ပြန့်နှံ့ခဲ့သည်။ မနိဝါဒအား အဓိက တွန်းလှန်ရင်ဆိုင်ခဲ့သော ရဟန္တာများမှာ ဆီးရီးယားမှ စိန့် Ephraem အယ်ဖရန်နှင့် စိန့် သြဂတ်စတင်းတို့ ဖြစ်ကြသည်။ 
မနိအယူဝါဒသည် နှောင်းပိုင်းခေတ်များတွင်လည်း ၁၂ ရာစုနှင့် ၁၃ ရာစု Cathari နှင့် Albigensian heresies အယူလွဲများတွင် ပြန်လည် ထင်ဟပ်ပေါ်ပေါက်လာခဲ့သည်။ ထို Cathari နှင့် Albigensian heresies အယူလွဲများကိုလည်း ၁၂၁၅ ခုနှစ်တွင် ကျင်းပသည့် အသင်းတော် ကောင်စီ အစည်းအဝေးများနှင့် အခြား ကောင်စီများလည်း ရှုံချဆန့်ကျင်ခဲ့ပြီး ဖြစ်သည်။ 

(၄) ရောမအုပ်စိုးရာ အာဖရိကတိုက် မြောက်ပိုင်းဒေသများ၌ အသင်းတော်သည် ပုံစံမတူကွဲပြားစွာ စတင်ခဲ့သည်။ အာဖရိကဒေသတွင် အေဒီ ၁၈၀ ၌ ခရစ်ယာန် အသင်းတော် တည်ရှိမှုကို သမိုင်းသက်သေများ အရ သိရသည်။ Turtullian အဆိုအရ ရောမလက်အောက်ခံ အာဖရိက၌ ခရစ်ယာန် အသင်းတော်သည် အားကောင်းစွာ စနစ်တကျ ဖွဲ့စည်းတည်ရှိကြောင်း ဖော်ပြခဲ့သည်။ ရောမ ခရစ်ယာန်များသည် ဂရိဘာသာစကားအား အသုံးပြုဆဲ ဖြစ်ပါသော်လည်း ရောမလက်အောက် အာဖရိကရှိ ခရစ်ယာန်များမှာမူ လက်တင်ဘာသာစကားဖြင့် ကျမ်းစာဖတ်ခြင်း၊ မစ္ဆားတရားပူဇော်ခြင်းများ ပြုလုပ်လာကြသည်။ အေဒီ ၂၁၀ မှ အေဒီ ၂၅၈ ကြား ရှင်သန်နေထိုင်ခဲ့သော ကာသေ့ ဒေသ၏ ဆရာတော် ဘိရှော့ စိန့် ဆိုင်းပရီးယမ်း လက်ထက်တွင် ကာသေ့ သာသနာနယ်ကြီး၌ ဆရာတော် ဘိရှော့ တစ်ရာကျော်အား အမှုထမ်းနေကြောင်း ဖော်ပြခဲ့သည်။ ထိုကိန်းဂဏန်း အရ ရောမလက်အောက် အာဖရိကတွင် ခရစ်ယာန် သာသနာသည် လျှင်မြန်၊ အားကောင်းခဲ့ကြောင်း ပြသသည်။ သို့သော် အေဒီ ၂၄၉ မှ ၂၅၁ အကြား အုပ်စိုးခဲ့သော ရောမ အင်ပါယာပြည့်ရှင် Decius လက်ထက်တွင် ခရစ်ယာန်များအား ဖိနှိပ်ညှင်းပန်းမှုများကြောင့် ရောမ အာဖရိက အသင်းတော်သည် အားနည်းခဲ့ပြီး ဖိနှိပ်စဉ် အချိန်အတွင်း အသင်းတော်မှ စွန့်ခွာသွားသည့် ခရစ်ယာန်များအား ပြန်လည် လက်ခံရေး မခံရေး ပုံစံနှင့် ပတ်သက်၍ အချေအတင် ဖြစ်ခဲ့ကြသည်။ 
အချေအတင် ဖြစ်မှု အရ ဖိနှိပ်စဉ် အသင်းတော်မှ ထွက်သွားသူများသည် အသင်းတော် အတွင်း ပြန်လည် ဝင်ရောက်လိုပါက ဆေးကြောခြင်း ထပ်မံ ခံယူရန် လိုသည်၊ ထိုသို့ မခံယူပါက ခရစ်ယာန်မဟုတ်၊ အသင်းတော်မှ လက်မခံဟု ဆိုကြသည်။ ရောမ အသင်းတော်၏ ရပ်တည်ချက် အရ အကြင်သူသည် ဆေးကြောခြင်း တစ်ကြိမ် ခံယူထားလျှင် နောက်တစ်ကြိမ် ဆေးကြောခြင်း ခံယူရန် မလိုအပ်ပေ။ ထိုသို့ အချေအတင် ဖြစ်လာရာမှ လာမည့် ရာစုနှစ်၌ အသင်းတော်၌ အယူလွဲ ဝါဒ Donatism ဖြစ်လာပြီး အသင်းတော် အတွင်း အကွဲအပြဲများ ဖြစ်လာရသည်။ 

(၅) ရောမ အင်ပါယာပြည့်ရှင် Diocletian ဒိုင်အိုကလီးရှန်း အုပ်ချုပ်စဉ် ခရစ်ယာန်များအား ညှင်းပန်နှိပ်စက်ခဲ့ပြီး အသင်းတော် အတွင်း Donatism ဒိုနာတစ်ဇင် အယူဝါဒ ခေတ်စားခဲ့သည်။ အေဒီ ၃၁၁ ခုနှစ်၌ ကာသေ့ ဒေသတွင် ဆရာတော် ဘိရှော့ Donatus ဒိုနားတုစ် ရှိခဲ့ပြီး သူ၏ နောက်လိုက် ခရစ်ယာန်များက Caecilian အား ၎င်းတို့၏ ဆရာတော် ဘိရှော့ အဖြစ် တင်မြှောက်မှုကို ဆန့်ကျင်မှုမှ အသင်းတော် အတွင်း ပြဿနာ စတင်ဖြစ်ပေါ်ခဲ့သည်။ ရောမဧကရာဇ် Diocletian ၏ ခရစ်ယာန်များအား ဖိနှိပ်ချိန်တွင် Aptunga ဆရာတော်ကြီး Felix က ခရစ်ယာန် အသင်းတော်အား သစ္စာဖောက်ခဲ့သည်ဟု စွပ်စွဲချက်ကာ ဆရာတော်ကြီး Felix ဘိသိတ်ပေးသော Caecilian အား ငြင်းဆန်သည့် လူများ ရှိလာခဲ့သည်။ 
ဆရာတော် Donatus သည် ကာသေ့မြို့၏ အတိုက်အခံ ဆရာတော် ဘိရှော့တစ်ပါး ဖြစ်သည်။ သူ၏ အဆိုအရ အမိအသင်းတော်သည် ဘုရား၏ ရွေးချယ်ခံရသူများ၊ သန့်ရှင်းသူများ၊ အသင်းတော် အတွက် အသက်ပေးသည့် အာဇာနည်များဖြင့် တည်ဆောက်ထားသော ဖြူစင်မှု အပြည့်ဖြင့် အသင်းတော် ဖြစ်ပြီး ဆိုးရွားသည့် နတ်မိတ္ဆ လူ့အဖွဲ့အစည်းမှ ခိုကိုးရာ နော်ဧ အသင်းတော်၊ ကမ္ဘာလောကီအား ဆန့်ကျင်သော အသင်းတော် ဖြစ်သည်ဟု ယုံကြည်သည်။ ခရစ်ယာန်များအား ဖိနှိပ်ညှင်းပန်းသောကြောင့် နတ်ကိုးကွယ်သည့် သူအဖြစ် ပြောင်းလဲခဲ့သူများအား ခရစ်ယာန် အဖြစ်ပြောင်းလဲရန် Donatus နောက်လိုက်များက ထပ်မံ ဆေးကြောခြင်းထပ်ပေးသည်များ ပြုခဲ့သည်။ 
စက္ကရမင်တူး၏ တရားဝင်မှုသည် ထိုစက္ကရမင်တူး ပေးသည့် ရဟန်း၊ ဆရာတော်၏ ဖြူစင်ခြင်းနှင့် သက်ဆိုင်သည် ဟူသော အယူဝါဒလွဲကိုလည်း Donatus နောက်လိုက်များက လက်ခံယုံကြည်ကြသည်။ စိန့် သြဂတ်စတင်းသည် ခေတ်ပြိုင် သီသြလော်ဂျီသမားများနှင့် ပူးပေါင်းကာ ဤ အယူလွဲအား ဆန့်ကျင်ခဲ့သည်။ 
အမိကက်သလစ် အသင်းတော် အနေဖြင့် အသင်းတော် ဟူသည်မှာ ရဟန္တာ သူတော်စင်များနှင့် အပြစ်သားများ ရောစပ်ထားသည့် အသင်းတော် ဖြစ်ကြောင်း၊ လောကီ ကမ္ဘာမှ လုံးဝ ကင်းရှင်း၍ မရနိုင်ကြောင်း၊ အကောင်းနှင့် အဆိုး ပြတ်သားသော ကင်းရှင်းမှုမှာ နောက်ဆုံး စီရင်ခြင်း၌ လာမည် ဖြစ်ကြောင်း၊ ဆေးကြောခြင်းအား တစ်ကြိမ်သာ ခံယူနိုင်ကြောင်း၊ အသင်းတော်အား ပြန်လည် ဝင်ရောက်လာရန် အလို့ငှာ အာပါတ်ဖြေခြင်းနှင့် နောင်တယူခြင်းမှ တဆင့်သာ လိုအပ်ကြောင်း ယုံကြည်လက်ခံထားသည်။ ကက်သလစ် အသင်းတော် ဟူသည်မှာ လောက ကမ္ဘာ၌ ဘုရားရှင်၏ တည်ရှိမှုအား ပြသသည့် လူမှုရေး လက္ခဏာ ဖြစ်ကြောင်း၊ စက္ကရမင်တူးပေးသည့် ရဟန်း၊ ဆရာတော်များ မဖြူစင်လျှင်ပင် စက္ကရမင်တူးသည် ဖြူစင်ခြင်း ရှိကြောင်း ယုံကြည်ကြသည်။ 
ခရစ်ယာန် ဘာသာအား ရောမ၏ နိုင်ငံတော် ဘာသာအဖြစ် ပြောင်းလဲခဲ့သူ ရောမအင်ပါယာ ပြည့်ရှင် ကွန်စတန်တိုင်း နောက်ပိုင်းတွင် တက်လာသော ရောမဧကရာဇ် Honorius ဟိုနိုးရီးယပ်စ်သည် အားကောင်းသော ကက်သလစ် ခရစ်ယာန် ယုံကြည်သူ တစ်ဦးဖြစ်ပြီး သူသည် အမိအသင်းတော်နှင့် အတူ ရပ်တည်ကာ စည်းလုံးညီညွှတ်ရေး ဆိုင်ရာ အမိန့်ပြန်တမ်း Edict of Unity ကို အေဒီ ၄၀၅ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ခဲ့ပြီး Donatist အသင်းတော်မျးာအား တရားဝင် ဖိနှိပ်နိုင်ခဲ့သည်။ 

ကိုးကား A Guide to Church History

 

အတွဲ ၁၊ အပိုင်း ၁၀-က

အယူလွဲများနှင့် အကွဲအပြဲများသည် ခရစ်ယာန် ယုံကြည်သူများ အတွင်း စိတ်ဝမ်းကွဲမှုကို ဖြစ်စေသည်။ ရှေးဦးခေတ် ကာလ၌ ဘာသာရေး အယူလွဲများနှင့် အသင်းတော်အတွင်း အကွဲအပြဲများသည် ရောမနိုင်ငံတော် အတွင်း နိုင်ငံတော် မငြိမ်မသက်မှု ဖြစ်စေသည်အထိ သက်ရောက်မှု ကြီးမားသည်။ ထို့ကြောင့် ရောမ နိုင်ငံတော်၏ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ခရစ်ယာန် ဆရာတော်များသည် ဘာသာရေး အယူလွဲများနှင့် အသင်းတော် အတွင်း အကွဲအပြဲများအား ဝင်ရောက် ကိုင်တွယ်ဖြေရှင်းရလေ့ရှိသည်။

အာရီးယပ်စ် အယူလွဲ (Heresy of Arianism)

ဤအယူဝါဒအား မကြာခဏ အသင်းတော်မှ ထုတ်ပယ်ခြင်း Excommunicated ခံရသော အလက်ဇန်းဒြီးယားမှ အာရီးယပ်စ် Arius က စတင် သွန်သင်ခဲ့သည်။ အာရီးယမ်း ဝါဒသည် ရောမ အာဏာပိုင်များ စည်းလုံးညီညွှတ်စေရန် ကြိုးပမ်းခဲ့သည့် ခရစ်ယာန် သာသနာအပေါ် များစွာ အနှောင့်အယှက် ဖြစ်စေခဲ့သည်။ အာရီးယပ်စ် အယူလွဲသည် ယေဇူးသခင်သည် သဘာဝ အားဖြင့် ဘုရား မဟုတ်၊ ယေဇူးသခင်သည် ဘုရား သားတော်ဖြစ်ပေမယ့် သူသည် ဖန်ဆင်းခံ ဖြစ်သဖြင့် ယေဇူးသည် ထာဝရ မတည်သော သူဖြစ်သည်ဟု သွန်သင်သည်။ ယေဇူးသည် ဘုရားမဟုတ်သော်လည်း အလွန် ထူးခြားသော ဖန်ဆင်းခံ တစ်ဦး ဖြစ်သည်ဟု အာရီးယမ်းက သွန်သင်သည် ဖြစ်ရာ သူ၏ ဝါဒသည် (ယေဇူးသည် လူ့လောက၌ စစ်မှန်သော ခန္ဓာနှင့် နေထိုင်သည် မဟုတ်ဟု သွန်သင်သော ဒိုစီတစ်ဇင်း Docetism အယူလွဲ ကဲသို့ပင်) ယေဇူးသခင် ဘုရားရှင်၏ လူ့အဖြစ်ယူခြင်း Incarnation နှင့် ကယ်တင်ခြင်း Redemption တို့ကို ငြင်းပယ်သည်။

အာရီးယပ်စ်၏ လွဲမှားသော သွန်သင်ချက်များကို အာရီးယပ်စ် နေထိုင်ရာ အလက်ဇန်းဒြီးယား သာသနာနယ်၏ ဆရာတော် ဘိရှော့ စိန့် အလက်ဇန်းဒါးက အေဒီ ၃၂၀ ခုနှစ်တွင် ကျင်းပသည့် အလက်ဇန်းဒြီးယား သာသနာ့ အစည်းအဝေးတွင် ရှုံ့ချခဲ့သည်။ အာရီးယပ်စ်သည် သူ၏ အယူလွဲမှားကြောင်း ဝန်ခံရန် ငြင်းဆန်သဖြင့် Excommunication အသင်းတော်မှ ကြဉ်ပယ်ခြင်း ခံရသည်။ အာရီးယပ်စ်သည် တရားဟောပြောကောင်းသော သူ ဖြစ်ရာ သူ၏ အယူလွဲအား ဆက်လက် သွန်သင်ပြန့်ပွားစေပြီး လူဝတ်ကြောင်နှင့် ရဟန်းများကို အမျက်ဒေါသ ဖြစ်စေခဲ့သည်။ များမကြာမီ အာရီးယပ်စ်၏ သွန်သင်မှုနှင့် ဆက်စပ်၍ ရောမအင်ပါယာ အတွင်း လူထု ဆူပူမှုများ၊ အငြင်းပွားခိုက်ရန် ဖြစ်မှုများ ဖြစ်လာခဲ့ကာ ရောမအင်ပါယာ အတွင်း စည်းလုံးညီညွှတ်ရန် ကြိုးစားခဲ့သည့် ရောမ အာဏာပိုင်များအနေဖြင့် ရတက်မအေး ပူပန်ခဲ့ရသည်။ အဆုံးတွင် ရောမ အင်ပါယာပြည့်ရှင် မဟာ ကွန်စတန်တိုင်းသည် အာရီးယပ်စ် အယူလွဲ ပြဿနာအား ဖြေရှင်းကိုင်တွယ်ရန် အေဒီ ၃၂၅ ခုနှစ်တွင် နိုင်ဆီးယား ဒေသ၌ သာသနာ ကောင်စီ အစည်းအဝေးကို ခရစ်ယာန် ဆရာတော် ဘိရှော့များ အားလုံးကို ဖိတ်ခေါ်၍ စည်းဝေးကျင်းပခဲ့သည်။

နိုင်ဆီးယမ်း သာသနာ့ အစည်းအဝေးတွင် အက်သနေးဆီးယပ်စ်က (ယေဇူးသခင်သည် ဘုရားစစ်၊ လူစင်စစ် ဖြစ်သည်၊ အဖ ဘုရားနှင့် တကွ ပူးတွဲ ထာဝရ တည်တံ့သည်၊ တန်းတူသည် ဟူသော Truly God, Truly Human, Co-Eternal, Co-Equal) ကက်သလစ် အသင်းတော်၏ သွန်သင်ချက်များအား အခြေပြုကာ အာရီးယပ်စ်နှင့် သူ့အား ထောက်ခံသော ဆရာတော် ဘိရှော့များကို ခုခံရင်ဆိုင်ခဲ့သည်။ နိုင်ဆီးယမ်း သာသနာ့ အစည်းအဝေး အပြီးတွင် ခရစ်ယာန် ယုံကြည်ခြင်း အနှစ်ချုပ် Creed အား သတ်မှတ်နိုင်ခဲ့သည်။ သာသနာ့ အစည်းအဝေးအပြီး၌ အာရီးယပ်စ်နှင့် နောက်လိုက် ဆရာတော် ဘိရှော့များအား အသင်းတော်မှ ကြဉ်ပယ်ခဲ့ကာ ရောမအာဏာပိုင်များကလည်း ၎င်းတို့ကို နယ်နှင်ဒဏ်ပေးခဲ့သည်။ အာရီးယပ်စ်သည် အေဒီ ၂၅၀ ခုနှစ်တွင် ဖွားမြင်ပြီး အေဒီ ၃၃၆ ခုနှစ်၊ ၈၆ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ဤသို့ဖြင့် အသင်းတော်သမိုင်းတွင် ပထမဦးဆုံး အနေဖြင့် အရပ်သား အုပ်ချုပ်သူ ရောမဧကရာဇ် ကွန်စတန်တိုင်းသည် အသင်းတော် အစည်းအဝေးအား စတင် ဖိတ်ခေါ်ခဲ့ရုံမျှမက ဘာသာရေး အရ အယူလွဲနေသူများကိုလည်း အရပ်သား အာဏာဖြင့် ဒဏ်ပေးမှုလည်း ရှိခဲ့သည်။ သို့သော် ထူးဆန်းစွာပင် ကွန်စတန်တိုင်း ကွယ်လွန်ခါနီးတွင် သူ့အား အာရီးယပ်စ် ဝါဒကို ယုံကြည်သည့် ဆရာတော် ဘိရှော့က ဆေးကြောခြင်း ပေးခဲ့ကာ သူကွယ်လွန်အပြီးတွင် အာရီးယပ်စ် အယူဝါဒသည် ရောမအင်ပါယာ အတွင်း ဆက်လက် ပျံ့နှံ့တည်မြဲနေခဲ့သည်။

ကွန်စတန်တိုင်း ကွယ်လွန်သည့် အခါတွင် အေဒီ ၃၃၇ ခုနှစ်မှ အေဒီ ၃၆၁ ခုနှစ် အကြား စိုးစံခဲ့သူ ကွန်စတန်တိုင်း၏ သား၊ ဧကရာဇ် ကွန်စတန်းတီးယပ်စ်သည် အာရီးယပ်စ် ဝါဒကို လက်ခံ ယုံကြည်ကာ အာရီးယပ်စ် ဝါဒအား ရောမ အင်ပါယာ၏ နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ်ရန် အေဒီ ၃၅၅ ခုနှစ်မှ အေဒီ ၃၆၀ ခုနှစ် အကြား ကြိုးပမ်းခဲ့ကာ ကက်သလစ်များအား အေဒီ ၃၅၀ ခုနှစ်တွင် ကာလတို ဖိနှိပ်ညှင်းပန်းမှုများ ပြုခဲ့သည်။ ဧကရာဇ် ကွန်စတန်းတီးယပ်စ်သည် ကက်သလစ် အသင်းတော်ကို နှိပ်ကွပ်ရာ၌ ပုပ်ရဟန်းမင်းကြီး လိုင်ဘေးရီးယပ်စ် (Pope Liberius)၊ အလက်ဇန်းဒြီးယား ဆရာတော် ဘိရှော့  စိန့် အက်သနေးဆီးယပ်စ်၊ Poitiers သာသနာ၏ ဆရာတော် ဘိရှော့ စိန့် ဟီလာရီတို့အား အတင်းအကြပ် နယ်နှင်ဒဏ်ပေးခဲ့သည်။ နောက်ပိုင်း ကွန်စတန်တီးယပ်စ်နှင့် နောက်ပိုင်း ရောမဧကရာဇ်တို့ လက်ထက်တွင် ရောမအင်ပါယာ အာဏာပိ်ုင်များသည် ကက်သလစ် အသင်းတော်၏ အရေးကိစ္စ၊ ခရစ်ယာန် ဘာသာရေး ကိစ္စများတွင် ပါဝင်စွက်ဖက်မှုအား မကြာခဏ ပြုခဲ့သည်။ သို့သော်လည်း အချို့သော အသင်းတော် ခေါင်းဆောင်များက ရောမအာဏာပိုင်များ၏ စွက်ဖက်မှုကို ခုခံခဲ့သည်။

ဥပမာ၊ မီလန် သာသနာနယ်၏ ဆရာတော် စိန့် အန်းဘရို့စ် Bishop St. Ambrose သည် ရောမ ဧကရာဇ် Gratian ဂရားရှီးယမ်း (စိုးစံနှစ် အေဒီ ၃၇၅ - ၃၈၃)၊ ဧကရာဇ် ဗာလန်တီးနီးယမ်း-၂ Valentinian II (စိုးစံနှစ် အေဒီ ၃၈၃ - ၃၉၂) နှင့် မဟာ သီအိုဒိုးဆီးယပ်စ် Theodosius the Great (စိုးစံနှစ် အေဒီ ၃၇၉ - ၃၉၅) တို့၏ စွက်ဖက်မှုကို ရင်ဆိုင်ခဲ့သည်။ စိန့် အန်းဘရို့စ်သည် ရောမ အင်ပါယာပြည့်ရှင်၏ စွက်ဖက်မှုများအား ဆန့်ကျင်ခဲ့ကာ ရောမဧကရာဇ်သည် အသင်းတော် အတွင်းရှိ ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်သည်၊ အသင်းတော် အထက်တွင် မရှိဟု သွန်သင်သည်။ ဖော်ပြပါ ရောမဧကရာဇ်များသည် စိန့် အန်းဘရို့စ်၏ ဖီဆန်မှုကို မနှစ်မြို့သော်လည်း စိန့်အန်းဘရို့စ်၏ နောက်လိုက်နောက်ပါများခြင်း၊ သူ၏ ဉာဏ်ပညာကြွယ်မှုနှင့် ဖြူစင်ခြင်းတို့ကြောင့် အရေးမယူရဲခဲ့ကြပေ။

အပိုလီနားရစ် အယူလွဲ  Heresy of Apollinarism

အပိုလီနားရစ် ဝါဒအား Laodicea ၏ ဆရာတော် ဘိရှော့ဖြစ်သူ အပိုလီနားရစ် Apollinaris က သွန်သင်သည်။ အပိုလီနားရစ်၏ သွန်သင်ချက်အရ ယေဇူးသည် လူ့အဖြစ် မယူ၊ ဝိညာဉ်အဖြစ်သာ တည်သည်၊ သူသည် လူ့အဖြစ် မယူပဲ လူအသွင်ယူထားသော ဝိညာဉ်အဖြစ်သာ ရှင်သန်နေထိုင်သည် ဟူ၍ ဖြစ်သည်။ သူ၏ အယူဝါဒအရ ယေဇူးသခင် ဘုရားရှင်၏ လူ့အဖြစ်ယူခြင်း Incarnation နှင့် ကယ်တင်ခြင်း Redemption တို့ကို ငြင်းပယ်သည်။

အေဒီ ၃၆၂ ခုနှစ်တွင် ကျင်းပသော အသင်းတော် ကောင်စီ အစည်းအဝေး the Council of Alexandria၊ အေဒီ ၃၇၄ မှ အေဒီ ၃၈၀ ကြား ကျင်းပသော ရောမ အခြေစိုက် သာသနာ့ အစည်းအဝေး Synods of Rome နှင့် အေဒီ ၃၈၁ ခုနှစ်တွင် ပထမဆုံး ကျင်းပသော ကွန်စတန်တီနိုပယ် သာသနာ့ အစည်းအဝေးကြီး the Council of Constantinople I များတွင် အပိုလီနားရစ် အယူလွဲအား ရှုံ့ချခဲ့သည်။ သူသည် အေဒီ ၃၇၅ ခုနှစ်တွင် အသင်းတော်မှ တရားဝင် ခွဲထွက်သွားကာ နောင်ရာစုအချို့အတွင်း သူ၏ အယူလွဲများသည်လည်း မှေးမှိန် ပျောက်ကွယ်သွားခဲ့သည်။

 

ပလယ်ဂျီးယပ်စ် အယူလွဲ Heresy of Pelagianism

၅ ရာစု အစောပိုင်းတွင် ဤအယူလွဲအား သီသြလော်ဂျီ ပညာရှင်နှင့် ရသေ့ တစ်ပါး ဖြစ်သူ ပလယ်ဂျီးယပ်စ် Pelagius က သွန်သင်ခဲ့သည်။ စိန့် သြဂတ်စ်စတင်း နှင့် စိန့် ဂျေရုမ်းတို့သည် ဤအယူလွဲအား အဓိက ရင်ဆိုင်ခုခံခဲ့သည်။ ပလယ်ဂျီးယပ်စ်၏ သွန်သင်ချက် အရ သူတစ်ဦးသည် အာဒံ၏ အပြစ်ရင်းကြောင့် ဝိညာဉ်ရေး၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကြီးများ ရှိသော်လည်း သူတစ်ဦးသည် ဘုရားရှင်၏ ကျေးဇူးတော် မလိုအပ်ပဲ ကယ်တင်ခြင်း ရနိုင်သည်ဟု ဆိုသည်။ သူ့သွန်သင်ချက် အရ သူတစ်ဦးသည် ပညတ်တော် ဆယ်ပါးနှင့် ယေဇူးသခင်၏ သွန်သင်ချက်များ စသည့် ကျေးဇူးတော်များ မလိုအပ်ပဲ ကယ်တင်ခြင်း ရနိုင်သည့် လွတ်လပ်ခွင့် ရှိသည်ဟု လွဲမှားစွာ သွန်သင်သည်။ ထိုသို့ ပလယ်ဂျီးယပ်စ်၏ အယူလွဲအား စိ်န့်သြဂတ်စတင်းက အပြစ်ရင်း ဆိုင်ရာ သွန်သင်ချက်ဖြင့် တုံ့ပြန်ရင်ဆိုင်ခဲ့ရသည်။

စိန့် သြဂတ်စတင်းနှင့် စိန့် အန်းဘရို့စ်တို့ကမူ လူသား၏ နီတိဆိုင်ရာ အားနည်းချက်များ၊ လူ့သဘာဝ အရ မကောင်းမှု အပေါ် အမြစ်တွယ် ငွေ့လျော်မှု အပေါ် အံ့အားသင့်လေ့ရှိသည်။ စိန့် သြဂတ်စတင်း၏ နားလည်ချက် အရ လူသားသည် အာဒံ၏ အပြစ်အား လက်ခံယူလာကာ ရလဒ်အားဖြင့် ဘုရားရှင်၏ မူရင်း ကျေးဇူးတော်များ ဆုံးရှုံရသည်ဟု နားလည်ထားသည်။ ၎င်းသည် စိန့် သြဂတ်စ်စတင်း၏ the Teaching on Original Sin အပြစ်ရင်း ဆိုင်ရာ သွန်သင်ချက် ဖြစ်သည်။

စိန့်သြဂတ်စတင်း၏ သွန်သင်ချက်အရ လူသား၏ ဖခင် ဖြစ်သော အာဒံ ပြုသော အပြစ်ကြောင့် လူသားအပေါင်းသည် မသေဆုံးဘဲ အစဉ် ထာဝရ အသက်ရှင်ခြင်း၊ ရုပ်ပိုင်း အိုမင်းခြင်းမှ ကင်းလွှတ်ခြင်းနှင့် စံတန်ဖိုးများနှင့် နေထိုင်လိုစိတ်များ စသည့် ကျေးဇူးတော်များ ဆုံးရှုံးခဲ့သည်။ အပြစ်ရင်းကြောင့် လူသားသည် သေခြင်း၊ နာမကျန်းဖြစ်ခြင်းတို့ ခံစားလာရကာ စိတ်နှလုံး ညစ်ညူးခြင်းနှင့် အပြစ်ဒုစရိုက်အား ခုံမင်ခြင်းများ ဖြစ်လာသည်။ လူသားသည် ဘုရားသခင်၏ ကျေးဇူးတော် မရရှိဘဲ အပြစ်ကို ရှောင်ရှားရန် မတတ်နိုင်ပေ။

ဘုရားရှင်၏ ကျေးဇူးတော်ဟူသည်မှာ လူသားသည် ကောင်းမှုကို ရွေးချယ်ရန် ဘုရားရှင်က ပ့ံပိုးပေးခြင်း ဖြစ်သည်။ ဘုရား၏ ကျေးဇူးတော်ဟူသည်မှာ လူ့ လွတ်လပ်သော စိတ်မှ တဆင့် အကောင်အထည် ဖော်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရား ကျေးဇူးတော်သည် လူသား၏ လွတ်လပ်မှုကို မငြင်းပယ်၊ ဘုရား၏ ကျေးဇူးတော် ဟူသည်မှာ လူသားကိုယ်တိုင် လိုလိုလားလား ပူးပေါင်း လုပ်ဆောင်မှု လိုအပ်သည်။ ဘုရားကျေးဇူး ရရှိသော သူသာလျှင် ကယ်တင်ခြင်း ရနိုင်သည်၊ ဘုရားကျေးဇူး မရရှိလျှင် ဒဏ်ခပ်ခံရသကဲ့သို့ ဖြစ်သည်။ အချို့သူများသည် ဘုရားကျေးဇူး ရရှိကာ အချို့က ဘုရားကျေးဇူးတော် မရရှိသည့် အခြေအနေမှာ ဘုရားရှင်၏ စီရင်ခြင်း ဆိုင်ရာ အံ့သြဖွယ်ရာ နက်နဲသော အချက်ဖြစ်သည်၊ ဘုရားရှင် ကြိုတင်သတ်မှတ်ခြင်း ဆိုင်ရာ အံ့သြဖွယ်ရာ Mystery of Predestination ဟု နားလည်ကြသည်။

အေဒီ ၅၂၉ ခုနှစ်တွင် ကျင်းပခဲ့သော Council of Orange သာသနာ့ အစည်းအဝေးတွင် စိန့် သြဂတ်စတင်း၏ အထက်ဖော်ပြပါ သွန်သင်ချက်အား အတည်ပြု လက်ခံခဲ့သည်။ သို့သော် ထိုသာသနာ့ အစည်းအဝေး၌ စိန့်သြဂတ်စတင်း၏ Predestination အယူအဆကို ငြင်းပယ်ခဲ့သည်။ Council of Orange သာသနာ့ အစည်းအဝေး၌ အာဒံ၏ အပြစ်ရင်းကြောင့် သေခြင်းတရားနှင့် အပြစ်သည် လူသား မျိုးနွယ်ဆက် တစ်ခုလုံးသို့ ကူးပြောင်းပါဝင်လာသည်ဟု အတည်ပြု လက်ခံသည်။ လူသား၏ စိတ်နေစိတ်ထားသည် အာဒံ၏ အပြစ်ရင်းကြောင့် အပြစ်ဖြင့် ညစ်ညမ်းသည်၊ ဘုရားရှင်၏ ကျေးဇူးတော် အားဖြင့်သာ လူသားသည် ဘုရားကို ချစ်မြတ်နိုးနိုင်သည်၊ လူသားသည် အတွက် လိုအပ်သော ကယ်တင်ခြင်း Salvation သုခကို ခရစ်တော် သခင်၏ စောင်မခြင်းဖြင့် ခံယူသော ဆေးကြောခြင်းအားဖြင့်သာ ရရှိနိုင်သည်၊ ကောင်းမှု ကုသိုလ်ပြုမှုတိုင်းတွင် ကနဦး လှုံဆောင်မှုသည် ဘုရားရှင်ထံမှ လာသည်၊ စသည်ဖြင့် Orange အသင်းတော် ကောင်စီ အစည်းအဝေးက သတ်မှတ်သည်။

အယူလွဲ သွန်သင်သူ ပလယ်ဂျီးယပ်စ် Pelagius ၏ ဖွားမြင်နှစ်နှင့် ကွယ်လွန်နှစ်ကို အတိအကျ မသိရဘဲ သူသည် အေဒီ ၄ ရာစု နှောင်းပိုင်းတွင် အင်္ဂလိပ်ကျွန်း၌ ဖွားမြင်၍ အေဒီ ၅ ရာစုအလယ်တွင် ကွယ်လွန်သည်ဟုသာ အကြမ်းမျဉ်း ဖော်ပြထားသည်။

နက်စ်တိုးရီးယပ်စ် အယူလွဲ Heresy of Nestorianism

အေဒီ ၄၂၈ ခုနှစ်မှ အေဒီ ၄၅၁ ခုနှစ် အကြား ကွန်စတန်တိုင်း သာသနာနယ်၏ ဆရာတော်ချုပ် Patriarch of Constantinople တာဝန်ထမ်းဆောင်ခဲ့သူ Nestorius နက်စ်တိုးရီးယပ်စ်သည် အယူလွဲအား သွန်သင်ခဲ့သည်။ နက်စ်တိုးရီးယပ်စ်၏ သွန်သင်ချက်အရ ယေဇူးသခင်သည် ဖြစ်တည်မှု ၂ ရပ်ဖြင့် ရှိသည်၊ ယေဇူးသခင်သည် လူ့ သဘာဝ အဖြစ် သီးခြားရပ်တည်သလို ဘုရား သဘာဝ အဖြစ်လည်း သီးခြား ရပ်တည်သည်၊ မယ်တော် မာရီးယာသည် ယေဇူးသခင် လူ့သဘာဝ အတွက် မိခင်သာ ဖြစ်သည်၊ ယေဇူးရှင်၏ ဘုရား သဘာဝ အတွက် မယ်တော် မဟုတ်ဟု သွန်သင်သည်။ ထို့ကြောင့် မယ်တော် မာရီးယာသည် ဘုရား၏ မိခင် Theotokos မဟုတ်၊ ယေဇူးရှင်၏ လူ့သဘာဝ အတွက်သာ မိခင် ဖြစ်ကြောင်း နက်စ်တိုးရီးယပ်စ်က လွဲမှားစွာ သွန်သင်သည်။

Ephesus မြို့တွင် ကျင်းပသော သာသနာ့ အစည်းအဝေး (Council of Ephesus) နှင့် (Council of Chalcedon) သာသနာ့ အစည်းအဝေးများတွင် နက်စ်တိုးရီးယပ်စ်၏ သွန်သင်ချက် အယူကို ဆန့်ကျင်ခဲ့ကာ၊ မယ်တော် မာရီးယားသည် ဘုရား၏ မိခင် Theotokos ဖြစ်ကြောင်း၊ ယေဇူးသခင်၏ ဘုရားအဖြစ်၊ လူ့အဖြစ် တသားတည်း တည်ရှိမှုတို့ကို ပြဋ္ဌာန်း သတ်မှတ်သည်။

Lawrence Jangma Mung Song

 

Add new comment

6 + 3 =