ရှေးဦးခေတ် အရှေ့တိုင်း အသင်းတော်၏ ဓမ္မသုခမိန်များ

ရှေးဦးခေတ် အရှေ့တိုင်း အသင်းတော်၏ ဓမ္မသုခမိန်များ

ကက်သလစ် အသင်းတော် သမိုင်း
အတွဲ ၁၊ အပိုင်း ၉-ခ

ရှေးဦးခေတ် အရှေ့တိုင်း ဂရိစကားပြော အသင်းတော်၏ ဓမ္မသုခမိန်များမှာ အလက်ဇန်းဒြီးယား သာသနာ၏ ဆရာတော် ဘိရှော့ ဖြစ်သူ စိန့် အက်သနားစီးယပ်စ် (St. Athanasius)၊ ဆီဆာရီးယား သာသနာ၏ ဆရာတော် ဘိရှော့ ဖြစ်သူ စိန့် မဟာ ဘာဆီးလ် (St. Basil the Great)၊ Sasima ဆာဆီးမား သာသနာနယ်နှင့် ကွယ်စတန်တီနိုပယ် ဆရာတော်ချုပ် (Patriarch of Constantinople) ဖြစ်သူ နားဇီးယမ်းဇုစ် မြို့သား စိန့် ဂရေဂိုရီ (St. Gregory of Nazianzus) နှင့် ကွယ်စတန်တီနိုပယ် ဆရာတော်ချုပ် (Patriarch of Constantinople) ဖြစ်သူ စိန့် ခရီဆော့စတုမ် (St. Chrysostom) တို့ ဖြစ်ကြသည်။ 
၎င်းတို့ လေးပါးအား “အသင်းတော်၏ ဓမ္မ သုခမိန်များ” အဖြစ် ရဟန်းမင်းကြီး ပီအူး ၅ က ၁၅၆၈ ခုနှစ်တွင် ကြေညာခဲ့သည်။ 

စိန့် အက်သနားစီးယပ်စ် (St. Athanasius)
ကက်သလစ်ယုံကြည်ခြင်း အပေါ် သစ္စာရှိစွာ ကျင့်ကြံနေထိုင်ခြင်းကြောင့် စိန့် အက်သနားစီးယပ်စ်သည် ၃ ကြိမ် တိုင်တိုင် ပြည်နှင်ဒဏ်ခပ်ခံရ၍ အတိဒုက္ခ ရောက်ခဲ့သည်။ သူသည် ယေဇူးသခင် လူ့အဖြစ် ယူတော်မူခြင်း Incarnation၊ ယေဇူးသခင်၏ ဘုရား ဖြစ်တည်မှု သဘော သဘာဝ၊ ကယ်တင်ခြင်းအား လေ့လာသည့် ပညာ Soteriology၊ သန့်ရှင်းသော ဝိညာဉ်တော် ဘုရား၏ ဘုရား ဖြစ်တည်မှုနှင့် တရားမျှတသော စစ်ပွဲ သဘောတရား Just War စသည့် ခေါင်းစဉ်တို့ဖြင့် သီသြလော်ဂျီ ဆိုင်ရာ အကြောင်းအရာများအား ရေးသားခဲ့သည်။ သူသည် အယူလွဲများ ဖြစ်သည့် အာရီးယမ်း ဝါဒ Arianism နှင့် အပိုလီနေးရစ် ဝါဒ Apollinarism တို့အား ဆန့်ကျင်ရေးသားရာ၌ တစိုက်မတ်မတ်နှင့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့သည့် သီသြလော်ဂျီ ပညာရှင် တစ်ဦး ဖြစ်သည်။ ထို့အပြင် သူသည် နိုင်ဆီးယမ်း သာသနာ့ အစည်းအဝေး၌လည်း ကက်သလစ်နှင့် အာရီးယမ်း ဆရာတော်များ အကြား ကက်သလစ် ယုံကြည်ခြင်းအား အဓိက ဦးဆောင် ခုခံကာကွယ်ခဲ့သူ ဖြစ်သည်။ နိုင်ဆီးယမ်း သာသနာ့ အစည်းအဝေးတွင် ယေဇူးသခင်၏ လူ့အဖြစ် ဘုရားအဖြစ် ဖြစ်တည်မှုကို အငြင်းပွားရာတွင် စိန့် အက်သနေးရှပ်စ် ကျေးဇူးကြောင့် ယနေ့ခေတ် အခါတွင် ကက်သလစ် အသင်းတော် အနေနှင့် ယေဇူးသခင်၏ သဘာဝ အမှန်ကို ယုံကြည်ခြင်း အချုပ်၌ Consubstantial with the Father ယေဇူးသခင်သည် အဖဘုရားသခင်နှင့် တသားတည်း ဖြစ်ကြောင်း ရွတ်ဆိုနိုင်ကြခြင်း ဖြစ်သည်။ စိန့် အက်သနားစီးယပ်စ်သည် အေဒီ ၂၉၃ ခုနှစ်တွင် ဖွားမြင်ကာ အေဒီ ၃၂၈ ခုနှစ်တွင် အလက်ဇန်းဒြီးယား သာသနာနယ်၏ ဆရာတော် အဖြစ် တာဝန်ယူရပြီး အေဒီ ၃၇၃ ခုနှစ် အသက် ၈၀ တွင် ကွယ်လွန်သည်။ 

စိန့် မဟာ ဘာဆီးလ် (St. Basil the Great)
စိန့် ဘာဆီးလ်သည် အာရီးယမ်း အယူလွဲကို ပြင်းပြင်းထန်ထန် တန်ပြန်ဆန့်ကျင်ခဲ့ကာ နိုင်ဆီးယမ်း သာသနာ့ အစည်းအဝေး၏ သွန်သင်ချက်ကိုလည်း ခုခံကာကွယ်သည့် စာများစွာ ရေးသားခဲ့သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော် ဘုရားအကြောင်း များစွာရေးသားခဲ့သလို အာရီးယမ်းဝါဒအား ဆန့်ကျင်သည့် စာချွန်တော်များစွာ ရေးသာခဲ့သည်။ စိန့် ဘာဆီးလ် ချမှတ်ားခဲ့သည့် ရသေ့အသင်း ဆိုင်ရာ စည်းမျဉ်းများသည် အရှေ့တိုင်း ကက်သလစ် အသင်းတော်နှင့် သြသိုဒေ့ါ အသင်းတော်များတွင် ယနေ့ အထိ ကျင့်သုံးလိုက်နာနေဆဲ ဖြစ်သည်။ 
စိန့် ဘာဆီးလ်သည် အေဒီ ၃၃၀ ခုနှစ်တွင် ဖွားမြင်ပြီး အေဒီ ၃၇၀ ခုနှစ်တွင် ဆီဆာရေးရာ သာသနာနယ်၏ ဆရာတော် အဖြစ် ရွေးကောက်ခံရကာ အေဒီ ၃၇၉ ခုနှစ်၊ အသက် ၄၉ နှစ်တွင် ကွယ်လွန်သည်။ 

နားဇီးယမ်းဇုစ် မြို့သား စိန့် ဂရေဂိုရီ (St. Gregory of Nazianzus)
စိန့် ဂရေဂိုရီသည် အသင်းတော် သမိုင်းတလျှောက်လုံးတွင် သီသြလော်ဂျီအား သွန်သင်ရာ၌ အကောင်းဆုံး ဟောပြောသူဟု လက်ခံသူများ ရှိသည်။ သူ၏ ကျော်ကြားသော ရေးသားမှုများတွင် သန့်ရှင်းသော ဝိညာဉ်တော် ဘုရားအကြောင်း၊ အပိုလီနေးရစ် ဝါဒ Apollinarism အယူလွဲအား ဆန့်ကျင်ရေးသားချက်၊ နာမည်ကျော်ကြားသော သီသြလော်ဂျီ ကဗျာများ ပါဝင်သည်။ စိန့် ဂရေဂိုရီ၏ ရေးသားချက်များအား ယနေ့အထိ တည်ရှိနေဆဲ ဖြစ်ပြီး ၎င်း၏ အရေးအသားများ အရ သူသည် သီသြလော်ဂျီ သဘောတရားများအား လူအများ နားလည်စေရန် အလွန် ရှင်းလင်းသည့် အသုံးအနှုန်းများဖြင့် ရေးသားထားကာ သူ၏ ကျွမ်းကျင်မှုအား တွေ့နိုင်ပေသည်။ စိန့် ဂရေဂိုရီသည် အေဒီ ၃၃၀ ခုနှစ်တွင် ဖွားမြင်ပြီး Sasima သာသနာနယ်၏ ဆရာတော် ဘိရှော့ အဖြစ် အေဒီ ၃၇၂ ခုနှစ်တွင် ရွေးကောက်ခံရကာ အေဒီ ၃၈၁ ခုနှစ်တွင် ကွန်စတန်တီနိုပယ်၏ ဆရာတော်ချုပ် အဖြစ် ရွေးကောက်ခံခဲ့ရသည်။ သူသည် အေဒီ ၃၉၀ ခုနှစ် အသက် ၆၀ အရွယ်တွင် ကွယ်လွန်သည်။ 

စိန့် ခရီဆော့စတုမ် (St. Chrysostom)
စိန့် ခရီဆော့စတုမ်သည် အေဒီ ၃၉၇ ခုနှစ်၌ ကွန်စတန်တီနိုပယ်၏ ဆရာတော်ချုပ် အဖြစ် ရွေးကောက်ခံရချိန်၌ ဟောပြောခဲ့သည့် တရားဟောပြောမှုကြောင့် အလွန် လူသိများခဲ့သည်။ သူ၏ သွန်သင်ချက်များနှင့် ဟောပြောချက်များတွင် ကက်သလစ် ယုံကြည်ခြင်းအား ကောင်းစွာ ရှင်းလင်းပြနိုင်သည်။ စိန့် ခရီဆော့စတုမ် သွန်သင်ခဲ့သော ရဟန်းများဆိုင်ရာ တာဝန်ဝတ္တရားများ အကြောင်းသည် ယနေ့ခေတ် အချိန်အထိ နှစ်ပေါင်း ရာချီထောင်ချီ ကြာသည့်တိုင်အောင် တန်ဖိုးရှိသည်။ သမ္မာကျမ်းပိုဒ်များ၊ အထူးသဖြင့် စိန့်ပေါလ် ရေးထားသော ကျမ်းများအား အနက်အဓိပ္ပာယ် ပြန်ဆိုရာ၌ စိန့် ခရီဆော့စတုမ်လောက် ကျွမ်းကျင်သောသူ ယနေ့ခေတ် အထိ မရှိသေးပေ။ သူသည် ကက်သလစ် ရဟန်းများနှင့် လူဝတ်ကြောင်တို့၏ သက်တာ ပြုပြင်ပြောင်းလဲရေးတွင်လည်း လွန်စွာ စွမ်းဆောင်ခဲ့သည်။ စိန့် ခရီဆော့စတုမ်၏ ကက်သလစ် အသင်းတော် အပေါ် စွမ်းဆောင်မှုများကြောင့် သူသည် ကွန်စတန်တီနိုပယ်၏ ဆရာတော်ချုပ် ဖြစ်လင့်ကစား ၂ ကြိမ်တိုင်တိုင် နယ်နှင်ဒဏ်ပေးခြင်း ခံရသည်။  စိန့် ခရီဆော့စတုမ်သည် အေဒီ ၃၄၇ ခုနှစ်တွင် ဖွားမြင်ကာ အေဒီ ၃၉၈ ခုနှစ်တွင် ကွန်စတန်တီနိုပယ်၏ ဆရာတော်ချုပ် အဖြစ် ရွေးကောက်ခံရပြီး အေဒီ ၄၀၇ ခုနှစ် အသက် ၆၀ တွင် ကွယ်လွန်ခဲ့သည်။
Lawrence Jangma Mung Song

Add new comment

13 + 3 =