ယုံကြည်ရာအချက်များကို နှီးနှောဖလှယ်ခြင်းသည် ဖြစ်နိုင်ပါသလား။?

ယုံကြည်ရာအချက်များကို နှီးနှောဖလှယ်ခြင်းသည် ဖြစ်နိုင်ပါသလား။?

အခြားဘာသာတွေနဲ့ တွေ့ဆုံနှီးနှောတဲ့အခါမှာ မိမိတို့ဘာသာရဲ့ ကိုယ်ပိုင်၀ိသေသတွေကို ဆက်လက်ပြီး ထိန်းသိမ်းထားဖို့ ဆိုတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့လို့ အယူဝါဒပိုင်း (doctorines)နဲ့ ယုံကြည်ရာအချက်များ (beliefs)ကို ဆွေးနွေးဖလှယ်ခြင်း (Dialogue of Discourse)ဆိုတာကိုတော့ သံသယ တွေ အခုလိုရှိနိုင်တယ်။ ယုံကြည်ရာ အယူဝါဒများ ဖလှယ်ခြင်း (theological exchange) ဆိုတာက တကယ်ပြုလုပ် နိူင်ပါမလား။ ဒီလိုအဆင့်ထိ မလုပ်ဘဲ တခြားနည်းလမ်းတွေနဲ့ပဲ နှီးနှောဆက်သွယ်ကြရင် ပိုမကောင်းဘူးလား။ ဒီမေးခွန်းတွေအတွက် အဖြေဘယ်လိုပေးနိုင်မလဲဆိုတာကို လေ့လာကြရအောင်။

သူ့ဘာသာ မှန်တယ်၊ ငါ့ဘာသာ မှန်တယ်ဆိုပြီး အငြင်းအခုံတွေ ဖြစ်လာနိုင်ပါတယ်။ ဘာသာတရားရဲ့ ယုံကြည်ရာအချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ဖလှယ်ကြပြီ ဆိုတာနဲ့ ဘာသာရေး အငြင်းပွားမှုတွေ ဖြစ်လာဖို့က သေချာနေတဲ့အတွက် တချို့က ဒီလိုမျိုး ဆွေးနွေးရမှာကို သဘောမတူကြဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ဘာသာရဲ့ ယုံကြည်ချက်တွေကို ကာကွယ်ပြီး ပြောလိုတဲ့သဘော၊ ကိုယ့်ဘာသာ မှန်တယ်ဆို တာကို သက်သေပြလိုတဲ့ သဘောတွေရှိကြတာပါပဲ။

တချို့ဆိုရင် မိမိဘာသာရဲ့ ယုံကြည်ချက်တွေက တစ်ခြားဘာသာတွေထက် ပိုပြီး မြင့်မြတ်တယ်လို့တောင် ပြောတတ်ကြတယ်။ သူများဘာသာထဲမှာ အမှားအယွင်း၊ ချွတ်ယွင်းချက်တွေကို မရမက ရှာဖွေတွေ့နိုင်အောင် ကြိုးစားကြတယ်။ ဒီလို အပြောခံရတယ် ဆိုရင် တစ်ဖက်ကလည်း အသာတကြည်နဲ့ ခေါင်းငုံ့ခံပြီး တုန့်ပြန်မှာတော့ မဟုက်ပါဘူး။ ပေါက်ကွဲမှုတွေ၊ ငြင်းခုံမှုတွေ ပြင်းထန်လာမှာပဲ၊ သဘောတူညီမှုဆိုတာတော့ ဘယ်လို မှ မရနိုင်ဘူး။ အကျိုးတစ်စုံတစ်ရာ မရှိတဲ့အပြင်၊ ခါးသီးမှုတွေပဲ ကျန်ရစ်မှာဖြစ်တယ်။ ဒါကြောင့်လည်းပဲ ဒီလိုအယူဝါဒတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခြင်း မပြုလုပ်တာ ပိုကောင်းလိမ့်မယ်လို့ ထင်ရဖွယ်ပါတယ်။

ဖော်ပြပါ အခက်အခဲတွေရှိတာကတော့ အမှန်ပဲ။ ဒါပေမဲ့ ဒီလိုပြဿနာမျိုးတွေ ဖြစ်မလာရအောင်လို့ ရှောင်ရှားနိုင်တဲ့နည်းလမ်း အဖြေတွေလည်း ရှိပါတယ်။ အယူဝါဒတွေကို ဆွေးနွေးဖလှယ်တယ်ဆိုတာ၊ ဘယ်ဘာသာက အနိုင်ရမလဲဆိုတာကို ယှဉ်ပြိုင်တဲ့ စကားရည်လုပွဲ မဟုတ်ပါဘူး။ သူများ ဘာသာကို မှားတယ်။ နိမ့်ကျတယ်ဆိုပြီး သက်သေပြလိုခြင်းက နှီးနှောဖလှယ်လိုသူ တစ်ဦးရှိသင့်တဲ့ စိတ်ထားမျိုး မဟုတ္ဘူး။ ဘာသာရေး အငြင်းအခုံတွေဖြစ်အောင် ဖန်တီးလိုတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့သဘောနဲ့ နှီးနှောဖလှယ်လိုသူဟာ သူများ ရှင်းပြတာတွေကို နားထောင်လိုတယ်၊ နားလည်သဘောပေါက်လိုစေတဲ့ မျှော်လင့်ချက် ရှိတယ်။ တစ္ခု သတိပြုရမှာက တစ်ဖက် လူပြောတာတွေကို နားလည်သဘောပေါက်တယ် ဆိုတာ သူပြောတာတွေကို လက်ခံရမယ်၊ သဘောတူရမယ်လို့ မဆိုလိုပါဘူး။

ယုံကြည် ကိုးကွယ်မှု မတူညီကြတဲ့ အုပ်စုနှစ်ဖွဲ့ဟာ စတွေ့တွေ့ချင်းပဲ ယုံကြည်ရာအချက်တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးခြင်း မပြုလုပ်သင့်ဘူး။ ဒါက လူရဲ့ စိတ်သဘာ၀ကြောင့် ဖြစ်တယ်။ ဘာနဲ့ပဲ အစပြုသင့်သလဲ ဆိုရင် Dialogue of life မိမိတို့ဘ၀နဲ့ အရင် သက်သေခံမယ်။ လူမှုရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေမှာ ပူးပေါင်း လက်တွဲပြီး အရင်လုပ်ကြရမယ်။ တစ်ဦးနဲ့တစ်ဦး ရင်းနှီး သိကျွမ်းလာကြပြီး၊ ယုံကြည် စိတ်ချမှုတွေ တိုးပွားလာပြီဆိုတဲ့အခါ၊ မိမိဘာသာအကြောင်း ပိုင်ပိုင်နိုင်နိုင်၊ ကျွမ်းကျွမ်းကျင်ကျင် လေ့လာတတ်မြောက်ပြီးပြီ ရှိတဲ့အခါကျမှသာလျှင်၊ သူ့ဘာသာနဲ့ ကိုယ့်ဘာသာ ဘယ်သွန်သင်ချက်၊ ဘယ်ယုံကြည်ချက်တွေမှာ ကွာခြားမှုတွေ ရှိနေသလဲဆိုတာကို ဆွေးနွေးကြဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။

ဘုန်းတော်ကြီးရစ်ချက်လှမင်းဦး

Crd!

Add new comment

3 + 7 =