ဘာသာအစ

ဘာသာအစ

မည်သည့်အချိန်က ဘာသာစခဲ့ပါသနည်း။ မည်ကဲ့သို့ စခဲ့ ပါသနည်း။ မည်သည့် ဒေသ၌ စခဲ့ပါသနည်း။ ဤမေးခွန်းများသည် ဘာသာသမိုင်း သုတေသီများသာမက လူတိုင်း စိတ်ဝင်စားသော မေးခွန်းများ ဖြစ်၏။ လူတိုင်း သိလိုကြ၏။ လေ့လာချင်ကြသည်။ သို့သော် အထက်ပါမေးခွန်းများကို တိတိကျကျ အဖြေမပေး နိုင်သေးပေ။ အဘယ့်ကြောင့်ဆိုသော် လူ့သမိုင်းမှတ်တမ်းများတွင် သမိုင်းဦးခေတ်မှ အကြောင်းအရာများကို မှတ်ကျောက်တင်ထား
သော စာပေစာတမ်းများ မရှိသောကြောင့်ဖြစ်၏။ ထိုခေတ်သမယမှ လူများ ကိုယ်တိုင်ရေးသားထားခဲ့သော စာများလည်း မရှိခဲ့သေးပေ။ ထို့ကြောင့် ထိုခေတ်အခါမှ သူတို့ ဘာကိုယုံကြည်ခဲ့ကြသည်ကို မြေကြီးတွင်း ပြိုကျနစ်မြုပ် ဖုံးအုပ်နေသော မြို့ပျက်၊ နေရာပျက်၊ ကျောက်တွင်း၊ ကျောက်ခေါင်းအဟောင်းများမှ သူတို့သုံးစွဲခဲ့သော အိုးခွက်၊ လက်နက်ကိရိယာ တန်ဆာပလာများကို လေ့လာကြရ၏။ သူတို့ ကုတ်ခြစ်ရေးဆွဲထားခဲ့သော သင်္ကေတနှင့် ရုပ်ပုံ၊ ကောက်
ကြောင်းများ၌ လေ့လာကြရ၏။

သမိုင်းဦးလူသားတို့သည် အဝတ်မဝတ်ကြပေ။ အသင်းဖွဲ့ အုပ်စုဖွဲ့နေကြ၏။ ကျောက်ဂူ၊ ကျောက်ခေါင်းနှင့် သစ်ရိပ် ဝါးရိပ်သည်သာ သူတို့အိမ်ယာ ဖြစ်၏။ အဓိကအလုပ်မှာ အစာ စုဆောင်းခြင်းနှင့် အမဲလိုက်ခြင်းဖြစ်၍ နေရာအတည်တကျ မနေကြချေ။ ရေကြည်ရာ၊ မြက်နုရာ၊ အသားငါးပေါကြွယ်ရာ နေရာများသို့ ရှာဖွေရွေ့ပြောင်းနေကြ၏။ ဤလူသားတို့ မည်သည့် အရာကို ယုံကြည်ကြသည်ကို အတိအကျမပြောနိုင်သော်လည်း သူတို့ သုံးစွဲခဲ့သော ပစ္စည်းများနှင့် ကျောက်ဂူနံရံမှ ကောက်ခြစ်ရာ များကို လေ့လာကြည့်ခြင်းဖြင့် သူတို့နေ့စဉ် တွေ့မြင်ကြုံကြိုက် နေရသော သဘာဝလောကကြီးကို နားမလည်သကဲ့သို့ ထူးဆန်း စိတ်ဝင်စားကြောင်း တွေ့နိုင်၏။

| လူသားကလေးငယ်တစ်ဦး မွေးဖွားရခြင်းသည် ဆန်း ကြယ်၏။ လူတို့သေဆုံးရခြင်းကို ကြောက်ရွံ့ကြ၏။ ချစ်ချစ်တောက် ပူပြင်းသော နေလုံးကြီးကိုလည်းကောင်း၊ ပိန်းပိတ်အောင် မှောင်လှ
သော ညနက်သန်းခေါင်ကိုလည်းကောင်း သူတို့ စိုးရိမ်ကြ၏။ ပြင်းထန်လှသော လေမုန်တိုင်းသည်လည်းကောင်း၊ ဝင်းဝင်းထိန်
အောင်လက်သော လျှပ်စီးနှင့် နားကွဲအောင် ကျယ်လောင်လှသော မိုးခြိမ်းသံနှင့် မိုးကြိုးသံကို ကြောက်ရွံ့မိကြ၏။ မရေမတွက်နိုင်
အောင်များပြားလှသော ကောင်းကင်ကြယ်နက္ခတ်တာရာတို့ကို မြင်ပြန်သောအခါ၊ ဝင်းထိန်အေးမြသည့် လပြည့်ဝန်းကို တွေ့သော အခါ အံ့ဩမိကြပြန်၏။ အားအင်ပြည့်ဖြိုးလှသော တောရိုင်းတိရိစ္ဆာန်ကြီးများနှင့် မာကြောလှသော ကျောက်တုံးကြီးများကို အားကျမိကြပေမည်။ အရွက်ထူလှသောသစ်ပင်၊ ဝေဆာလှသော သစ်သီးသစ်ဥသစ်ဖုနှင့် မွှေးကြိုင်လှသော ပန်းမာန်များကို စိတ်ဝင် စားကြ၏။ မြင်သမျှ၊ တွေ့သမျှကို ရှိစုမဲ့စုစဉ်းစားဉာဏ်လေးဖြင့် တွေးခေါ်စဉ်းစားမိကြခြင်းကပင် သူတို့၏ ယုံကြည်ရာဘာသာ အစပြုခြင်းဟု ဆိုရပေမည်။

နားမလည်ထူးဆန်းခြင်းကြောင့် အံ့ဩခြင်း၊ အားကျမိခြင်း၊ စိတ်ဝင်စားကြခြင်း၊ ကြောက်ရွံ့မိကြခြင်းကြောင့် ဤအရာများ၊ အဖြစ်အပျက်များကို စွမ်းအင်ရှင်ဟု ထင်မှတ်ကြပါတယ်။ တစ်ခါ တစ်ရံ သူတို့ နောက်ကွယ်၌ စွမ်းအင်ရှင်တစ်ဦးရှိရမည်ဟု ယုံကြည် လာခဲ့ကြလေသည်။ ထိုလူသားများအဖို့ လောက စကြဝဠာ တစ်ခုလုံးသည် ထိုတန်ခိုးတော်ရှင် အကြောင်းပြောပြသော စာအုပ်ကြီးတစ်အုပ် ဖြစ်လာခဲ့ရ၏။ ထိုစွမ်းအင်ရှင်သည် လူထက် ပိုမိုခိုင်မာသန်စွမ်းရမည်ဟု ထွားကြိုင်းတုတ်ခိုင်လှသော သူတို့၏ ခန္ဓာကိုယ်နှင့် နှိုင်း၍ စဉ်းစားကြ၏။ ပြည့်ပြည့်စုံစုံ နားမလည် ကြသော်လည်း ထိုအရှင်သည်သာ သူတို့အတွက် လုံခြုံရာအဖြစ် ခံယူလာကြ၏။ ထို့ကြောင့် တချို့က ကျောက်တုံးကို ကိုးကွယ်ကြ၏။ တချို့က အကိုင်းအခက် ဝေဆာသောသစ်ပင်ကို ဦးညွှတ်ကြ၏။ တချို့က နေ၊ လ၊ ကြယ်တို့ကို ရှိခိုးကြ၏။ သူတို့ စိတ်မှန်းထင်ရာ အတိုင်း ထိုတန်ခိုးတော်အရှင်အဖြစ် သင်္ကေတများ၊ ကောက် ကြောင်းများကို ကျောက်ဂူနံရံများ၌ ရေးခြစ်ကြလေသည်။

အံ့ဩစရာများနှင့် ကြောက်ရွံ့စရာများတွေ့ရလေလေ ထိုလူတို့သည် ထိုတန်ခိုးတော်ရှင်ကို မှီခိုလိုကြ၏။ မိမိတို့ အခြေ အနေသည် ဘာမှမတတ်နိုင်၊ ကျေနပ်ဖွယ်ရာများမရှိဟု ခံစား မိခဲ့၏။ ဤကဲ့သို့ ခံစားမိလာလေလေ ထိုတန်ခိုးတော်ရှင်ကို မှီခို အားကိုးလေပင်ဖြစ်သည်။ ထိုတန်ခိုးတော်ရှင်များကဲ့သို့ ပြည့်စုံသော သဘောတစ်ခု၊ သန်စွမ်းသောခွန်အားတစ်ခု၊ စွမ်းအင်တစ်ခု ရလိုကြ၏။ သူတို့ပြုလုပ်ပုံ၊ နေထိုင်ကြပုံကိုကြည့်ခြင်းဖြင့် ဤ အချက်ကို တွေ့နိုင်၏။

ဥပမာ - သမိုင်းဦးလူမျိုးတစ်စု နေထိုင်ခဲ့သော ဂူဟောင်း တစ်ခုကို ပီကင်းမြို့အနီး နဂါးရိုး အမည်ရှိ တောင်ပေါ်၌ သမိုင်း သုတေသီတို့ တူးဖေါ်တွေ့ရှိရ၏။ သူတို့ လေ့လာတွေ့ရှိချက်အရ ဤလူမျိုးစုသည် သေပြီးနောက် အသက်ဆက်လက်ရှင်လိုကြ
ကြောင်း၊ ယုံကြကြောင်း သုတေသီတို့ တညီတညွတ်တည်း မှတ်ချက် ချကြ၏။ တဖန် အနောက်ဥရောပ၌ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀၀၀ (နှစ်သိန်း)ခန့်က လူတို့သည် သူတို့၏ လူသေများကို သဂြိုဟ်ရာ၌ တချို့သော ထူးထူးဆန်းဆန်းဝိနည်းများ ပြုလုပ်လေ့ရှိ ကြကြောင်း တွေ့ရှိရ၏။ နှစ်ပေါင်း ၇ဝဝဝဝ (ခုနှစ်သောင်း) ခန့်ဟုခန့်မှန်းရသော လူမျိုးတစ်စု၏ အလောင်းများကို ပြင်သစ်ပြည်
မြောက်ပိုင်း၌ တွေ့ရှိရ၏။ ထိုနေရာ၌ လူသေများ၏ ကိုယ်ပေါ်၌ အနီရောင် ရွှံ့များလိမ်း၍ထားကြောင်းတွေ့သဖြင့် ထိုခေတ်မှ လူမျိုးစုသည် အသက်ဆက်ရှင်ကြောင်း ယုံကြည်သည်ဟု ခန့်မှန်းရ၏။

တဖြည်းဖြည်းနှင့် နှစ်ပေါင်း ၂ဝဝဝဝနှင့် ၁ဝဝဝဝကြားမှ လူတို့၏ ယုံကြည်ရာကို အနည်းငယ်ထင်ထင်ရှားရှား တွေ့နိုင်၏။ သူတို့သည် တောမှ ဆွတ်ခူးရသော သစ်သီး၊ သစ်ပွင့်၊ သစ်ဥ၊ သစ်ဖုများကို ထိုစွမ်းအင်ရှင်၊ တန်ခိုးရှင်များကို ပူဇော်ကြ၏။ အမဲလိုက်ရာ၌ သားကောင်များ လွယ်ကူစွာရဖို့ ဆုတောင်းကြ၏။ အမဲလိုက်ရာမှ ပြန်လာသောအခါ သားကောင်၏ အရိုး၊ ခေါင်း၊ အမြီးစသည်တို့ကို ချိတ်ဆွဲ၍ ပူဇော်ကြောင်း လေ့လာတွေ့ရှိကြ၏။ ဤအချက်ကပင် ထိုသမိုင်းဦးမှ လူတို့သည် သူတို့ဘဝ လုံခြုံရေး အကာအကွယ်ရရေး၊ အောင်မြင်ရေးအတွက် စွမ်းအင်ရှင်များကို အားကိုးကြောင်း သိရ၏။ ထိုသို့ ယုံကြည်ခြင်းကြောင့်ပင် ကိုးကွယ်ခြင်း၊ ပသခြင်း၊ ပူဇော်ခြင်းများ ပြုလုပ်ကြ၏။ ထိုတန်ခိုး
တော်ရှင်ကဲ့သို့ မိမိသည်လည်း တူပါစေကြောင်း လူကိုပင် ပူဇော် ကြလေသည်။ ထို့ကြောင့် သမိုင်းဦးလူတို့၏ ယုံကြည်ရာ၌ စိုးရွံ့
ကြောက်လန့်ခြင်းထက် အားကိုးခြင်း၊ အားကျခြင်း၊ ရလိုခြင်း၊ အကြောင်းတစ်ခုခုကြောင့် တန်ခိုးတော်ရှင်ကို ကိုးကွယ်ကြောင်း၊ ရှိခိုးကြောင်း ထင်ရှားပါသည်။

ထိုလူတို့သည် မိမိတို့ စိတ်မှန်းထင်ရာ သင်္ကေတများ၊ ကောက်ခြစ်ပန်းချီ၊ ပန်းပုရုပ်တုများထု၍ ထိုတန်ခိုးတော်ရှင်၏ကိုယ်စားအဖြစ် ထို တန်ခိုးတော်ရှင်၏ ကိုယ်ထင်ရှားပြရာ သင်္ကေတများအဖြစ် ပြုလုပ်ကြ၏။ ထို့အပြင် အချို့သော လူတို့သည်
ကျောက်တုံးကို ကိုးကွယ်ကြ၏။ တချို့မှာ အကိုင်းအခက်ထူပြော၍ အသီးအရွက် အပွင့် ဝေဆာသောသစ်ပင်ကို ကိုးကွယ်ကြ၏။ တစ်ချို့မှာ နေ (သို့မဟုတ်) လကို ပူဇော်ပသကြ၏။ အမှန်စင်စစ် ၌မူ ဤ နေ၊ လ၊ ကြယ်၊ ကျောက်တောင်၊ သစ်ပင်တို့သည် တန်ခိုး တော်ရှင်၏ ကိုယ်စားအဖြစ် ကိုးကွယ်ခြင်း ဖြစ်၏။ ဤလူတို့သည် ကျောက်တုံးကို ကိုးကွယ်ခြင်းကား မဟုတ်တန်ရာ။ မာကြောသောကျောက်တုံး၏ စွမ်းအင်ထက် အဆမတန်ပိုသော အရှင်ကိုသာ ကိုးကွယ်ခြင်း ဖြစ်ပေမည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ရွှေချထား
သော ဗုဒ္ဓရုပ်ပွားတော်ရှေ့၌ ပျပ်ဝပ်ကိုးကွယ်သောအခါ၊ ခရစ်ယာန် တစ်ဦးသည် သစ်သားကားတိုင်တော်ကို ဒူးထောက်ကိုးကွယ်သော အခါ ဤလူများသည် ရွှေရုပ်ပွားတော်ကိုသော်လည်းကောင်း၊ သစ်သားကားတိုင်တော်ကိုလည်းကောင်း၊ ကိုးကွယ်ခြင်းဖြစ်သည်ဟု မဆိုနိုင်ပေ။ ထိုရုပ်ပွားတော်ပိုင်ရှင်၊ ကားတိုင်တော်မှ အရှင်သခင် ကိုသာ ရည်စူးကိုးကွယ်ခြင်းဖြစ်၏။ သို့သော် ဤအရာများသည် ထိုအရှင်နှင့် ဆက်စပ်နေ၍ သန့်ရှင်းသကဲ့သို့ လူနှင့်အရှင်အကြား ဆက်သွယ်ကြားဝင်နေသော အရာများသာ ဖြစ်၏။

ထို့ကြောင့် နေကို ကိုးကွယ်သူသည်လည်းကောင်း၊ တောတောင်သစ်ပင်ကို ကိုးကွယ်သူသည်လည်းကောင်း၊ စေတီ ပုထိုးကို ဦးချသူသည်လည်းကောင်း၊ ကားတိုင်တော်ကို ဦးချသူ သည်လည်းကောင်း၊ အားလုံးသောလူတို့သည် သူတို့မြင်သော
အရာများသည် သူတို့ရိုကျိုးကိုးကွယ်ဦးညွှတ်ခြင်း၏ ရည်ရွယ်ချက် မဟုတ်ဘဲ ဤအရာများသည် သူတို့ယုံကြည်သော အနန္တတန်ခိုး
တော်ရှင် (သို့မဟုတ်) ဘုရား၏ နက်နဲမြင့်မြတ်တော်မူခြင်း၏ သာဓက၊ ရည်ညွှန်းချက်များ၊ ဘုန်းထင်ရှားရာများအဖြစ် မြင်တွေ့ ကြ၏။

ဥပမာ အားဖြင့် ကြယ် ရောင် ထွန်းတောက်သော ကောင်းကင်ကို ဘာသာတချို့တွင် ဘုရား၏ဘုန်းတော် ထင်ရှားရာ အဖြစ်သော်လည်းကောင်း၊ ဘုရားရှင်စိုးစံတော်မူရာ အဖြစ်သော် လည်းကောင်း ပြောဆိုကြ၏။ ထို့ကြောင့် ကောင်းကင်ဘုံကို ဘုရားစံမြန်းရာအဖြစ် ပြောဆိုကြ၏။ လူသည် သေဆုံးပြီးနောက်
ကောင်းကင်ဘုံသွား၏ဟု ပြောဆိုသောအခါ ထိုကြယ်နက္ခတ်တာရာ ထွန်းတောက်သော လေဟာပြင် ကောင်းကင်ပြင်ကို သွားသည်ဟု မဆိုလိုပေ။ သို့သော် ထိုကြယ်တာရာထွန်းလျက် ဖောက်ပြန်ပျက် သုဉ်းခြင်းကင်းစွာ တည်ရှိလျက်၊ အံ့ဩဖွယ်ရာ၊ တုမနှိုင်းဖွယ်ရာ၊ ချီးမွမ်းမကုန်ရာ၊ ပြောမဆုံးနိုင်ရာ၊ မခန့်မှန်း၊ မမှန်းဆနိုင်ရာ၊ နားမလည်နိုင်ရာ၊ မရေမတွက်နိုင်ရာ၊ မတုပနိုင်ဖွယ်ရာ၊ ထို
ကောင်းကင်ကို အနန္တတန်ခိုးတော်ရှင် ဘုရားသခင်၏ ဘုန်းအာနု ဘော်တော်၏ သာဓကရည်ညွှန်းဖွယ်အဖြစ် ပြောဆိုလက်ခံခြင်းသာ ဖြစ်၏။

မြန်မာနိုင်ငံ၌ မိုးဦးကျစအချိန်သည် မိုးသည်းထန်စွာ ရွာလျက် လျှပ်စီးအလွန်လက်သောအချိန် ဖြစ်လေသည်။ တစ်ခါ တစ်ရံ မိုးကြိုးပစ်သံများသည် ကျယ်လောင်စွာ မြည်ဟီးတတ်၍နားကွဲမတတ်ခံစားရလေသည်။ ပိန်းပိတ်အောင် မှောင်သော အချိန်၌ ဝင်းလက်အောင်လက်သော လျှပ်စီးသည် အံ့မခန်းဖြစ်၏။ ထိုအချိန်၌ တချို့အသက်ကြီးသူများသည် အို မြတ်စွာဘုရား အို ဘုရားသိကြား စသည်ဖြင့် ဘုရားကို တကြ၏။ အီတလီပြည်၌ နွေရာသီသည် မြန်မာပြည်၏ မိုးရာသီဖြစ်သော ဇူလိုင်၊ သြဂုတ်လ ဖြစ်၏။ တစ်နှစ်လုံးဆီးနှင်းကျလျက် အေးချမ်းခဲ့သမျှ နွေရာသီ ရောက်ပြန်တော့ အတော်ပူ၏။ ထိုပူပြင်းလှသော နွေရာသီ၏ တချို့ရက်များတွင် မိုးအရမ်းခြမ်းပြီး လျှပ်စီးအရမ်းလက်သော အခါများ ရှိတတ်၏။ တစ်ခေတ်တစ်ခါက တချို့ရွာလေးများမှာ ထိုအချိန်တွင် ဘုရားကျောင်းမှ ခေါင်းလောင်းထိုးလျက် ဆုတောင်း ကြဖို့ ဖိတ်ခေါ်လေ့ရှိ၏။

ကြားမိသော သိပ္ပံပညာတတ် ကျောင်းသားအဖို့ တော့ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်းသည် လျှပ်စစ်အဖိုနှင့် အမတို့ ပေါင်းစီးခြင်းဖြစ်၏ဟု နားလည်သော်လည်း သာမန်လူအဖို့ ထိုလျှပ်စီးလက်ခြင်းသည် ဘုရား၏ဘုန်းတော်ထင်ရှားရာအဖြစ် မြင်မိ၏။ သို့သော် ဘုရားတခြင်းသည်လည်းကောင်း၊ ဆုတောင်းခြင်း သည်လည်းကောင်း၊ ခေါင်းလောင်းထိုးခြင်းသည်လည်းကောင်း ထိုလျှပ်စီးနှင့် မိုးကြိုးတို့ကို ဘုရားအဖြစ်နှင့် ခေါ်တခြင်းမဟုတ်ပေ။ လျှပ်စီးဝင်းလက်သကဲ့သို့ ဘုန်းတော်သည် ဝင်းလက်ရမည်ကို သူတို့ယုံ၏။ ဤလျှပ်စီးနှင့် မိုးကြိုးသည် ဘုရား၏ ဘုန်းတော် ထင်ရှားရာ (သို့မဟုတ်) ဘုန်းတော်၏သာဓကအဖြစ် လက်ခံခြင်း ဖြစ်၏။

ရှေးခေတ်အခါမှာ ကျောက်ကိုကိုးကွယ်သော လူတို့ ရှိကြ၏။ ထိုကျောက်ဆောင်၊ ကျောက်တုံးသည် မာကြောခိုင်ခန့်၏။
လေဒဏ်၊ မိုးဒဏ်ကို တုန်လှုပ်ခြင်းအလျင်းမရှိ။ လူတွေသာ ခေတ်အဆက်ဆက် သေကျေသွားကြ၏။ ထိုကျောက်ဆောင်ကား ရွေ့လျား ပျောက်ဆုံးခြင်းမရှိချေ။ ရှိစုမဲ့စု စဉ်းစားဉာဏ်နှင့် စဉ်းစားမိသောအခါ ထိုလူတို့သည် ထိုကျောက်ဆောင်ကို တန်ခိုး တော်ရှင်အဖြစ် မြင်လေ၏။

အမှန်မှာ ထိုကျောက်ဆောင်၌ သူမစဉ်းစား၊ မတုပ နိုင်သော စွမ်းအားများကြောင့် တန်ခိုးတော်ရှင်နှင့်နှိုင်းယှဉ် မိလေ သည်။ တချို့ဘာသာတွင် ဘုရားကို ကျောက်ဆောင်၊ ကျောက်တုံး နှင့် ခိုင်းနှိုင်းပြောဆိုကြ၏။ အမှန်တွင် ကျောက်ဆောင် ကို ဘုရားနှင့် ခိုင်းနှိုင်းခြင်းမဟုတ်ပေ။ ကျောက်ဆောင်၏ စွမ်းအင်ကို ဘုရား၏ ဘုန်းတန်ခိုးတော်၏ သာဓကအဖြစ် ရည်ညွှန်းခြင်းသာ ဖြစ်လေ သည်။ ထို့ကြောင့် စကြဝဠာ၊ ကောင်ကင်ပြာသည်လည်းကောင်း၊ တောတောင်၊ ကျောက်တုံး ကျောက်ဆောင်သည်လည်းကောင်း၊ လျှပ်စီးမိုးကြိုးသည်လည်းကောင်း၊ ဘုန်းတော်ရှင်၊ တန်ခိုးတော် ရှင်ဘုရား၏ သာဓကများအဖြစ်၊ ဘုန်းတော် ထင်ရှားရာများအဖြစ် ယုံကြည်ကြခြင်း ဖြစ်၏။

ထို့ကြောင့် ကျောက်ခေတ်လူတို့သည်လည်းကောင်း၊ တစ်ခါတစ်ရံ မျက်မှောက်ခေတ်မှ တချို့သောလူမျိုးစုတို့သည် လည်းကောင်း၊ အံ့မခန်းသော သစ်ပင်၊ ကျောက်တောင်ကျောက် ဆောင်၊ နေ၊ လ၊ ကြယ်ကို ပူဇော်ပသကိုးကွယ်သောအခါ သူတို့၌
အနန္တတန်ခိုးတော်အရှင်ကို ယုံကြည်ခြင်းသာဖြစ်ကြောင်း မှတ်ချက် ချရပေမည်။ ထိုသူတို့သည် ဘုရားထိမရောက်သေးသော်လည်း ထိုဘုရားရှင် တန်ခိုးတော်ရှင်ကို လက်ခံနေကြလေပြီတည်း။

သူတို့သည် နောင်တမလွန်ဘဝကိုသော်လည်းကောင်း၊ ကောင်းကင်ဘုံသော်လည်းကောင်း၊ သုခဘုံသော်လည်းကောင်း၊ နိဗ္ဗာန်ဟူ၍သော်လည်းကောင်း အမည်ကင်ပွန်း မတပ်ကြချေ။ လူသေများကို မြှုပ်နှံရာ၌ နောင်ဘဝ၌ သူတို့အသုံးပြုရန်ရည်စူးပြီး
သေသူပိုင်သော ပစ္စည်းများကိုရော၍ မြှုပ်နှံကြ၏။ ဘုရားများကို ပူဇော်ရာ၌ ကခုန်ခြင်း၊ တီးမှုတ်ခြင်း၊ ဟစ်အော်ခြင်း စသည်တို့ ပြုကြ၏။ လူမျိုးစုများမှ ခွန်အားကြီးသူ၊ တိုက်ရည်ခိုက်ရည် စွမ်းရည်ကြီးသူများကို သူတို့၏ ဘုရင် (သို့မဟုတ်) ခေါင်းဆောင် အဖြစ် တင်မြှောက်၍ တစ်ခါတစ်ရံ လူတို့၏ ဘုရားများအဖြစ် ဦးညွှတ်ကြလေသည်။

နှစ်ပေါင်း ၅၀၀၀ ကျော်ခန့်က လူများတို့သည် တဖြည်း ဖြည်းနှင့် ထွန်ယက်စိုက်ပျိုး လာကြ၏။ တိရိစ္ဆာန်များ ယဉ်ပါးအောင် မွေးမြူလာကြ၏။ တိရိစ္ဆာန်တို့၏ အသား၊ သားရေ၊ အမွှေး စသည်တို့ကို အသုံးပြုတတ် လာကြလေပြီ။ မြို့များ၊ ရွာများ
ဆောက်လုပ် နေထိုင်လာကြ၏။ မြင်းတို့ကို သုံးစွဲလာကြ၏။ တချို့ လူမျိုးစုများ၌ စာလုံးသင်္ကေတများ ရေးဆွဲကြလေပြီ။ ဤလူမျိုးစု များကို အထူးသဖြင့် ယူဖရေးတက်စ်နှင့် တိုင်းကရက်စ် မြစ်နှစ်ခုအကြား ရှေးဟောင်းမက်ဆိုပိုတေးမီးယားလွင်ပြင်၌ တွေ့ရ၏။ (ထိုဒေသသည် ယခုအခါ အီရတ်နိုင်ငံဖြစ်၏။) ဤဒေသသည် အထူးသဖြင့် မြေဩဇာပေါကြွယ်ဝကာထွန်ယက်စိုက်ပျိုး၍ ဖြစ်ထွန်ရာ ဖြစ်လေသည်။ထိုနေရာ၌ စူမေးရီးယန် (Sumerians) ခေါ် လူမျိုးတစ်စုသည် ပို၍ယဉ်ကျေးမှု ထွန်းကားခဲ့ကြောင်း တွေ့ရ၏။ သူတို့သည် စာပေများရေးတတ်၍ အရုပ်ကောက်
ကြောင်းများ ရေးတတ်ကြ၏။ ထိုသူတို့သည် တန်ခိုးတော်ရှင်၊ စွမ်း အင်ရှင်ကို ဘုရားအဖြစ်နှင့် ကိုးကွယ်ကြကြောင်း လေ့လာတွေ့ ရှိရ၏။

နှစ်ပေါင်း (၃၅၀၀)ထိ ထိုဘုရားကို တပါးတည်း အဖြစ် ကိုးကွယ်ကြ၏။ နောက်ပိုင်း၌ ဘုရားကို အမည်အမျိုးမျိုးနှင့် နေဘုရား၊ လဘုရား၊ ဘုရားမ၊ ဘုရားအထီး စသည်ဖြင့် ကိုးကွယ် ကြ၏။ ဘုရားများ၏ မြင့်မြတ်ခြင်းကို ယုံကြည်ကြောင်း ဘုရားနှင့် လူအကြားဆက်သွယ်ပေးသော ဘုန်းကြီး၊ မျက်လှည့်ဆရာ၊ ဗေဒင် မန္တရားဆရာများ ခန့်ထားကြောင်း တွေ့ရ၏။

ဤသို့ဖြင့် ခေတ်အဆက်ဆက် ပြောင်းလဲလာသောအခါ လူတို့သည် ပိုမိုယဉ်ကျေးလာ၍ တိုးတက်လာသည်နှင့်အညီ ရှေးခေတ်အီဂျစ်၊ ဘေဘီလုံနီးယား၊ ဂရိနှင့် ရောမဘာသာများ ပေါ်ပေါက်လာခဲ့ရ၏။ ထိုဘာသာများတို့သည် မျက်မှောက်ခေတ် အခါ၌ ပျောက်ကွယ်သွားကြလေပြီ။ သို့သော် ထိုဘာသာယုံကြည် ရာများသည် လူမျိုးတစ်မျိုးကသာ ကိုးကွယ်သော ဘာသာများ ဖြစ်ခဲ့ကြလေသည်။ တဖြည်းဖြည်းနှင့် ကမ္ဘာပထဝီ မြေအနေအထားအရလည်းကောင်း၊ ယုံကြည်ယူဆချက်များ ကွာဟမှုကြောင့် လည်းကောင်း၊ သဘာဝအရ ဖြစ်ပေါ်လာသောဘာသာ၊ ဗျာဒိတ်ရ သောဘာသာ စသည်ဖြင့် ဘာသာများ ကွဲပြားလာခဲ့လေသည်။ ယင်းတို့တွင် ဂျူးဘာသာနှင့် ဟိန္ဒူဘာသာများတို့သည် ရှေးအကျဆုံး ဘာသာများဖြစ်ခဲ့၏။ နောက်ပိုင်းတွင် ဂျူးဘာသာကို အခြေခံ၍ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာများ စတင်လာခဲ့ပြီး၊ ဟိန္ဒူမှ ဗုဒ္ဓဘာသာ စတင်လာခဲ့ကြလေသည်။

မျက်မှောက်အချိန်တွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာအဖြစ် ဘာသာကြီး (၄)ခုသည် အခြားဘာသာများထက် ထင်ရှားလေသည်။ ထို ဘာသာကြီး (၄)ခုတွင် ဟိန္ဒူဘာသာသည် မည်သည့်ခုနှစ်၊ မည်သည့် အချိန်၌ စခဲ့သည်ဟု မသိရပေ။ သို့သော် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့သည် အချိန်ကာလအားဖြင့် တစ်ဘာသာနှင့် တစ်ဘာသာ နှစ်ပေါင်း (၅၀၀) စီကွာခြားသည်ဟု အကြမ်းအားဖြင့်
ပြောဆိုနိုင်ပါသည်။ ဗုဒ္ဓလောင်းလျာသိဒ္ဓတ္ထမင်းသားကို ဘီစီ (၅၆၇)ခုနှစ်ခန့်တွင် ဖွားမြင်တော်မူ၍၊ ယေရှုခရစ်တော်ကို ဘီစီ (၂)တွင် ဖွားမြင်ခဲ့၏။ မိုဟာမက်သည် ခရစ်သက္ကရာဇ် (၅၇၁) ခုနှစ်တွင် ဖွားမြင်ခဲ့သည်။

ဘာသာတရားများကို နှစ်မျိုးနှစ်စား ခွဲခြားနိုင်သေး၏။ ထာဝရတည်တော်မူသော ဘုရားရှိကြောင်း ယုံကြည်လက်ခံသော ဘာသာနှင့် ဘုရားကို မယုံကြည်လက်မခံသော ဘာသာဟူ၍ ဖြစ်၏။ ဗုဒ္ဓဘာသာမှလွဲ၍ အခြားသောဘာသာအားလုံးတို့သည်ကမ္ဘာလောကကြီးနှင့်တကွ သက်ရှိသက်မဲ့ အရာသတ္တဝါအားလုံးကို ဖန်ဆင်းသော အနန္တတန်ခိုးတော်ရှင်၊ အနန္တမေတ္တာတော်ရှင်၊ အားလုံးစုံကိုသိတော်မူသော အရှင်ဘုရား (သို့) မြတ်စွာဘုရားကို လက်ခံသော ဘာသာများ ဖြစ်ကြ၏။ ထိုအရှင်သည် စကြဝဠာ အနန္တကာလမှစ၍ အနန္တိကကာလတိုင်အောင် အစဉ်ထာဝရ တည်တော်မူ၏။ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောတို့သည် ထိုအရှင်၌ မရှိပေ။ ဗုဒ္ဓဘာသာတွင် ထာဝရတည်တော်မူသော ဘုရားကို မယုံပေ။ အထူးသဖြင့် ထေရဝါဒဗုဒ္ဓဘာသာသည် စတင် ထွန်းကားချိန်မှစ၍ ယနေ့တိုင်အောင် ထိုဘုရားအယူအဆမျိုးကို လက်မခံပေ။ မဟာယာနဗုဒ္ဓဘာသာသည်သာလျှင် ထိုဘုရားအယူ အဆများကို လက်ခံလာကြလေသည်။

အချုပ်ဆိုရပါမူ သမိုင်းဦးလူသားများမှအစ မျက်မှောက် ခေတ် လူတို့အဆုံး အနန္တတန်ခိုးတော်ရှင် (သို့) ဘုရားကို ယုံကြည် သက်ဝင် လက်ခံရာမှာ ထိုတန်ခိုးတော်ရှင်ကို ကြောက်ရွံ့၍ ကိုးကွယ်ခြင်း မဟုတ်ပါ။ တန်ခိုးတော်ရှင်သည် လူအား ဘေးဖြစ် စေမှာစိုးရိမ်၍ သူ့ကို ပြားပြားဝပ် ဦးညွတ်ခြင်း မဟုတ်ပေ။ ထိုတန်ခိုးတော်ရှင်ကို ရိုကြိုးသဒ္ဓါပွားခြင်းသည် ကြောက်စိတ်ကြောင့် မဟုတ်ပါပေ။ လူသားသည် လောက သဘာဝတောတောင်ရေမြေ၊ နေ၊ ကြယ်၊ လ၊ နက္ခတ်တာရာ၊ ရာသီဥတုတို့၏ စွမ်းအင်ကို မြင်ရ လေလေ၊ သားရဲတိရိစ္ဆာန်တို့၏ ဘေးအန္တရာယ်အပေါင်းနှင့် ရင်ဆိုင်ရလေလေ၊ လူ့အသက်၏ ပြိုပျက်ဆုံးရှုံးလွယ်၊ သေလွယ်တာ တွေ့ရလေလေ၊ သော် - လူ့ဘဝဆိုတာ အားရကျေနပ်ဖွယ် မရှိ
ပါလား။ လူသည် သူ့အသက်ကို မပိုင်ဆိုင်နိုင်ပါလား။ ငါ့ခွန်အား သည် သဘာဝတောတောင်၊ ရေ၊ မြေ၊ ဥတုရာသီ၊ တိရိစ္ဆာန်လောက် မှ မစွမ်းပါလား ... စသည်ဖြင့် သိလာ၏။ ဤကဲ့သို့သိလာလေ၊ ထိုစွမ်းအင်မျိုးကို ပိုင်လိုကြ၏။ ရလိုကြ၏။ ဤနည်းဖြင့်သာ သူတို့ယူဆသော ထိုတန်ခိုးရှင်များကို အားကိုး၊ ယုံကြည်၊ ပျပ်ဝပ်၊ ညွတ်တွားခြင်းသာ ဖြစ်တော့၏။ ကြောက်ရွံ့သောအကြောင်း တစ်ကြောင်းတည်းကြောင့် မဖြစ်နိုင်ပေ။

ဆရာတော်မာကုတင်ဝင်း

 

Add new comment

2 + 7 =