ဘာသာတရားဆိုတာ

ဘာသာတရားဆိုတာ?
(or)
Religion (ဘာသာဆိုတာ)?

"ယုံကြည်ရာ ဘာသာ"

လူအပေါင်းယုံကြည်ရာ ဘာသာသမိုင်း (story of religion) သည် ကမ္ဘာ့ ရှေးအကျဆုံးသော ရာဇဝင်တစ်ပုဒ်ဖြစ်၏။ လူတို့ အလေးထားရှာဖွေနေသော သဘာဝလောကကြီးနှင့် သက်ရှင်လှုပ်ရှားသွားလာနေကြသော သတ္တဝါများအားလုံး၏ အဓိပ္ပါယ် ကို ရှာဖွေနေသော မှတ်တမ်းတစ်ခုလည်းဖြစ်၏။ သိန်းသန်းချီစာအုပ်ပုံများ၌ ဟောင်းနွမ်း၊ပြိုပျက်၊ဖုံးအုပ်နစ်မြုပ်လျက်ရှိသော မြို့ ဟောင်းများ၏ အုပ်ပုံကျောက်ပုံများ၌ ဘာသာသမိုင်းအား မီးမောင်းထိုးပြနေသော သက်သေသာဓကများကို ခေတ်အဆက်ဆက်လူတို့ သည် စိတ်ရှည်လက်ရှည် မမောနိုင်မပန်းနိုင် ရှာဖွေကြ၏။

သူတို့ရှာဖွေတွေ့ရှိသော အရာများ၌ မည်သူမျှ မငြင်းမပယ်၊သံသယမပွားနိုင်သော အချက်တစ်ချက်ကို မှတ်တမ်းပြုထားကြ၏။ ထိုမှတ်တမ်းကား "ခေတ်အဆက်ဆက်၊နေရာအဆက်ဆက်၌ သက်ရှင်နေထိုင်ခဲ့ သောလူသားများတွင် ယုံကြည်သက်ဝင်ရာ ဘာသာတစ္ခု အမြဲရှိခြင်းပင် " ဖြစ်လေသည်။ ကမ္ဘာ ပေါ်ရှိ လူမျိုးတိုင်းတွင် မည်မျှရှေးကျသော လူမျိုးစုအနွယ်ပင်ဖြစ်သည့်တိုင် ယုံကြည်ကိုးကွယ်မှုတစ်ခုရှိတတ်ကြောင်း မနုဿဗေဒ ပညာရှင်များက ပြောနိုင်ပါမည်။

ယုံကြည်သက်ဝင်ရာဘာသာကို အဓိပ္ပါယ် ဖွင့်ဆိုရန် သမိုင်းသုတေသီများနှင့်ဘာသာပါမောက္ခများအားလုံး ကြိုးစားကြ၏။ သို့သော် ယုံကြည်မှုနှင့် ခံယူချက်များ မတူညီမှု၊ ရေးသားပြောဆိုရာ စကားလုံးများခြားနားမှု၊ ဓလေ့ထုံးတမ်းနှင့် ရိုးရာယဉ်ကျေးမှု ကွဲပြားခြင်းများကြောင့် ဘာသာ၏အဓိပ္ပါယ်ကို တစ်မျိုးတည်း ဖွင့်ဆိုရန် အလွန်ခက်ခဲလေသည်။

သတ်ပုံသတ်ထုံး အဓိပ္ပါယ်အရ ဘာသာ(Religion) သည် "ပိုမိုမှတ်ရှုရန်နှင့် အနီးကပ်လေ့လာရန်"ဟု အဓိပ္ပါယ် ရှိသော လာတင်းစာလုံး ရေလေးဂျေရေ(relegere)မှ ဆင်းသက်လာသည်ဟု တချို့က ဆိုကြသည်။ အကယ်၍သာ ဘာသာခေါ်(Religion)သည် ဤစာလုံးမှ ဆင်းသက်လာသည်ဟု လက်ခံပါလျှင် ဘာသာဆိုသည်မှာ "မြတ်စွာဘုရားသခင်ကို ရှာဖွေခြင်း၊ကိုယ်တော်ရှင်ကို ပြားဝတ်ညွတ်တွား ရှိခိုးကိုးကွယ်ခြင်းနှင့် ဆိုင်သောအကြောင်းအရာများကို သေသေချာချာ၊ဂရုတစိုက်၊ဂဃနဏ လေ့လာသင်ကြားခြင်း"ဟု ခေါ်ပါသည်။

တချို့ကမူ မိမိကိုယ်ကို ပေါင်းစပ်ခြင်း (သို့) စွဲမြဲစွာ ချည်နှောင်ခြင်း အဓိပ္ပါယ် ရှိသော ရေလီဂါးရေ (religare) စကား လုံးမှ ဆင်းသက်လာသောကြောင့် "မိမိကိုယ်ကို မြတ်စွာဘုရားသခင်၌ စွဲမြဲစွာဆည်းကပ်ခြင်း" ဟု အဓိပ္ပါယ် ဖွင့်ဆိုကြလေသည်။

တချို့ကလည်း "လူသည် လိုချင်တပ်မက်မှုတဏှာနှင့် အဝိဇ္ဇာအမှောင်လွှမ်းမိုးမှုကြောင့် အမှားပြုကာ ပြုရင်း သူ့ဘဝမှ ပျောက်သွားသော ဘုရားနှင့်တရားသို့ ပြန်လှည့်လာခြင်း"ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်သော ရေအေလိဂျေရေ (re-eligere) စကားလုံးမှ ဘာသာ(သို့) religion စကားလုံး ဆင်းသက်လာပါသည်ဟု ဆိုကြပြန်ပါသည်။

ထို့အပြင် ဘာသာသည် ပေါင်းစပ်ခြင်း၊ဆက်သွယ်ခြင်း အဓိပ္ပါယ် ရေသာ ရေလိဂျီအို (Religio) စကားလုံးမှ ဆင်းလာသည်ဟုလည်း ဆိုကြ၏။ မြတ်စွာဘုရားသခင်ကို ကြည်ညို သဒ္ဒါ ပွားခြင်း၊ ဆည်းကပ်ရိုကျိုး ရှိခိုးပူဇော်ကိုးကွယ် ခြင်း၊ အကျင့်စရဏ ဆောက်တည်ခြင်းများ ပါဝင်လေသည်

ဤသို့ဖြင့် ဘာသာဆိုသည်မှာ လူသည် မြတ်စွာဘုရား၏ တရားဓမ္မအား ယုံကြည် သဒ္ဒါ ပွားလျက်၊ အကျင့်စရဏဆောက်တည်ခြင်းအားဖြင့် ပေါင်းစပ်ခြင်း(သို့) ဆက်သွယ်ခြင်း (Religion) ဟု ရှင်းဆိုလေသည်။

ဤလူသားနှင့်ဘုရား ဆက်သွယ်မှုသည် လောက စကြ၀ဠာ ကြီး၏ ဖြစ်ရှိရပ်တည်မှုအတွက် လူကဘုရားကို မှီခိုနေသော(ontological) ဆက်သွယ်မှု မျိုးကို မဆိုလိုပါပေ။ သို့သော် ဘာသာဆိုသည်မှာ ကျင့်ဝတ် သိက္ခာတရားနှင့် ညီသော ဆက်သွယ်မှုအားဖြင့် အသိ ဉာဏ်ရှိသော လူသားသည် ဘုရားကို မှီခိုသူ ဖြစ်ကြောင်းနှင့် ထိုဆက်သွယ်မှု မွ ရရှိသော တာဝန်ဝတ္တရားများကို သိရှိဝန်ခံကာ မြတ်စွာဘုရားသခင်ကို ယုံကြည်သဒ္ဒါပွားခြင်းနှင့် စရဏအကျင့် ဆောက်တည်ခြင်းတို့ ဖြင့် ကြည်ညိုရိုကျိုးခြင်းဟု ခေါ်ပါသည်။ ယုံကြည်သဒ္ဒါပွားခြင်းနှင့် စရဏအကျင့် ဆောက်တည်ခြင်းတို့သည် စစ်မှန်သော ရှိခိုးကိုးကွယ်ခြင်းဟု ခေါ်သောကြောင့် ဘာသာ(Religion) ဆိုသည်မှာ မြတ်စွာဘုရားသခင်သည် အနန္တော အနန္တ သန့်ရှင်းမြင့်မြတ်တော်မူ၍ ရှိခိုးပူဇော်ထိုက်သောကြောင့် လူသားတို့ ကိုးကွယ်ခြင်း ဂုဏ်အင်္ဂါဟု ဆိုရပေမည်။

အမှန်တွင် ဘုရားအကြောင်းပြောပြရန် အကြွင်းမရှိ ခက်ခဲပါ၏။နက်နဲပါ၏။ ထို့ကြောင့်ပင် ဘာသာကို "မသိနားမလည်နိုင်သောသူအား လူတစ်ဦးအနေဖြင့် ပြည့်ပြည့်စုံစုံ ပြောမပြနိုင်သော အကြောင်းအရာတစ်ခုကို လူ့စကားနှင့် ရှင်းပြနေခြင်း" ဖြစ်သည်ဟုပင် ဆိုရပေလိမ့်မည်။

တဖန် မြတ်စွာဘုရားကို ဗဟိုမပြုပဲ လူနှင့်လူ့ အကျွတ်တရားကိုသာ ဗဟိုပြုကျင့် ဆောက်တည်ကြသော သူများအတွက် ဘာသာကို ဘဝဇာတ်သိမ်း၊ဒုက္ခချုပ်ငြိမ်းရာ အကျွတ်တရားကျင့်စဉ်ဟု အဓိပ္ပါယ် ဖွင့်ဆိုကြလေသည်။

ရံဖန်ရံခါ ဘာသာသုတေသီများအချင်းချင်းတွင် မိမိတို့ယုံ ကြည်ရာနှင့်အမြင်ကိုသာ လက်ဆုပ်လက်ကိုင် စံချိန်မူသေထားကာ ၊တယူသန်ဆန်ဆန်ဖြင့် မိမိယုံ ကြည်ရာသာ ဘာသာအစစ်ဖြစ်၏။ တစ်ပါးသူ၏ယုံကြည်ရာသည် ဘာသာအစစ် မဟုတ်ဟု ဆိုတတ်ကြ၏။ တချို့ကလည်း တပါးသူ၏ ဘာသာတွင် မိမိ၏ ရိုးရာယုံကြည်ချက်များ၊ မိမိဘာသာ၏ စကားလုံးများ မပါဝင်သောကြောင့် မိမိဘာသာသည် (Religion) မဟုတ်၊မိမိဘာသာသည် Religion ထက်မြင့် မြတ်သည်ဟု အရောရောအနှောနှောဆိုတတ်ကြလေ၏။ ဘာသာနှင့်ပတ်သက်၍ အမျိုးမျိုးဝိဝါဒကွဲကာ၊ ငါစွဲစွဲသွားတတ်ကြပါသည်။

ထို့ကြောင့် ဘာသာဟု မြန်မာသုံး မြန်မာစကားလုံးနှင့်ပဲခေါ်ခေါ်၊ ကမ္ဘာ့ စကားလုံး Religion ဟုပဲ ခေါ်ခေါ်၊ ဘာသာ(သို့) Religion သည် လူနှင့်လူ့ဒုက္ခ၊ လူ့ အကျွတ်တရား၊ လူ့ ပညာနှင့်အကျင့်တရားသာလျှင် ပဓာန ထားလျက် သဘာဝထက် သာလွန်ထူးကဲသော ၊ လုံးဝ ဥဿုံ ပြည့် စုံလျက် အလွန့် အလွန် ကောင်းမွန်သော သဘာဝလွန် သစ္စာ တရားများ(transcendence) ကို ပစ်ပယ်ထားလျှင် ဘာသာဆိုသော (Religion) အဓိပ္ပါယ် သည် ပြည့်စုံနိုင်ပါမည်လား။

တဖန် လုံးဝ ဥဿုံ ပြည့်စုံလျက် အလွန့် အလွန်ကောင်းမွန်သော သဘာဝလွန်သစ္စာတရားများနှင့် ထိုသစ္စာရှင်များသာ ပဓာနထားလျက် ၊လူ့ ဒုက္ခ ၊လူ့ ပညာနှင့် လူ့ အကျင့်ကို သာမည ထားပါလျှင်လည်း ဘာသာဆိုသော (Religion) သည် အဓိပ္ပါယ် ရှိနိုင်မည် မဟုတ်ပေ။

လူနှင့်လူသာလျှင် ဗဟိုထားသောကြောင့် (၁၉)ရာစု အစပိုင်းမှစတင်၍ ကမ္ဘာ့ နေရာဒေသအသီးသီးတွင် ဘာသာဝါဒ အသစ်များမျိုးစုံ ပေါ်ပေါက်ခဲ့ရ၏။ ထိုဘာသာဝါဒများတွင် ဘာသာကို လူနှင့် လူ့ ခံစားချက်၊ လူ့ ပညာ၏ရလဒ်အဖြစ် ယူဆကာ လူသားနှင့် သူ၏ပတ်ဝန်းကျင်ကိုသာ အခြေခံလေတော့၏။ ဘာသာကို စီးပွားရေးဗေဒနှင့် လည်းကောင်း(Marx)၊ စေတသိတ် စိတ်ပညာဗေဒနှင့် ၎င်း (Freud)၊ လူမှုရေးဗေဒ (Durkheim)နှင့်လည်းကောင်း ၊ဓမ္မသင်္ဂြိုလ် ဗေဒ (Theology,Barth) အစားထိုးခဲ့ကြလေသည်။

တဖန် ဘာသာတစ်ခု၌ သဘာဝထက်သာလွန်ထူးကဲသော၊ လုံးဝ ဥဿုံ ကောင်းမွန်သော သဘာဝလွန်တရား(transcendence) ကိုသာ ပဓာနထားလျက် လူနှင့်လူ့ ကျင့် ဝတ်ကျင့်စဉ်များကို သာမညထားပစ်ပယ်ပါလျှင်လည်း ဘာသာမဖြစ်နိုင်ပေ။ သဒ္ဒါ ဗေဒသာ ဖြစ်ပေလိမ့်မည်။

ဘာသာတိုင်းတွင် သဘာဝထက်လွန်ကဲသော အဆုံးအစွန် အံ့ ဖွယ်ရာများအကြောင်းကို နည်းမျိုးစုံဖြင့် သင်ကြားနေကြပါ၏။ ဤအချက်ကို သိပ္ပံ နည်းဖြင့်လည်းကောင်း၊ဆင်ခြင်တုံတရားနှင့်လည်းကောင်း စမ်းသပ်၍ မရနိုင်ပါဟု ဆိုကြလေသည်။ဘာသာတိုင်းသည် မျက်မှောက်လောက ကမ္ဘာ အတွက်သာ မဟုတ်ပေ။ နောင်တမလွန်မှ လုံးဝပြည့်စုံကောင်းမွန်သော လောကုတ္တရာ အရေးအတွက်သာ ဖြစ်သည်။ ထိုအနာဂတ်အတွက် ယခုမျက်မှောက် ပစ္စုန်ပ္ပန်၌ နေထိုင်ဆောင်ရွက်ကြခြင်းမည်၏။ သို့ သော် ဘာသာများ အားလုံးသည် မျက်မှောက်ကာလအတွက် မရည်ရွယ်ခြင်းကား မဟုတ်ပါ။ မည်သည်ဘာသာတွင်မဆို မျက်မှောက်ဘဝတွင် လူ့ အကျိုးမပြုသော လူ့ ကျင့် ဝတ်ကို မသင်ကြားပါ။ ထိုလူကျင့်ဝတ်များကို ဘာသာအသီးသီးမှ လူများ လိုက်နာကြပါက လူသားတို့ အဖွဲ့ အစည်း တိုးတက်ကောင်းမွန်ကာ လူတို့ ရည်စူးထားသော အနာဂတ်ဘဝလည်း ကောင်းမွန်လာပေလိမ့်မည်။

ဖော်ပြပါအချက်များကြောင့် ဘာသာ(သို့)Religion ကို အင်္ဂလိပ် မြန်မာအဘိဓာန်ကို ကြည့် ရုံဖြင့် အဓိပ္ပါယ် မဖွင့်ဆိုနိုင်ပါ။
ဥပမာအားဖြင့် English Oxford Dictionary ၌ Religion ကို Belief in worship of a God.A system of faith or worship on such belief (ဘုရားကို ရှိခိုးကိုးကွယ်ခြင်း၌ ယုံကြည်ခြင်း၊ ယုံကြည်ခြင်းစနစ် သို့ မဟုတ် ထိုယုံကြည်ခြင်း၌ ရှိခိုးပူဇော်ခြင်း) ဟု ဆိုလေသည်။ ထိုအဘိဓာန်၏ ကောက်နုတ်ချက်သည် ဘာသာ အဓိပ္ပါယ် ၏ တစ်စိတ်တစ်ဒေသသာဖြစ်၏။ ထို့ကြောင့်ဘာသာကို စာတမ်းတစ်စောင်ပြုရေးသာရန် အင်္ဂလိပ် -မြန်မာအဘိဓာန် တစ်ခုတည်းနှင့်မလုံလောက်ပေ။

ဆရာတော်မာကုတင်ဝင်း
(Ph.D)

 

Add new comment

16 + 4 =