ပထမ ခရူဆိတ်စစ်ပွဲ  FIRST CRUSADE

ပထမ ခရူဆိတ်စစ်ပွဲ  FIRST CRUSADE

အပိုင်း- ၁

အလယ်ခေတ်တွင် ဥရောပနှင့် အရှေ့အလယ်ပိုင်းတို့ဟာ ခရစ်ယာန် နိုင်ငံတော် ဥရောပ နိုင်ငံများ (Christendom) နဲ့ မွတ်စလင်နိုင်ငံများ အကြား ထိပ်တိုက်ထိတွေ့မှုများ ဖြစ်လေ့ရှိသည်။ မွတ်စလင်တပ်များ၏ ထိုးစစ်ကြောင့် ယခင် ခရစ်ယာန် ဒေသဖြစ်သော အီဂျစ်နိုင်ငံတောင်ပိုင်း၊ အာဖရိကမြောက်ပိုင်း၊ ဂျေရုစလင်၊ စပိန်၊ ဆီးရီးယားနှင့် အီတလီ တောင်ပိုင်း ဒေသများသည် ကျူးကျော်အုပ်စိုးခြင်းကို ခံခဲ့ရသည်။ မြေထဲပင်လယ် အရှေ့ဘက်တွင် အဓိက ခရစ်ယာန် အင်အားကြီး နိုင်ငံဖြစ်သော ဖြစ်သော အရှေ့တိုင်း ရောမ အင်ပါယာ Eastern Roman Empire သို့မဟုတ် ဘိုင်ဇင်တိုင်း အင်ပါယာ Byzantine Empire တည်ရှိသည်။

ကနဦးတွင် Fatimid Caliphate မွတ်စလင် အင်ပါယာနှင့် Abbasid Caliphate များသာ တည်ရှိခဲ့သည်။

၁၁ ရာစုတွင် ဘိုင်ဇင်တိုင်း အင်ပါယာအား ပျက်သုဉ်းလောက်အောင် အင်အားချိနဲ့စေသည့် စစ်တပ်သည် အာရှ အလယ်ပိုင်း ဒေသမှ ဆင်းသက်လာသည်။ Seljuk Turks ဆယ်ဂျု့ တက်ခ် လူမျိုးများသည် အာရှ အလယ်ပိုင်း ဒေသမှ ဖြစ်ပြီး ၎င်းတို့သည် တောင်ပိုင်းသို့ ဆင်းသက်လာကာ ဆွန်နီ အစ္စလာမ် ဘာသာသို့ ကူးပြောင်း ယုံကြည်ခဲ့ကာ နယ်မြေများ သိမ်းပိုက်၍ Great Seljuk Empire မဟာ ဆယ်ဂျု့ အင်ပါယာအား တည်ထောင်ခဲ့သည်။

အေဒီ ၁၀၇၁ ခုနှစ်တွင် (ယနေ့ခေတ် တူရကီအရှေ့ပိုင်းတွင်) ဖြစ်ပွားသော Battle of Manzikert မန်းဇစ်ကာ့ တိုက်ပွဲ၌ ဆယ်ဂျု့ တက်ခ် စစ်တပ်များသည် ဘိုင်ဇင်တိုင်း အင်ပါယာ တပ်များကို အကြီးအကျယ် အောင်နိုင်ခဲ့သည်။ ယင်းနောက် ဆယ်ဂျု့ တက်ခ် တပ်များသည် Anatolia အန်နာတိုလီယား (ယနေ့ခေတ် တူရကီ) ရှိ အရှေ့တိုင်း ရောမ အင်ပါယာ မြို့များအား တောက်လျှောက် သိမ်းပိုက်နိုင်ခဲ့ကာ ရှေးဦးအသင်းတော် အားကောင်းခဲ့သော နိုင်ဆီးယားမြို့ Nicaea အား အေဒီ ၁၀၈၁ ခုနှစ်တွင် လည်းကောင်း၊ အန်းတီးယော့ခ်ျ Antioch မြို့အား အေဒီ ၁၀၈၄ ခုနှစ်တွင် လည်းကောင်း ဆယ်ဂျု့ တက်ခ်များက သိမ်းယူနိုင်ခဲ့သည်။

အေဒီ ၁၀၉၂ ခုနှစ်တွင်မူ Great Seljuk Empire မဟာ ဆယ်ဂျု့ အင်ပါယာ၏ ဘုရင် Malik Shah မာလစ် ရှား ကွယ်လွန်ခဲ့ပြီးနောက် သူတည်ထောင်ခဲ့သည့် ဆယ်ဂျု့ ဆွန်နီ အင်ပါယာသည် အစိတ်စိတ် အမွှာမွှာ ကွဲသွားသည်။ သူ၏ မဟာ ဆယ်ဂျု့ အင်ပါယာ နယ်မြေများသည် တူရကီဘက်၌ (Sultanate of Rum) နယ်မြေ၊ Sultan Muhammad နယ်မြေ၊ Sultan Mahmud နယ်မြေ၊ Sultan of Aleppo နယ်မြေ၊ Emir of Damascus နယ်မြေ၊ Sultan Berkyaruq နယ်မြေနှင့် Arghun Arslan နယ်မြေများဟူ၍ အစိပ်စိပ် အမွှာမွှာ ကွဲသွားသည်။ သို့သော် ဘိုင်ဇင်တိုင်း ခရစ်ယာန် အင်ပါယာသည် အသစ် ဖွဲ့စည်းထားသော Sultanate of Rum မှ စစ်ခေါင်းဆောင်များက နယ်မြေနှင့် ဥစ္စာရရန် ပြန်လည် အားဖြည့်ထားသော တိုက်ခိုက်မှုများကို ဆက်လက် ခံစားခဲ့ရသည်။

အေဒီ ၁၀၉၅ ခုနှစ်တွင် ဘိုင်ဇင်တိုင်း အင်ပါယာ ပြည့်ရှင် အလက်ဆီးယပ်စ် ကွန်မီးနက်စ် Alexius I Komnenos သည် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် အာဘန် Pope Urban II အား စာရေးပေးပို့ခဲ့ကာ အနောက် ဥရောပရှိ ခရစ်ယာန်မိတ်ဆွေ နယ်မြေများမှ စစ်အင်အား အထောက်အပံ့ ပေးရန် အရေးပေါ် အကူအညီ တောင်းခံခဲ့သည်။ ထိုသို့ စစ်အင်အား အကူအညီ တောင်းခံမှုကို ယခင်ကလည်း ဘိုင်ဇင်တိုင်းက အနောက်တိုင်း ခရစ်ယာန်များထံ စာပေးပို့ တောင်းခံဖူးသော်လည်း ယခု တစ်ကြိမ်တွင်မူ စာပေးပို့ အကူအညီ တောင်းခြင်းကြောင့် မထင်မှတ်သော ရလဒ်များ ဖြစ်ပေါ်လာလေသည်။

DEUS VULT! ဘုရားရှင် အလိုတော်ရှိသည်။

ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် အာဘန် (ပုပ်အာဘန် ၂) သည် ဘိုင်ဇင်တိုင်း ဧကရာဇ် အလက်ဆီးယပ်စ်၏ အကူအညီ တောင်းခံမှုကို အခွင့်ကောင်း အဖြစ် မှတ်ယူသည်။

ပုပ် အာဘန် ၂ အနေဖြင့် ဆယ်ဂျု့ တက်ခ်များအား တိုက်ထုတ်ရန် ဘိုင်ဇင်တိုင်း အင်ပါယာ၏ အကူအညီ တောင်းခံခြင်းအား စစ်ရေး အကူအညီပေးခြင်းဖြင့်

(၁) အေဒီ ၁၀၅၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အရှေ့တိုင်း သြသိုဒေ့ါ (Orthodox Church) အသင်းတော်နှင့် အနောက်တိုင်း ကက်သလစ် အသင်းတော် (Catholic Church) အကြား အကွဲအပြဲကို ပြန်လည် မွမ်းမံကောင်းမွန်စေမည့် အခွင့်အရေး၊

(၂) အနောက်တိုင်း ခရစ်ယာန် ဘုရင့် နိုင်ငံများ အချင်းချင်း ဖြစ်ပွားသည့် စစ်ပွဲတွင် ပါဝင်ကြသော အုပ်ထိန်းမရသည့် မြို့စားများနှင့် နာခံခြင်း အားနည်းသော ဆရာတော် ဘိရှော့များ အပေါ် ရဟန်းမင်းကြီး သြဇာအာဏာ ဖိစီးသက်ရောက်စေဖို့ အခွင့်အရေး

(၃) Infidel အင်ဖီဒယ်များအား တိုက်ထုတ်ရန် အခွင့်အရေးနှင့်

(၄) လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ က မွတ်စလင်များ လက်အောက် ကျဆင်းခဲ့သည့် ခရစ်ယာန် သာသနာ၏ အမွန်မြတ်ဆုံး သန့်ရှင်းရာ မြေများ ဖြစ်သည့် ဂျေရုစလင်နှင့် အခြား နေရာများအား ပြန်လည် ရယူရန် အခွင့်အရေး အဖြစ် ရှုမြင်သည်။

အေဒီ ၁၀၉၅ ခုနှစ်တွင် ပြင်သစ်ပြည် Clermont ကလဲမွန့်ဒေသ၌ ရဟန်းဆရာတော်များနှင့် မင်းမျိုးမင်းနွယ်များ စုစည်းသည့် ကောင်စီ တွေ့ဆုံရာ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် အာဘန်သည် တရားဒေဿနာတော် ဟောပြောခဲ့သည်။ Council of Clermont ကလဲမွန့် အစည်းအဝေးတွင် တက်ရောက်ကြသူများသည် ဥရောပ ခရစ်ယာန် ဘုရင့်နိုင်ငံတလွှား နာမည်ကြီးလှသည့် မင်းညီမင်းသားများနှင့် ဘာသာရေးဘက်မှ ဆရာတော် ရဟန်းများစွာ ပါဝင်တက်ရောက်ကြသည်။ ပုပ်အာဘန် ၂ ၏ ဒေဿနာ တရားဟောချက်တွင် အရှေ့တိုင်းသို့ သွားကာ အရှေ့တိုင်းရှိ ညီအစ်ကိုတော် ခရစ်ယာန်များအား စစ်ရေး အကူအညီ ပေးရန်နှင့် သန့်ရှင်းရာ ဂျေရုစလင်မြို့အား မွတ်စလင် အုပ်ချုပ်မှု အောက်မှ လွတ်မြောက်စေရန် ဆောင်ရွက်ကြဖို့ ခရစ်ယာန် နိုက် Knights သူရဲကောင်းများ နှင့် ခြေလျင် စစ်သည်များအား ဖိတ်ခေါ်ခဲ့သည်။ ယင်းနောက် ပုပ်အာဘန် ၂ သည် ထိုသို့ စစ်ရေး အကူအညီ ပေးမည့်သူများကို တမူထူးခြားသော ဝိညာဉ်ရေး အခွင့်အလမ်းတစ်ခု ပေးခဲ့သည်။

Whoever for devotion alone, not to gain honour or money, goes to Jerusalem to liberate the Church of God can substitute this journey for all Penance.

ငွေကြေးဥစ္စာ၊ ဂုဏ်ပကာသန အတွက် မဟုတ်ပဲ ယုံကြည်ကိုးစားမှု တစ်ခုတည်း အပေါ် အခြေခံ၍ ဂျေရုစလင်သို့ သွားကာ ဘုရားရှင်၏ အသင်းတော်အား လွတ်မြောက်စေမည့် မည်သူကိုမဆို ဤခရီးအားဖြင့် အပြစ်လွှတ်ခြင်း အခွင့်ကို ရရှိမည်။ ဟု ပုပ်အာဘန် ၂ က ကြေညာခဲ့သည်။

အကြမ်းဖက်မှုများဖြင့် အသက်မွေးနေထိုင်ကြသော ဥရောပရှိ ခရစ်ယာန် Knights သူကောင်း စစ်သည်များသည် ကယ်တင်ခြင်း မရှိပဲ ငရဲသွားရမည်ကို ကြောက်ရွံ့ကြသောကြောင့် ၎င်းတို့၏ အပြစ်များအား ဒဏ်ဆပ်ဖြေ ခွင့်လွှတ်ချမ်းသာရရန် အလို့ငှာ ရဟန်းမင်းကြီး ဖိတ်ခေါ်သော စစ်ရေး ခရီးစဉ်အား အခွင့်အရေး အဖြစ် ရှုမြင်ကြသည်။ ထို့အပြင် ၎င်းတို့၏ စစ်ရေး ရည်ရွယ်ချက် ဖြစ်သော ဂျေရုစလင်မြို့ကြီးမှာ အလယ်ခေတ် ပညာရှင်များက ကမ္ဘာပေါ်တွင် အမွန်မြတ်ဆုံး နေရာ အဖြစ် သတ်မှတ်ဖော်ဆိုကြသည် ဖြစ်ရာ ဂျေရုစလင်သို့ စစ်ချီခရီးစဉ်တွင် ပါဝင်လိုသူများ ရှိကြသည်။

ဤသို့ဖြင့် အေဒီ ၁၀၉၅ ခုနှစ်တွင် ကလဲမွန့်၌ ဟောကြားခဲ့သော ရဟန်းမင်းကြီး အာဘန် ၂ ၏ ဖိတ်ကြားချက် ဒေဿနာ တရားတော်သည် နားထောင်သူ မင်းမျိုးမင်းနွယ်များနှင့် ဆရာတော် ရဟန်းဘုန်းကြီးများ အကြား စိတ်လှုပ်ရှား တက်ကြွမှု ဖြစ်စေခဲ့ကာ Deus Vult! Deus Vult! (God wills it!) ဘုရားရှင် အလိုတော် ရှိသည်ဟု တခဲနက် ကြွေးကြော်ခဲ့သည်။ ယင်းနောက် ဆရာတော် ဘိရှော့ Adhemar က ပုပ်အာဘန် ၂ ရှေ့သို့ ဒူးထောက်ကာ ဂျေရုစလင်သို့ စစ်ချီမည့် စစ်သည်များအား ဦးဆောင်လိုပါကြောင်း ဒူးထောက် တောင်းဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ ကလဲမွန့် အစည်းအဝေးအတွင်း ဟောကြားသည့် ဒေဿနာတော် သတင်းစကားသည် ဥရောပတလွှား ပြန့်နှံ့ခဲ့ကာ ပုပ်အာဘန်၏ ဖိတ်ကြားချက်ကို လက်ခံလိုသူများစွာ ရှိခဲ့သည်။ သန့်ရှင်းမြေ ဂျေရုစလင်သို့ စစ်ချီကာ ယေဇူးခရစ်တော် အတွက် တိုက်ပွဲဝင်လိုသူ ထောင်ပေါင်းများစွာသော မင်းမျိုးမင်းနွယ် အုပ်ချုပ်သူများ၊ Knights သူကောင်း စစ်သည်များနှင့် သာမန် အရပ်သားများ ရှိလာသည်။

ထိုသို့ ခရစ်တော် အတွက် တိုက်ပွဲဝင်လိုသူများသည် လက်ဝါးကားတိုင် အမှတ် Cross ပါသော သံချပ်ကာ အဆောင်အယောင်များအား ဝတ်ဆင်ကာ သီးခြား သတ်မှတ်လာကြပြီး နောက်ပိုင်းတွင် ၎င်းတို့အား ခရုချေ စီနားတုစ် (Crucesignatus) ဟု လက်တင်လို ခေါ်ကြသည်။ ထိုသို့ ခရုချေ စီနားတုစ် (Crucesignatus) အခေါ်အား အင်္ဂလိပ်လို Crusader ခရူဆိတ် စစ်သည်များဟု လူသိများကြသည်။ ခရစ္စတူး အမှတ်နှင့် စစ်သည်များတွင် အနည်းငယ်မျှသော သူများသည် စစ်မချီမီကတည်းက ဂုဏ်ပကာသနနှင့် ကြွယ်ဝ ချမ်းသာမှုအား လိုလားကြကာ အခွင့်အရေး တစ်ခုအဖြစ် ပုပ်ရဟန်းမင်းကြီး၏ ဖိတ်ခေါ်ချက်အား လက်ခံကြသော်လည်း စစ်ချီရာတွင် ပါဝင်ကြသော ခရစ်ယာန်စစ်သည် အများစုသည် ၎င်းတို့၏ ဝိညာဉ်ရေး ကယ်တင်ခြင်း ရလိုသဖြင့် အင်မတန် ပင်ပန်းကြမ်းတမ်းကာ ကုန်ကျစရိတ် ကြီးမားလှသော ဤခရီးစဉ်ကို ပါဝင်ကြခြင်း ဖြစ်သည်။

အပိုင်း ၂ ဆက်ရန်

Lawrence Jangma Mung Song

Crd to Lawrence Jangma Mung Song

Add new comment

12 + 7 =