တွေ့ဆုံနှီးနှောဖလှယ်ခြင်းကသာသနာပြုခြင်းနဲ့လုံး၀မတူညီပါ

#တွေ့ဆုံနှီးနှောဖလှယ်ခြင်းကသာသနာပြုခြင်းနဲ့လုံး၀မတူညီပါ

လူတိုင်းမှာ မိမိရဲ့ယုံကြည်ခြင်းကို တစ်ခြားနည်းမှန်၊ လမ်းမှန်တွေနဲ့ တစ်ခြားသူတွေနဲ့မျှဝြေပီး သာသနာပြုနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတာကို အခိုင်အမာ သဘောပေါက်ပြီးပြီဆိုရင်၊ တစ်ချိန်ထဲမှာ သတိပြုရမဲ့ နောက်တစ်ချက်က သာသနာပြုခြင်းနဲ့ တွေ့ဆုံနှီးနှောခြင်းတို့ဟာ လုံး၀မတူညီဘူးဆိုတာကို ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုနှစ်ခုမှာ ခြားနားတဲ့ ရည်စူးချက်နှစ်ခုရှိတယ်။ ရယူ ရမဲ့ ဦးတည်ချက်၊ ပန်းတိုင်ကလည်း မတူပါဘူး။ တွေ့ဆုံနှီးနှောခြင်း(Dialogue) အားဖြင့် ဘာသာအယူဝါဒ မတူညီကြတဲ့သူတွေနဲ့ တွေ့ဆုံပြီး၊ သူတို့ ရှင်းလင်းပြောပြတာတွေကို နားထောင်မယ်။

နားလည်သဘောပေါက်အောင် ကြိုးစားမယ်၊ အသိတရားတွေ၊ ဗဟုသုတတွေ တိုးပွားကြွယ်၀လာစေမယ်။ အတူတကွ ပူးပေါင်းလက်တွဲပြီး လူ့အဖွဲ့အစည်း ကောင်းစားစေဖို့ ကြိုးစားကြမယ်။ ဒါတွေက တွေ့ဆုံးနှီးနှောခြင်းရဲ့ ဦးတည်ချက်၊ ရည်စူးချက်တွေ ဖြစ်ပါတယ်။ တွေ့ဆုံနှီးနှော ဖလှယ်နိုင်ဖို့က ပါ၀င်တက်ရောက် သူတိုင်းမှာ မိမိဘာသာရဲ့ ကိုယ်ပိုင် ဝိသေသ (Religious Identity) တွေကို ရှင်းရှင်း၊ လင်းလင်း နားလည်သဘောပေါက်ပြီး အေးအေး၊ ဆေးဆေးရှင်းပြနိုင်စွမ်း ရှိဖို့လိုပါတယ်။

သာသနာလုပ်ငန်းတွေ လုပ်ဆောင်ရခြင်းရဲ့ ဦးတည်ချက်၊ ရည်မှန်းချက် ပန်းတိုင်ကတော့ အခြားဘာသာ၀င်ပဲဖြစ်ဖြစ်၊ ဘာဘာသာကိုမှ မယုံကြည်သူတွေပဲ ဖြစ်ဖြစ် မိမိတို့ဘာသာထဲ ၀ငျလာစဖေို့ ဖြစ်ပါတယ်။ သာသနာပြုရာမှာ ဟောပြော ကြေညာခြင်းရှိမယ်၊ သွန်သင်ခြင်း၊ ဘုရားစကား သင်ကြားပို့ချခြင်း၊ သတင်းအချက် အလက်တွေနဲ့ စာအုပ်တွေထုတ်ဝြေခင်း၊ ဘာသာရေးပွဲတော်တွေမှာ ပါ၀င်ဆင်နွှဲဖို့ ဖိတ်ခေါ်ခြင်း၊ သာသနာရဲ့ သမိုင်းကြောင်းနဲ့ သာသနာ့ဖခင်ကြီးများအကြောင်း ပြောပြခြင်း၊ ဒီဘာသာထဲသို့၀င်ခြင်းအားဖြင့် ရရှိလာမဲ့ ဝိညာဉ်ရေး အကျိုးကျေးဇူးတွေကို ပြောပြ ခြင်းတို့ပါ၀င်တယ်။

သာသနာပြုခြင်းနဲ့ တွေ့ဆုံနှီးနှောခြင်း ဒီလှုပ်ရှားမှုနှစ်ရပ်စလုံးဟာ ကောင်းတဲ့အရာ တွေဖြစ်သလို တရား၀င် အသိအမှတ်ပြုထားတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ခုဟာ မတူကြဘဲ သီးခြားစီဖြစ်ပါတယ်။ တစ်ခုကို နောက်တစ်ခုအတွက် ခုတုံးလုပ်ပြီး အသုံးပြုလို့ မရပါဘူး၊၊ ဘာသာထဲပြောင်း၀င်လာအောင် ပြုလုပ်ခြင်းက တွေ့ဆုံးနှီးနှောဖလှယ်ခြင်းရဲ့ ရည်မှန်းချက် မဟုတ်ပါ။

ယုံကြည် ကိုးကွယ်မှု အယူဝါဒ မတူညီသူတွေနဲ့ တွေ့ဆုံနှီးနှောခြင်း ပြုလုပ်တဲ့သူတိုင်း နားလည်သဘောပေါက် လက်ခံထားရမဲ့ အရေးကြီးတဲ့ အချက်က၊ ဒီလို နှီးနှောဖလှယ်ခြင်းရဲ့ ရည်ရွယ်ချက်က သူ့ကို မိမိဘာသာထဲ ၀င်လာစေဖို့ မဟုတ်ပါဘူး။ တစ်ဖက်လူကို ဘာသာပြောင်းလာအောင် ပြုလုပ်ခြင်းက နှီးနှောဖလှယ်ခြင်းရဲ့ ဦးတည်ချက် ပန်းတိုင်ဆိုရင်တော့၊ မိမိဟာ ရွေးစရာနှစ်ခုနဲ့ ရင်ဆိုင်လာရပါလိမ့်မယ်။ မိမိရဲ့ ရည်ရွယ်ချက်ကို ဖွင့်ပြောရင်ပြော၊ ဒါမှမဟုတ် မပြောဘဲနဲ့ ဖုံးကွယ်ထားရင် ထားလိ့မ်မယ်။ အကယ်၍ မိမိရဲ့ ရည်ရွယ်ချက်က ဒီလိုရှိတယ်လို့ ဖွင့်ပြောလိုက်တယ်ဆိုရင်၊ တစ်ဖက်လူက တစ်ခါတည်း လှည့်ထွက်သွားမှာပဲ။ အဲဒီမှာတင် နှီးနှောဖလှယ်ခြင်းက အရာမထင်ဘဲ ရပ်ဆိုင်းသွားလိမ့်မယ်။ အကယ်၍ တစ်ဖက်လူက လှည့်ထွက်မသွားပဲ၊ ဘာသာတရားအကြောင်း ရှင်းပြတာကို ဆက်ပြီး လိုလို၊ လားလားနဲ့ နားထောင်တယ်ဆိုရင်လည်း၊ ကျွန်တော်တို့က နှီးနှောခြင်း လုပ်တော့တာ မဟုတ်ဘဲ၊ တစ်ဖက်လူ ဘာသာထဲမ၀င်ခင် ဘာသာအကြောင်း သင်ကြားပို့ချနေခြင်းသာလျှင် ဖြစ်သွားတော့တယ်။

အကယ်၍ တစ်ဖက်လူကို မိမိ ဘာသာထဲ ပြောင်းလာအောင် ပြုလုပ်လိုခြင်းက နှီးနှောခြင်းရဲ့ ရည်စူးချက်ဖြစ်တယ်လို့ ဖွင့်မပြောဘဲနဲ့ လျှို့ဝှက် ဖုံးကွယ်ထားပြီး တွေ့ဆုံနှီးနှောခြင်းကို ပြုလုပ်တယ်ဆိုရင်၊ ဒါဟာ ဘာသာရေး တရားမ၀င် မှောင်ခိုလုပ်ခြင်း ဖြစ်သွားပြန်တယ်၊၊ မိမိရဲ့ တကယ်ရည်ရွယ်ရင်းကို ဖုံးကွယ်ပြီး၊ တစ်ဖက်လူကို ဘာသာပြောင်းလာအောင် လုပ်ခြင်း ဖြစ်တယ်၊ ဒါကို မမှန်ကန်တဲ့ နည်းလမ်းနဲ့ သာသနာပြုခြင်း Proselytismလို့ ခေါ်ဆိုနိုင်ပါတယ်၊၊ ဒီလို ပြုလုပ်တဲ့သူအတွက်ကော၊ လှည့်စား ခံရတဲ့သူအတွက်ပါ မသင့်တော်တဲ့ အရာဖြစ်ပါတယ်။

တွေ့ဆုံနှီးနှောဖလှယ်ခြင်းမှာ ပါ၀င်ခြင်းအားဖြင့် ဘုရားသခင်ဆီကို ပြောင်းလဲလာရမယ်။ ဘယ်လိုပဲဖြစ်စေ၊ ပြောင်းလဲခြင်း (conversion)ဟာ တွေ့ဆုံနှီးနှောဆက်ဆံခြင်းပြုရာမှာ ရှိရမဲ့ လိုအပ်တဲ့ စိတ်နေစိတ်ထားအဖြစ်၊ ဒီနှီးနှောခြင်းရဲ့ ရလဒ် အကျိုးကျေးဇူးအဖြစ် မှန်ကန်စွာ အသုံးပြုပြောဆိုနိုင်တဲ့ အချိန်အခါလည်း ရှိပါတယ်။ ဒီနေရာမှာ ပြောင်းလဲခြင်းကို ပို၍ မြင့်မြတ်တဲ့ ပြောင်းလဲခြင်းမျိုး ဖြစ်တဲ့၊ ဘုရားဆီသို့ ပြုပြင်ပြောင်းလဲစေခြင်း (conversion to God)ကို ဆိုလိုပါတယ်။ တစ်ခြားဘာသာ၀င်တွေနဲ့ တွေ့ဆုံနှီးနှောတဲ့ ယုံကြည်သူတိုင်းဟာ ဘုရားသခင်ရဲ့အစီအမံ၊ အမှုတော်တွေကိုပို၍၊ ပို၍ လက်ခံနိုင်အောင် ကြိုးစားရပါမယ်။ တခြားဘာသာ၀င်တွေနဲ့ တွေ့ဆုံခြင်းအားဖြင့် ဘုရားသခင်က မိမိရဲ့ အလိုတော်ကို ဖေါ်ပြတာ ဖြစ်နိုင်ပါတယ်။ ဒီလိုတွေ့ဆုံခြင်းဟာ မိမိရဲ့ ယုံကြည်ခြင်းကို ပို၍ နက်နက်ရှိုင်းရှိုင်း သစ္စာရှိလာနိုင်အောင် စိန်ခေါ်မှုတစ်ရပ် ဖြစ်နိုင်ပါတယ်။

ဥပမာအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ၊ သံဃာတို့ရဲ့ ဝိနည်း စည်းကမ်းတွေနဲ့ ထိတွေ့ခွင့်ရတဲ့ ကက်သလစ်တစ်ယောက်အနေနဲ့၊ ခြိုးခြံခြင်းတွေ ပိုပြီး ပြုလုပ်လာအောင်၊ ဆေးလိပ်ကို လျှော့သောက်လာအောင်၊ သူတော်စင် လမ်းစဉ် ဘ၀ကိုခံယူသူများနဲ့ အိမ်ထောင်သားမွေးမပြု၊ ကာမဂုဏ် လိုက်စားခြင်းမပြုဘဲ မိမိကိုယ်ကို တထူးတခြား ဆက်ကပ်သူများကဲ့သို့၊ သန့်ရှင်းစင်ကြယ်ခြင်း ကတိသစ္စာကို ခံယူဖို့ စတဲ့ စိန်ခေါ်မှုတွေကို ခံစားရစေပါတယ်။ ပထမအဆင့်အနေနဲ့ ဘုရားဖက်သို့ ဦးတည်ပြုပြင် ပြောင်းလဲလာပြီးတဲ့နောက်၊ မိမိတို့ ဘ၀ကို ဘုရားအား ဆက်ကပ်နိုင်တဲ့အဆင့်ထိ တိုးတက်စေရမယ်၊၊ မိမိဘ၀တစ်လျှောက်လုံး အစဉ်မပြတ်၊ အမြဲတမ်း ပြုပြင်ပြောင်းလဲနေစေဖို့ ဆိုတာ၊ တွေ့ဆုံနှီးနှောခြင်းအားဖြင့် အဓိက ဖြစ်လာစေတာ မဟုတ်ပေမယ့်လည်း၊ ဒီလို ပြောင်းလဲနိုင်ဖို့ ကူညီပေးနိုင်စေပါတယ်။

လိုအပ်ချက်ကတော့၊ တွေ့ဆုံနှီးနှောခြင်းမှာ ပါ၀င်သူတွေက မိမိတို့ရဲ့ နှလုံးသားကို ဘုရားသခင်ရဲ့အစီအမံ၊ အမှုတော်တွေဆီကို ပိတ်မထားဘဲ၊ ဘုရားသခင်ရဲ့အလင်းတော် ခေါ်ဆောင်ရာနောက်ကို လိုက်ပါလိုတဲ့ ဆန္ဒနဲ့ နှလုံးသားတွေကို ဖွင့်လှစ်ထားရပါမယ်။ တွေ့ဆုံ နှီးနှောဖလှယ်ခြင်းကို အသိပညာ ဗဟုသုတပိုင်းမှာပဲ ငြင်းခုံ ဆွေးနွေးရုံသက်သက်နဲ့ ငြင်းခုံတတ်၊ မေးခွန်း ထုတ်တတ်လာအောင် လေ့ကျင့်ပေးရုံ သက်သက်ပဲ မဖြစ်စေချင်ဘူးဆိုရင်၊ ခုနကပြောခဲ့တဲ့ နှလုံးသားဖွင့်လှစ်ခြင်းဆိုတာ လိုအပ်ပါတယ်၊၊

အလင်းတော်ရဲ့ ဦးဆောင်ရာနောက်ကို လိုက်လိုတဲ့ ဆန္ဒရှိတယ် ဆိုရာမှာ၊ တခြားဘာသာမှာရှိတဲ့ မှန်ကန်တဲ့ အရာမှန်သမျှ၊ သန့်ရှင်းမြင့်မြတ်တဲ့၊ ကောင်းမွန်တဲ့ အရာတွေကို ချီးမွမ်းတတ်ခြင်း၊ ဒီလိုကောင်းမွန်တဲ့ အချက်တွေ တည်ရှိနေခြင်းအတွက် မိမိအနေနဲ့ ၀မ်း​မြောက်ခြင်း၊ ဒီအရာတွေအတွက် ဘုရားသခင်ကို ချီးမွမ်းထောမနာပြုခြင်းကို ဆိုလိုပါတယ်။

လူတိုင်းမှာ ဘာသာရေး လွတ်လပ်ခွင့် ရှိကြတယ်ဆိုတဲ့အကြောင်း ပြောခဲ့ပြီးပြီ။ ဘယ်သူတစ်ဦးတစ်ယောက်၊ ဘယ်အစိုးရ၊ ဘယ်အဖွဲ့အစည်းကမှ ဘာသာရေးနဲ့ ပတ်သက်ပြီး အတင်းအဓမ္မ မပြုလုပ်သင့်ပါဘူး။ နောက်တစ်ချက်က လူတိုင်း၊ သူတိုင်းမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အမှန်တရား (Truth)ကို စစ်မှန်ရိုးသားစွာ ရှာဖွေရမယ့် ဘုရားပေးတာ၀န် ရှိပါတယ်၊၊ အမှန်တရားကို ရှာတွေ့ပြီးရင်လည်း အဲဒီအမှန်တရားကို လက်ခံကျင့်သုံးရမယ့် တာ၀န်ရှိတယ်၊ ဒီလိုမှမဟုတ်ဘူးဆိုရင် အမှန်တရားကနေ ဝေးရာဆီကို၊ အလင်းတော် နဲ့ ဝေးရာဆီကို ထွက်ပြေးတိမ်းရှောင် ရာရောက်ပါတယ်၊၊

နောက်တစ်ချက်၊ ဘာသာမတူသူတွေနဲ့ နှီးနှောဖလှယ်ခြင်း ပြုရာကနေ မိမိဘာသာဆီကို ပြောင်းလဲလိုတဲ့ ဆန္ဒဖြစ်လာရင် ဘုရားသခင်ရဲ့ အလိုတော်ဖြစ်တယ်လို့ သတ်မှတ်နိုင်မလား။ ဒါက အင်မတန်အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဘုရားသခင်ရဲ့ အမှုတော်တွေကို ဘယ်ဟာက အလိုတော်ဖြစ်တယ်၊ ဘယ်ဟာက မဟုတ်ဘူးဆိုပြီး စည်းမျဉ်းသတ်မှတ်ထားလို့ မရနိုင်ပါဘူး။ တကယ်လို့ ယုံကြည်သူတစ်ယောက်ဟာ ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်လာရရင် ဆုတောင်းခြင်း၊ အပြန်ပြန် အလှန်လှန် သုံးသပ်ခြင်း၊ စစ်မှန်တဲ့ အသိပညာနဲ့ ကြွယ်၀သူတွေဆီကနေ အကြံဥာဏ် တောင်းခံခြင်းတို့ ပြုလုပ်ဖို့ လိုအပ်ပါတယ်၊၊ အကယ်၍ ကက်သလစ်တစ်ယောက်က ဒီလို ခက်ခဲတဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့လာ ရပြီဆိုရင်၊ ဓမ္မသင်္ဂြိုလ်ပညာရှင် ကောင်းကောင်းတစ်ယောက်ကနေပြီး၊ ကယ်တင်ခြင်း (salvation)နဲ့ အသင်းတော်(Church)ထဲမှာပါ၀င်ခြင်း အကြောင်းတွေနဲ့ ပတ်သက်ပြီး အသင်းတော်ရဲ့သွန်သင်ချက်၊ အထူးသဖြင့် ဒုတိယဗာတီကန် သွန်သင်ရှင်းပြချက် (Lumen Gentium 14)ကို ရှင်းပြပေးဖို့ လိုပါတယ်။ မိမိရဲ့ သြတ္တပစိတ်ကို မှန်ကန်တဲ့ သွန်သင်ချက်(doctrine)တွေနဲ့ ထိန်းသိမ်းပြုပြင်ရမယ်ဆိုတာကို သတိပြုရပါမယ်။

ကက်သလစ်တစ်ယောက်အနေနဲ့ ဒီမှန်ကန်တဲ့သွန်သင်ချက်တွေကို အသင်းတော်ရဲ့ သွန်သင်ပိုင်ခွင့် အာဏာနဲ့သွန်သင်ခြင်းအရ သိရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း လူတိုင်း နောက်ဆုံးသောနေ့မှာ ဘုရားသခင်ရဲ့တရား စီရင်ရာပလင်ရှေ့ ရောက်တဲ့အခါမှာ မိမိ ဘ၀မှာပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအတွက် ဖြေကြားရမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို အတင်းအဓ္ဓမအကြပ်ကိုင်ပြီး သူ့ရဲ့ သြတ္တပစိတ်နဲ့ ဆန့်ကျင်တဲ့အရာကို ပြုလုပ်ခိုင်းခြင်းမျိုးကို လုံး၀ ရှောင်ကြဉ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုပြုလုပ်ခြင်းအားဖြင့် လူ့အခြေခံ အခွင့်အရေးဖြစ်တဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးခြင်းမျိုး ဖြစ်ပါတယ်။

မိမိရဲ့ သြတ္တပ စိတ်အတိုင်း တခြားဘာသာကို ကူးပြောင်းသွားတဲ့ လူတစ်ယောက်ကို လူ့အသိုင်းအဝိုင်းကနေ ပယ်ထုတ်ခြင်း၊ နိုင်ငံသားအဖြစ် အခွင့်အရေးတွေကို ရုပ်သိမ်းခြင်း၊ သေဒဏ်စတာတွေနဲ့ ခြိမ်းခြောက် အပြစ်ပေးခြင်းမျိုးကိုတော့ လုံး၀ မပြုလုပ်သင့်ပါဘူး။ ဒီလိုမျိုး ဖိအားတွေကို အသုံးပြုနေတဲ့ လူ့အဖွဲ့အစည်းတွေ၊ ဘာသာတွေမှာ လူသားတွေကို ဒီလိုပြုမူခြင်းဟာ သင့်တော်လျော်မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးဆိုတာ နားလည်သဘောပေါက် သိမြင်လာအောင် လမ်းညွှန် ကူညီပေးမယ့် အမြင်ကျယ်တဲ့ ခေါင်းဆောင်တွေ၊ ပြုပြင်ပြောင်းလဲခြင်းကို ပြုလုပ်လိုတဲ့သူတွေရှိဖို့ လိုအပ်နေပါတယ်။ သြတ္တပစိတ်ကိုအတင်း အဓ္ဓမ အကျပ်ကိုင်ခြင်းဆိုတာ မပြုလုပ်အပ်ပါဘူး။ ဘာသာရေးနဲ့ပတ်သက်တဲ့ အရာတွေမှာ လူတိုင်းဖန်ဆင်းရှင်နဲ့ တရားသူကြီးဖြစ်တဲ့ ထာ၀ရဘုရားသခင်အတွက် ကိုယ့်တာ၀န်ကို ယူပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ရှိရမှာ ဖြစ်ပါတယ်။ ဘုရားရဲ့အစီအမံ အမှုတော်တွေအတွက် မိမိရဲ့နှလုံးသားကို အစွမ်းကုန် ဖွင့်လှစ်ထားရမှာ ဖြစ်တယ်၊၊ ဘုရားသခင် ညွှန်ပြပေးတဲ့ အလင်းတော်နဲ့ လမ်းညွှန်မှုတွေ နောက်ကို ၀န်ခံပြီး လက်ခံလိုက်ကျင့်ဖို့

ပျက်ကွက်ခဲ့ခြင်းအတွက် ဖြစ်လာမယ့် ဆိုးကျိုးတွေကို မိမိဖာသာ မိမိ တာ၀န်ယူရမှာ ဖြစ်ပါတယ်။

ဘုန်းတော်ကြီးရစ်ချက်လှမင်းဦး

Add new comment

2 + 7 =