ငါ သေရမှာ ကြောက်တယ်။

ငါ သေရမှာ ကြောက်တယ်။

စိတ်ပညာရှင်တွေ ပြောပါတယ်၊ “ကလေးသူငယ်တွေတောင်မှ သေရမှာကြောက်ကြပါတယ်” တဲ့။ ဒါကြောင့် သေဖို့ ကြောက်စိတ်မရှိဘူးဆိုရင် သင်တစ်ခုခုမှားနေပြီ။

ကျွန်တော်တို့တွေဟာ သေခြင်းကို ဘာ့ကြောင့်ကြောက်ရသလဲဆိုရင် အကြောင်းတရား နှစ်ခုရှိပါတယ်။ ပထမတစ်ချက်ကတော့ သေခြင်းတရားဆိုတာဟာ ကျွန်တော်တို့ မသိနားမလည်နိုင်တဲ့ ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ မည်းမှောင်နေတဲ့ အခန်းတစ်ခုလို မသိမမြင်ရဘဲ၊ နားမလည်တဲ့အရာတွေကို ကျွန်တော်တို့ ကြောက်နေကြတာဟာ သဘာဝကျပါတယ်။ ခရစ်ယာန်တရားတော်က ဒီအမှောင်ထုကြီးပေါ်မှာ အလင်းရောင်ထွန်းလင်းပေးပါတယ်။

“ထာဝရ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းသည် အသက်၏စမ်းအိုင်တစ်ခုဖြစ်၍ လူတစ်ဦးအား သေခြင်း၏ ကျော့ကွင်းတို့မှ ရှောင်လွှဲစေနိုင်၏။” (ပညာအလိမ္မာ ၁၄း၂၇)

ယေဇူးခရစ်တော်ကလည်း တမလွန်ဘဝရှိကြောင်း ကျွန်တော်တို့ကို အခိုင်အမာမိန့်မှာခဲ့တယ်။ “သားတော်၌ ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို မယုံကြည်သောသူမူကား၊ ထာဝရအသက်ကို မြင်ရလိမ့်မည်မဟုတ်။ သို့သော် ဘုရားသခင်၏ အမျက်တော်သည် ထိုသူ၏အပေါ်၌ တည်လိမ့်မည်ဟုဆိုလေ၏။” (ရှင်ယောဟန် ၃း၃၆)

သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် တမလွန်ဘဝရှိကြောင်း ယေဇူးခရစ်တော်ကိုယ်တိုင် သက်သေခံခဲ့ပါတယ်။ “ထိုအခါ သူက သူတို့အားဆိုသည်မှာ မကြောက်ကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်တင်၍ အသတ်ခံရသော နာဇရက်မြို့သား ယေဇူးကိုရှာနေကြ၏။ ကိုယ်တော်သည် ရှင်ပြန်ထမြောက်တော်မူလေပြီ။ ကိုယ်တော်သည် ဤနေရာ၌မရှိ။” (ရှင်မာကု ၁၆း၆)

သေခြင်းကို ကြောက်ရတဲ့ ဒုတိယအချက်ကတော့ ဘုရားသခင်ကို မျက်နှာချင်းဆိုင် တွေ့ဆုံရမှာကို ကျွန်တော်တို့ ရင်မဆိုင်ရဲလို့ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ ကောင်းကင်ဘုံနှင့် သော်လည်းကောင်း၊ ဘုရားနှင့် သော်လည်းကောင်း မထိုက်တန်မှန်း ကျွန်တော်တို့ရဲ့ အတွင်းစိတ်နှလုံးမှာ သိရှိနေကြလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံး အပြည့်ဝဆုံး ဆိုတဲ့ အရာတွေထဲမှာတောင် အနည်းငယ်သော ချွတ်ယွင်းချက်လေးတော့ ရှိစမြဲပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အကောင်းဆုံး လုပ်နိုင်တဲ့အရာတစ်ခုက ကျွန်တော်တို့ရဲ့ ချွတ်ယွင်းချက်တွေကို အရင်ဦးဆုံးဝန်ခံဖွင့်ဟဖို့ပဲ ဖြစ်ပါတယ်။

သေခြင်းရဲ့ကြောက်လှန့်စေနိုင်တဲ့၊ နာကျင်စေနိုင်တဲ့ အစွမ်းတန်းခိုးဟာ အပြစ်တရားကနေ ရရှိတာဖြစ်ပါတယ်။ “သေမင်း၏ အဆိပ်ဆူးကား အပြစ်ဒုစရိုက်ပေတည်း။” ( ပ-ကော်ရိန့်သု ၁၅၈၅၆ )

အခုလတ်တလောအချိန်မှာ ဖုံးကွယ်ခြင်းမရှိ၊ ခုခံကာကွယ်ခြင်းမရှိ ရှောင်တိမ်းခြင်းမရှိဘဲ ဘုရားသခင်ကို နဖူးတွေ့ ဒူးတွေ့ တွေ့ဆုံချင်ပါသလား။ ဒီမေးခွန်းက ဘာနဲ့တူသလဲဆိုရင် ဒီကနေ့သင်တွေးတောသမျှ၊ ဒီကနေ့ သင်ခံစားသမျှ၊ တပ်မက်သမျှ အရာအားလုံးကို တစ်ကမ္ဘာလုံးက လူတွေတွေ့မြင်အောင် ညနေ(၆)နာရီ သတင်းမှာ ပြသစေချင်သလားဆိုတဲ့ မေးခွန်းနဲ့ တူပါတယ်။

ယေဇူးခရစ်တော်က အပြစ်တရားရဲ့ အရှုပ်ထုပ်ကို ဖြေရှင်းပေးဖို့ ဒီကမ္ဘာကို ကြွလာရခြင်းဖြစ်ပါတယ်။ ခရစ်ယာန်တရားရဲ့ အဓိက သတင်းစကားကတော့ ယေဇူးခရစ်တော်က ကျွန်တော်တို့ကို အပြစ်ကနေ ခွင့်လွှတ်ပေးတော်မူတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ အပြစ်ရဲ့ အဖိုးအခဖြစ်တဲ့သေခြင်းကို သူပေးဆပ်ခဲ့တယ်။ ကော်ရိန့်သုဩဝါဒစာ ပထမစာစောင် အခန်းကြီး ၁၅း၅၆ မှာ “သေမင်းရဲ့အဆိပ်ဆူးက အပြစ်ဒုစရိုက်ဖြစ်တယ်” တဲ့။ အဲဒီအဆိပ်ဆူးကို တိုင်တော်ပေါ်က ယေဇူးခရစ်တော်က ခံထမ်းခဲ့ပါတယ်။ ဒါကြောင့် အခုမှာတော့ သေခြင်းတရားဟာ အဆိပ်ဆူးမရှိတဲ့ ပျားတစ်ကောင်လို ဖြစ်နေပါပြီ။ ကျွန်တော်တို့ကို ဒုက္ခမပေးနိုင်တော့ပါဘူး။ သေခြင်းက ကျွန်တော်တို့ကို ဘုရားရဲ့ ရှေ့မျက်မှောက်တော်ကို ခေါ်ဆောင်ပေးပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကျွန်တော်တို့အတွက် ကောင်းကင်ဘုံ သုခကိုအဖိုးအခ ပေးဆပ်ပေးတဲ့၊ ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်စေတဲ့၊ ငြိမ်းချမ်းမှုကိုပေးတဲ့ ကယ်တင်ရှင်တစ်ပါး ကျွန်တော်တို့ဆီမှာ ရှိနေလို့ပဲ ဖြစ်ပါတယ်။

သေခြင်းတရားဆိုတာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဧရာမသတ္တဝါကြီးအဖြစ်မှ ယုယပေးတဲ့ မိခင်တစ်ဦးအဖြစ် ဘုရားသခင်က ပြောင်းလဲပေးလိုက်ပါပြီ။ ကျွန်တော်တို့ကို ဝါးမျိုဖို့ စောင့်မျှော်နေတဲ့ ကြောက်စရာကောင်းတဲ့ သတ္တဝါအဖြစ်မှ ကျွန်တော်တို့ကို အသစ်တဖန် မွေးဖွားခြင်းကိုပေးတဲ့ မိခင်တစ်ဦးဖြစ်နေပါပြီ။ ဒီလောကကမ္ဘာတစ်ခုလုံးဟာ ကြီးမားတဲ့ဝမ်းဗိုက် တစ်ခုနဲ့တူပါတယ်။ ကျွန်တော်တို့ရဲ့ သေဆုံးခြင်းဟာ ပိုပြီးကြီးမားမြင့်မြတ်တဲ့ ဘုရားရဲ့ကမ္ဘာထဲမှာ အသစ်မွေးဖွားခြင်းနဲ့တူပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ကြိုဆိုဖို့ အဆင်သင့် လက်ကမ်းလျက် စောင့်မျှော်နေပါတယ်။

သေရမှာကို ကြောက်တာက ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ ယေဇူးခရစ်တော်ရဲ့ ကတိတော်ကို သတိရပါ။ “ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေပြီးသော်လည်း အသက်ရှင်လိမ့်မည်။” (ရှင်ယောဟန် ၁၁း၂၅)

ဘုရားသခင်က သေခြင်းကိုဖြစ်စေခဲ့တာ မဟုတ်ပါဘူး။ ချစ်ခင်ရတဲ့သူ တစ်ဦးတစ်ယောက် သေဆုံးတဲ့အခါ သူ့ကိုဘုရားခေါ်သွားပြီ၊ သိမ်းပိုက်သွားပြီ ဆိုတဲ့စကား ကိုပြောတတ်ကြတယ်။ ဘုရားက ကြောက်စရာကောင်းတဲ့ သေခြင်းဆိုတဲ့ ဧရာမသတ္တဝါကောင်ကို ယဉ်ပါးအောင် ပြုလုပ်ပြီးပါပြီ။ ပရောဖက် ဟေရှာယက ဓမ္မဟောင်းကျမ်းမှာ အခုလိုကြိုတင်နိမိတ်ဟောခဲ့ပါတယ်။ “အရှင်ထာဝရ ဘုရားသည် သေခြင်းကို နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။” (ဟေရှာယ ၂၅၄၈ )

ဒီဟောကြားချက်က ယေဇူးခရစ်တော်ရဲ့ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအားဖြင့် ပြည့်စုံခဲ့ပါပြီ။ ကျွန်တော်တို့ဟာ သေခြင်းကို အောင်မြင်တော်မူတဲ့ ခရစ်တော်ကိုယ်တိုင် ဝယ်ယူထားပြီးတဲ့ သူတွေဖြစ်တာကြောင့် ရဟန္တာပေါလုက အခုလို ပြောပါတယ်။

“သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ ကောင်းကင်တမန်တော်က ဖြစ်စေ၊ အုပ်စိုးသူများက ဖြစ်စေ၊ ပစ္စုပ္ပန်ကာလ၌ရှိသော အရာများက ဖြစ်စေ၊ အနာဂတ် ကာလ၌ ရှိလာမည့် အရာများက ဖြစ်စေ၊ အာဏာတန်ခိုးဖြင့်ဖြစ်စေ၊ အထက် အရပ်မှဖြစ်စေ၊ အောက်အရပ်မှဖြစ်စေ၊ ဖန်ဆင်းထားသော အရာအားလုံးထဲမှ မည်သည့်အရာကပင် ဖြစ်စေ၊ ငါတို့ကို ငါတို့၏သခင်ယေဇူး ခရစ်တော်၌ တည်ရှိသော ဘုရားသခင်၏ မေတ္တာတော်မှ မကွဲကွာစေနိုင်ဟု ငါစွဲမြဲစွာ ခံယူသောကြောင့်တည်း။” (ရောမ ၈း၃၈-၃၉)

#တောင်ကတုံး(နှင်းပွင့်)၏ (စာအုပ်မှ၊ ကူးယူဖော်ပြပါသည်။)

#စာရေးသူ - တောင်ကတုံး(နှင်းပွင့်)

Add new comment

4 + 9 =