ငရဲ ဆိုတာ တကယ် ရှိပါသလား

ငရဲ ဆိုတာ တကယ် ရှိပါသလား

ယေဇူးခရစ်တော်က ငရဲဆိုတာ ရှိတယ်လို့ အတိအလင်း မိန့်မြွက်ခဲ့ပါတယ်။ ခရစ်တော်ထက် ဘယ်သူက ပိုပြီးသိနိုင်မလဲ။ သမ္မာကျမ်းစာထဲက ငရဲအကြောင်းပြောပြကြတဲ့ ပုဂ္ဂိုလ်တွေထက် ခရစ်တော်က ငရဲအကြောင်းကို ပိုပြီးပြောပါတယ်။ လူတွေကို ခြောက်လှန့်ဖို့ မဟုတ်ပါဘူး။ လူတွေကို ချစ်လို့ အဲဒီ ငရဲကနေ လွတ်မြောက်စေချင်လို့ပဲ ဖြစ်ပါတယ်။ ရေခဲပြင်ကြီးမှာ တွင်းပေါက်ကြီး ရှိနေတယ်ဆိုရင် လုပ်သင့်တဲ့အရာတစ်ခုက သိသားထင်ရှားတဲ့ သတိပေးဆိုင်းဘုတ် တပ်ရမှာဖြစ်တယ်။ ဒါက သမ္မာကျမ်းစာက ဒီအလုပ်ကို လုပ်ပေးပါတယ်ဆိုတာ မီးမောင်းထိုးပြပါတယ်။ မိုက်မဲတဲ့သူတွေကပဲ ဘုရားရဲ့ သတိပေးတဲ့ အမှတ်လက္ခဏာ၊ အသိပေးချက်တွေကို လျစ်လျူရှုကြတာပဲ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့အဖွဲ့အစည်းထဲမှာ မိုက်မဲတဲ့သူတွေက ဘာမှဂရုမစိုက်ပဲ နမော်နမဲ့ နေချင်ကြလို့ပဲ ဖြစ်တယ်။

ခရစ်တော်က ငရဲကို မီးနဲ့ ခိုင်းနှိုင်းဖော်ပြခဲ့ပါတယ်။ “သင်၏မျက်စိသည် သင့်ကိုအပြစ်ပြုမိစေလျှင် ထိုမျက်စိကို ထုတ်ပစ်လော့။ မျက်စိနှစ်လုံးစုံလင်လျက် ငရဲထဲသို့ ပစ်ချခံရခြင်းထက် မျက်စိတစ်လုံး ချို့ယွင်းလျက် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရခြင်းသည်

သာ၍ ကောင်း၏။ ထိုနေရာ၌ သူတို့၏လောက်ကောင်ပိုးမသေသကဲ့သို့ မီးလည်း မငြိမ်းရာ။” (ရှင်မာကု ၉ : ၄၇-၄၈)

ငရဲမီးဟာ လောကမှာရှိတဲ့ မီးလိုမဟုတ်ပါဘူး။ ငရဲဆိုတာက လောကနဲ့ တူတဲ့နေရာ မဟုတ်ပါဘူး။ ငရဲမီးကို ရေပိုက်နဲ့ ငြိမ်းသတ်လို့ ရမှာ မဟုတ်ဘူး။ မီးသတ်ယာဉ်တွေ ဘယ်လောက်များနေပါစေ မီးငြိမ်းနိုင်မှာ မဟုတ်ဘူး။ မီးက အရာရာတိုင်းကို လောင်းကျွမ်းဖျက်ဆီးနိုင်တယ်။

ငရဲဆိုတာ လူသားတစ်ဦးဖြစ်တဲ့ ဝိညာဉ်ရှိတဲ့ လူပုဂ္ဂိုလ်ကို ဖျက်ဆီးပစ်တဲ့ နေရာဖြစ်တယ်။ ငရဲဆိုတာ လူတွေကို ညှင်းဆဲနှိပ်စက်တဲ့ အကျဉ်းထောင် လိုမျိုးနေရာထက် အဆပေါင်းအများကြီး ပိုပြီးကြောက်စရာ ကောင်းပါတယ်။ အကျဉ်းထောင်းလိုမျိုးနေရာမျိုးမှာ သင့်ရဲ့ ငြိမ်းအေးချမ်းသာခြင်း၊ ပျော်ရွှင်ခြင်း၊ သင့်ရဲ့ကျန်းမာရေးအခြေအနေတွေ ဆုံးရှုံးရပါတယ်။ ငရဲမှာတော့ သင်ကိုယ်တိုင်၊ သင့်ရဲ့ ဖြစ်ခြင်း၊ သင့်ရဲ့ ဝိညာဉ်ကိုဆုံးရှုံးရတာဖြစ်ပါတယ်။

ငရဲမှာ ဘုရားမရှိဘူး။ သင် ငရဲရောက်နေရရင် ဘုရားကိုဆုံးရှုံးရပြီးဖြစ်တယ်။ ဘုရားသခင်ဟာ ကျွန်တော်တို့ ဘဝအတွက် ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ အလင်းတရားရှိခြင်း၊ ဘ၀အသက်ရှင်သန်ခြင်း၊ ဘ၀ အဓိပ္ပာယ်ရှိခြင်း စတဲ့အရာတွေရဲ့ အရင်းအမြစ်တွေထဲက တစ်ခုမဟုတ်ဘူး။ သူဟာ အဲဒီအရာအားလုံးရဲ့ တစ်ခုတည်းသော အရင်းအမြစ်၊ အရင်းတည်ရာ ဖြစ်တယ်။ သူတစ်ဦးတည်းသာလျှင် ကောင်းတဲ့အရာအားလုံးကို ဖန်ဆင်းတဲ့သူ ဖြစ်တယ်။

ဘုရားကို ဆုံးရှုံးရတာက အရာအားလုံးကို ဆုံးရှုံးရခြင်းပဲ ဖြစ်တယ်။ ငရဲဆိုတာ ဘဝရဲ့တစ်ခုတည်းသော အဆုံးစွန်း နောက်ဆုံးပိတ် ကြေကွဲစရာ နေရာဖြစ်တယ်။ ခရစ်တော်က အဲဒီကြေကွဲဝမ်းနည်းဖွယ်ရာကနေ ကျွန်တော်တို့ကို ကယ်တင်ခဲ့တယ်။ သူ့ရဲ့ကယ်တင်ခြင်း လက်ဆောင်ကို လက်မခံခြင်းဟာ အမိုက်မဲဆုံး လုပ်ရပ်ဖြစ်တယ်။

ယေဇူခရစ်တော်ဟာ နောဧရဲ့ သင်္ဘောနဲ့တူတယ်။ နောဧ သင်္ဘောဟာ ရေကြီးခြင်းဘေးက အသက်ကို ကာကွယ်ပေးခဲ့တယ်။ အဲလိုပဲ ယေဇူးခရစ်တော်ဟာ ငရဲမီးဒဏ်ကနေ ကျွန်တော်တို့ကို ကာကွယ်ပေးခဲ့တယ်။ ယေဇူး ခရစ်တော်ဟာ သေခြင်းတမန်တွေရဲ့ အမျက်ဘေးဒဏ်မှ ကာကွယ်ပေးတဲ့ ပါစကားသိုးငယ်တော်ရဲ့ အသွေးတော်ဖြစ်တယ်။ (ထွက်မြောက် ၁၂) ယေဇူးခရစ်တော် ဟာ အသက်ပေးတဲ့ စမ်းရေဖြစ်တယ်။ “ငါ့ပေးမည့်ရေကို သောက်သောသူသည်ကား မည့်သည့်အခါမျှ ရေငတ်လိမ့်မည်မဟုတ်။ ငါပေးမည့်ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်း အဖို့စီးထွက်လာသော စမ်းရေဖြစ်လိမ့်မည်။” (ရှင်ယောဟန် ၄း၁ဝ-၁၄)

“ငါ့ကို ယုံကြည်သောသူ၏နှလုံးသားမှ အသက်စမ်းရေသည် မြစ်များကဲ့သို့ စီးဆင်းလိမ့်မည်။" (ရှင်ယောဟန် ၇ :၃၇-၃၉) အဲဒီ အသက်စမ်းရေ ဟာ ငရဲမီးကို ငြိမ်းအေးစေတယ်။ ယေဇူးဆိုတဲ့ အမည်နာမရဲ့ အဓိပ္ပာယ်က ကယ်တင်ရှင် ဖြစ်တယ်။

ကယ်တင်ခြင်း လုပ်ငန်းဟာ ယေဇူးခရစ်တော်ရဲ့ အလုပ်တာဝန် တစ်ရပ်ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ကို အပြစ်ကနေ၊ သေခြင်းကနေ၊ ငရဲကနေ ကယ်နှုတ်ဖို့အသေခံခဲ့တယ်။ ဒီကယ်တင်ခြင်းလုပ်ဖို့ လောကကိုဆင်းကြွလာတာ ဖြစ်တယ်။ ဒါဟာ ရိုးအီနေတဲ့ ဓာတ်ပြားဟောင်း တစ်ခုဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ဒါဟာခရစ်ယာန်တို့ရဲ့ ယုံကြည်ခြင်း အနှစ်သာရဖြစ်တယ်။ ယေဇူးခရစ်တော် ကိုယ်တိုင် သွန်သင်ခဲ့တဲ့ သင်ကြားခြင်းလည်း ဖြစ်တယ်။ ကျွန်တော်တို့ဟာ အပြစ်ကြောင့် ကျရောက်ရမယ့် ထာဝရငရဲဆိုတာ မရှိခဲ့ရင် ယေဇူးခရစ်တော်က ကျွန်တော်တို့ရဲ့ ထာဝရကယ်တင်ရှင် မဖြစ်နိုင်ပါဘူး။

 

တောင်ကတုံး(နှင်းပွင့်)၏ (စာအုပ်မှ၊ ကူးယူဖော်ပြပါသည်။)

စာရေးသူ - တောင်ကတုံး (နှင်းပွင့်)

 

Add new comment

15 + 0 =