ခရစ်ယာန် သာသနာ၏ ရင်းမြစ်

ခရစ်ယာန် သာသနာ၏ ရင်းမြစ်

ကက်သလစ် အသင်းတော်၏ အခြေခံ အချက်မှာ ယေဇူးခရစ်တော် သခင် ကိုယ်တိုင် ကက်သလစ် အသင်းတော်အား တည်ထောင်ထားခြင်း ဖြစ်ပါသည်။ ကက်သလစ် အသင်းတော်၏ မူလ အစမှာ ဂျေရုစလင်မြို့ရှိ ယေဇူးသခင်၏ တပည့်တော် သာဝကများ လူနည်းစုမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က တပည့်တော်ကြီးများသည် သူတို့၏ ဆရာသခင် ယေဇူးအား ကားတိုင်တင် အသတ်ခံခဲ့ရမှုကြောင့် အစကနဦးတွင် အလွန်အမင်း ကြောက်လန့်နေခဲ့ကြသည်။ မိမိဆရာအား ရာဇဝတ်သား အဖြစ် သတ်ဖြတ်ခဲ့ချိန်တွင် တပည့်တော် တမန်တော်များအား အာဏာပိုင်များက အရေးမယူ ရန်မလုပ်ဟု မည်သူမျှ အာမခံခြင်း မရှိပေ။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော် ဘုရား ဆင်းကြွတော်မူသည့် Pentecost အချိန်အခါတွင် ကနဦးက ကြောက်ရွံ့နေသော ခရစ်တော်၏ တပည့်တော်ကြီးများသည် ရဲရင့်သော၊ စွန့်စားရဲသော၊ နေရာအနှံ့ ဧဝံဂလိ သတင်းကောင်းအား ဟောပြောတတ်သော တပည့်တော်ကြီးများ အဖြစ် ပြောင်းလဲသွားခဲ့သည်။ (ကျမ်းကိုး - တမန်တော် ဝတ္ထု အခန်းကြီး ၂ အခန်းငယ် ၁ - ၄)

ခရစ်တော်၏ တပည့်တော်များ ဟောပြောတော်မူသော ဧဝံဂလိ သတင်းကောင်းမှာ

- နာဇရက်မြို့သား ယေဇူးသည် အဖ ဘုရားသခင်၏ စစ်မှန်သော သားတော်ဘုရား ဖြစ်သည်၊

- လောကီသား အားလုံး၏ အပြစ်များကို ခံထမ်းတော်မူရန် ဒုက္ခစရိယာ ကျင့်ခံခြင်းနှင့် သေခြင်းကို ခံယူတော်မူခြင်းဖြင့် သေမင်း နတ်ဆိုး၏ လက်မှ ရွေးနှုတ်တော်မူသော ကယ်တင်ရှင်လည်း ဖြစ်တော်မူသည်၊

- ကမ္ဘာအဝှမ်းရှိ လူသားအားလုံးအား ကယ်တင်ခြင်း ပေးမည့် သူလည်း ဖြစ်တော်မူသည်၊ ဟူ၍ ဖြစ်သည်။

ယေဇူးသခင်သည် သေခြင်းမှ ခန္ဓာနှင့် ဝိညာဉ် ရှင်ပြန်ထမြောက်တော်မူ၍ ကောင်းကင်ဘုံသို့ တက်ကြွတော်မူခြင်း မပြုမီ သူ၏ နောက်လိုက် တပည့်တော်ကြီးများ အားလုံးကို မစ်ရှင် တာဝန်တစ်ခု ပေးထားခဲ့သည်။ (ကျမ်းကိုး - မာတေဦး ၂၈း၁၉၊ မာကု ၁၆း၁၅-၁၆၊ လုကာ ၂၄း၄၇)

ထိုတာဝန်မှာ ကမ္ဘာအနှံ့သို့ သွားကြ၍ နိုင်ငံအားလုံးအား ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်း ပေးကြလော့၊ ဟူသည့် တာဝန်ဖြစ်သည်။ ၎င်းတာဝန်အား ယေဇူးသခင် ရွေးကောက်တော်မူသော တပည့်တော်ကြီးများက အကောင်အထည်ဖော် လုပ်ဆောင်နေခြင်း ဖြစ်လေသည်။ ရွေးကောက်တော်မူသော တပည့်တော်ကြီးများသည် သန့်ရှင်းသော ဝိညာဉ်တော် ဘုရား၏ ကျေးဇူးတော်အား ရရှိထားသူများလည်း ဖြစ်သည်။

မှန်ကန်သော ရှေးခေတ် စကားပုံ တစ်ခုရှိပါသည်၊ ၎င်းမှာ လမ်းတိုင်း ရောမမြို့သို့ ဦးတည်သည်၊ (All roads lead to Rome.) ဟူ၍ ဖြစ်ပါသည်။ ရောမမြို့သည် ခရစ်တော် မပေါ်မီ ၈ ရာစုနှစ်များကတည်းက တည်ထောင်ခဲ့ပါသည်။ ရောမမြို့ကို အခြေပြုသော ရောမ အင်ပါယာသည် အနောက်တလွှားတွင် စပိန်အထိ၊ အင်ပါယာ အရှေ့ဘက်တွင် အရှေ့အလယ်ပိုင်း ဒေသနှင့် မြောက်ဘက်တွင် အင်္ဂလိပ်ကျွန်း၊ တောင်ဘက်တွင် မြောက်အာဖရိကနှင့် အီဂျစ်တို့အထိ ကျယ်ပြောပါသည်။ အာဖရိကတိုက်မြောက်ဖက်ပိုင်းအား ရောမ ပိုင်ဆိုင်ထားသည့် နယ်မြေအား ရောမ အာဖရိက Roman Africa ဟု ခေါ်ဆိုသည်။

ရောမလူမျိုး နိုင်ငံရေး၊ လူမှုရေး ခေါင်းဆောင်များသည် ဤမျှ ကျယ်ပြောသော ရောမအင်ပါယာ တလွှားတွင် ရောမမြို့မှ အင်ပါယာ နယ်မြေအားလုံးကို ချိတ်ဆက်သည့် ထိရောက်ပြီး ယုံကြည်စိတ်ချရသော ရေလမ်း၊ ကုန်းလမ်း ဆက်သွယ်ရေး နည်းလမ်းများ၏ အရေးပါမှုကို သတိပြု တန်ဖိုးထားမိသူများ ဖြစ်ပါသည်။ ထို့အတွက်ကြောင့် ရောမ အာဏာပိုင်များသည် ရောမအင်ပါယာ တလွှား အရည်အသွေးမြင့် အဝေးပြေး လမ်းမကြီးများနှင့် အားကောင်းသော ရေတပ် ရေကြောင်းဆက်သွယ်ရေးကို တည်ထောင်ခဲ့ပါသည်။ ထိုသို့ ရောမ ခေတ်ကတည်းက အသုံးပြုခဲ့သော ရောမ လမ်းမကြီးများသည် ယနေ့ခေတ်အခါတွင် Via Appia Antica ဟူသည့် ရောမမြို့တွင်း လမ်းမနှင့် Via Ignatia ဟူသည့် လမ်းမများဟူ၍ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ထို့အတွက်ကြောင့် ရောမ အင်ပါယာ အတွင်း သတင်း အချက်အလက် စီးဆင်းမှု အလွန် လျင်မြန်ခဲ့ပါသည်။

ရှေးဦး ခရစ်ယာန်များသည် ဧဝံဂလိ သတင်းကောင်းအား ပြန့်ပွားစေရာ၌ ထိရောက်အားကောင်းသော ရောမ အင်ပါယာ၏ ပို့ဆောင်ဆက်သွယ်ရေးနှင့် စာပို့စနစ်များအား အသုံးပြုခဲ့ကြသည်။ ထိုသို့ ရောမ ဆက်သွယ်ရေး နည်းလမ်းများဖြင့် ရောမ အင်ပါယာနှင့် အင်ပါယာ ပြင်ပရှိ မရေတွက်နိုင်သော မြို့ကြီးများနှင့် မြို့ငယ်များသို့ ခရစ်တော်၏ ဧဝံဂလိ သတင်းကောင်းအား ပြန့်ပွားစေခဲ့သည်။ တပည့်တော်ကြီး စိန့် ပေါလ်သည် ရောမတို့၏ ကုန်းကြောင်း ရေကြောင်း ဆက်သွယ်ရေးကို အသုံးပြု၍ အင်ပါယာအတွင်း မြို့များစွာသို့ သွားလာ၍ သတင်းကောင်း ဟောပြောခဲ့သည်။ ကောရိန်တုစာ ဒုတိယစောင် အခန်းကြီး ၁၁ အခန်းငယ် ၂၅ တွင် စိန့်ပေါလ်သည် သဘောင်္ပျက်တွင် ပါခဲ့သည်မှာ သုံးကြိမ်ရှိကြောင်း ဖော်ပြထားသည်။ စိန့် ပီတာနှင့် အခြားသော သာဝက တပည့်တော်ကြီးများသည် အင်ပါယာ အတွင်း၌ အဓိက ကုန်းကြောင်း ခြေကျင်လျှောက်၍ သတင်းကောင်းကို ပြန့်ပွားစေခဲ့သည်။

အစ ပထမတွင် ရောမမြို့နှင့် အင်ပါယာ တလွှားရှိ ရောမ အာဏာပိုင်များက ခရစ်ယာန်များအား အထင်ကရ မရှိသော၊ ဂျူးဘာသာမှ ခွဲထွက်လာသည့် ဘာသာရပ် တစ်ခုအဖြစ်သာ လျစ်လျူရှုထားသည်။ သို့သော် ရောမ အထက်တန်းလွှာ လူကုန်ထံများ ခရစ်ဘာသာသို့ ကူးပြောင်းလာခြင်း၊ ရောမ နတ်ဘုရားနှင့် ရောမ အင်ပါယာ ပြည့်ရှင်များအား ဘုရားအမှတ်နှင့် မကိုးကွယ် ပူဇော်ပသမှု မပြုခြင်း၊ ခရစ်ယာန် သာသနာအား နားလည်မှု လွဲခြင်းနှင့် နိုင်ငံရေး အရ အမြတ်ထုတ်လိုမှုတို့ကြောင့် ရောမ အာဏာပိုင်များသည် စတင် သတိထားလာကြသည်။ ရောမ အင်ပါယာအတွင်း ဘာသာတရားပေါင်းစုံကို လက်ခံသော်လည်း ခရစ်ယာန် ဘာသာအား အသိအမှတ်မပြုလိုသည့် လက္ခဏာများ ပြသလာသည်။ နောက်ဆုံးတွင် ရောမ အာဏာပိုင်များက ခရစ်ယာန်တို့ ကြေညာဟောပြောသော ခရစ်တော်အားဖြင့် လူသားအားလုံး ကယ်တင်ခြင်း ရရှိဖို့ ဟူသည့် အယူဝါဒသည် ဂရိ ရောမ ယဉ်ကျေးမှု၊ လူမှုရေး စနစ်၊ နီတိနှင့် ရောမ ယုံကြည်မှု ဘာသာတရားတို့ဖြင့် ဆန့်ကျင်ပါကြောင်း ကောက်ချက်ချသည်။ ဤသို့ဖြင့် အေဒီ ၅၄ - ၆၈ ခုနှစ်အတွင်း အုပ်စိုးခဲ့သော ရောမဧကရာဇ် နီရိုး Nero နှင့် အေဒီ ၂၈၄ - ၃၀၅ ခုနှစ်အတွင်း ကြီးစိုးသော ရောမဧကရာဇ် ဒိုင်အိုကလီးရှင်း Diocletian တို့သည် ရက်စက်ကြမ်းတမ်းသော ဖိနှိပ်သတ်ဖြတ်မှုများဖြင့် ခရစ်ယာန် ဘာသာတရား တစ်ခုလုံးအား အမြစ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။

ကမ္ဘာကုန်ခြင်းနှင့် ခရစ်တော် ယေဇူးသခင်၏ ဒုတိယ အကြိမ် ကြွမြန်းတော်မူမည့် အချိန်အခါသည် သူတို့ လက်ထက်တွင်သ သက်ရောက်လာမည်ဟု ခရစ်ယာန် သာသနာအတွင်း ခရစ်ယာန် ပထမနှင့် ဒုတိယ မျိုးဆက်များက ယုံကြည်ခဲ့ကြသည်။ ထိုသို့ နားလည် ယုံကြည်ခဲ့မှုသည့် စိန့်ဂျွန်း (ရှင်ယောဟန် အခန်းကြီး ၁၈း၃၂) ၏ ရေးသားချက်နှင့် စိန့်ဂျိမ်းစ် (အခန်းကြီး ၅ အခန်းငယ် ၇၊ ၈) ရေးသားချက်များအား နားလည်မှု လွဲမှားခြင်း ရလဒ် ဖြစ်သည်။ သို့သော် ရှေးဦး ခရစ်ယာန် အသိုင်းအဝန်းသည် ထိုသို့ ခရစ်တော်သခင်၏ ဒုတိယအကြိမ် လောကသို့ ဘုန်းတန်ခိုးတော်ဖြင့် ပြန်လည် ကြွမြန်းလာတော်လိမ့်မည် ဟူသည့် နားလည်ချက်ကြောင့် ရောမ အင်ပါယာတလွှား အပူတပြင်း အလျှင်အမြန် သာသနာပြုခဲ့ကြခြင်း ဖြစ်သောကြောင့် အားသာချက်ကောင်း ဖြစ်ခဲ့သည်။ ခရစ်တော်သည် မိမိတို့ ဘဝသက်တာ အချိန်ကာလအတွင်း ပြန်လည်ကြွမြန်းလာတော့မည် ဖြစ်ရာ အချိန်ဆွဲ၍ မဖြစ်၊ အချိန်ဖြုန်း၍ မဖြစ်ဟု ရှေးဦး ခရစ်ယာန်များက နားလည်ခဲ့ကြသည်။

ရှေးဦးခရစ်ယာန်များသည် ဧဝံဂလိ သတင်းကောင်းအား အလျှင်အမြန် ဖြန့်ဝေခြင်း၊ ဘာသာမဲ့များအား ခရစ်ယာန် သာသနာသို့ အဆောတလျှင် လက်ခံယူလိုခဲ့ခြင်းတို့ကြောင့် ဆေးကြောခြင်း စက္ကရမင်တူး မင်္ဂလာ၊ ကိုယ်တော်မြတ် စားပွဲတော် အခမ်းအနားနှင့် ကောင်းမွန်သော နီတိနှင့် ဘဝသက်တာ အကြောင်းမှ လွဲ၍ အားကောင်းသော ခရစ်ယာန် တစ်ယောက်ဖြစ်စေမည့် အစီအစဉ်များ အားနည်းခဲ့သည်။ အချိန်ကာလ များစွာ ဖြတ်သန်းလာသည်နှင့် အမျှ ခရစ်တော်သခင်၏ ဒုတိယအကြိမ် ဘုန်းတန်ခိုးတော်ဖြင့် ကြွမြန်းလာမည့် အချိန်သည် ရုတ်ချည်းမဟုတ်မှန် ခရစ်ယာန် လူ့အဖွဲ့အစည်းက နားလည်သဘောပေါက်လာကြသည်။

ဤသို့ဖြင့် ရှေးဦး ခရစ်ယာန် ဒေသန္တရ အသိုင်းအဝန်းတို့သည် ခရစ်ယာန် ယုံကြည်ခြင်း စဉ်ဆက်မပြတ် ရှင်သန်အားကောင်းရန် အတွက် ခရစ်ယာန်ယုံကြည်ခြင်းနှင့် လူမှုရေးဖြစ်စဉ်များ လိုအပ်ကြောင်းကို သဘောပေါက်နားလည်ကာ အကောင်အထည်ဖော်လာကြသည်။ ဤသို့ဖြင့် ဒေသန္တရ ခရစ်ယာန် အသိုင်းအဝန်းများသည် ခရစ်ယာန်အဖွဲ့များအား မိမိတို့ နားလည်သလို စနစ်တကျ ဖွဲ့စည်းလာကြသည်။ ဤသို့ဖြင့် ခရစ်ယာန် အသိုင်းအဝန်းများသည် ဓမ္မဟောင်းကျမ်း ခေတ်ပုံစံကဲ့သို့ သွန်သင်ချက်များအား နှုတ်တိုက် အလွတ်ဆို ဟောပြောသည့် အလေ့အထ မဟုတ်ပဲ တပည့်တော်ကြီးများ ဟောပြောသည့် အကြောင်းအရာတို့အား ရေးချမှတ်တမ်းပြုစုလာကြသည်။ ထိုသို့ တပည့်တော်ကြီးများထံမှ တစ်ဆင့် ခရစ်တော်၏ ဘဝဇာတ်ကြောင်းနှင့် သွန်သင်ချက်များအား မှတ်တမ်းချရေးကြရာ ရှင်ယောဟန် ခရစ်ဝင်ကျမ်း ဆိုလျှင် အဆုံးသတ် ပုံစံမရသေးမီ စဉ်ဆက်မပြတ် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည်။ အဆုံးတွင် ကက်သလစ် အသင်းတော်ကသာ တပည့်တော်ကြီးများ၏ ရေးသားချက်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကျေးဇူးဖြင့် ပြည့်ဝမှုရှိကြောင်းကို ဆုံးဖြတ်သတ်မှတ်ပေး၍ ယနေ့ အသုံးပြုနေသော သမ္မာကျမ်းစာအုပ် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ထိုခေတ်အခါက ရောမ အင်ပါယာ တဝှမ်းရှိ ခရစ်ယာန် အသိုင်းအဝန်းများထံ တပည့်တော်ကြီးများ၏ ပေးစာများ Apostolic Letters များလည်း ခေတ်စားလာသည်။ ဤသို့ဖြင့် တမန်တော်၊ တပည့်တော်ကြီးများ၏ သာသနာပြုခေတ်ကြီး စတင်ခဲ့ပါသည်။

ဘာသာပြန်

Lawrence Jangma Mung Song

Crd to Lawrence Jangma Mung Song

Add new comment

6 + 2 =