ခရစ်ယာန် တရားထိုင်ခြင်း

ခရစ်ယာန် တရားထိုင်ခြင်း

မြန်မာပြည်အနှံ့ ဘယ်မြို့၊ ဘယ်ရွာ၊ ဘယ်တော၊ ဘယ်တောင်သို့ရောက်ရောက် သတိပြုကြည့် တတ်မယ်ဆိုပါလျှင် ဝိပဿနာတရားစခန်း၊ ဖားအောက် တရားစခန်း၊ မဟာစည်ရိပ်သာ၊ မိုးကုတ်ရိပ်သာစသဖြင့် တောအုပ်အုပ်၊ တောင်ညို့ညို့အောက်တွင် ဗုဒ္ဓဘာသာ တရားစခန်းများကို တွေ့မြင် ရပါလိမ့်မည်။ တရားထိုင်ခြင်း (သို့မဟုတ်) ကမ္မဋ္ဌာန်းထိုင်ခြင်းသည် မြန်မာပြည်မှာသာမက ကမ္ဘာ့အရှေ့တိုင်းသားတို့၏ ရိုးရာဓလေ့ဟု

ဆိုရလောက်အောင်ပင် အာရှတိုက် တစ်ဝှမ်း အထူး ထင်ရှားလှပါသည်။

အနောက်တိုင်း ပြည်များမှ ခရစ်ယာန် ဘာသာ၀င်တို့သည် ရုပ်ဝါဒ လွှမ်းမိုးမှု၊ ဘာသာတရား အနှစ်သာရများနှင့် ထိတွေ့မှု နည်းပါးခြင်း၊ သြတ္တပ္ပတရားများ မှေးမှိန်ပျောက်ကွယ်ခြင်း များကြောင့် မျက်မှောက်ခေတ်၏ ရိုးရာတစ်ခုလို ဖြစ်နေသည့် အသက်မဲ့ဓလေ့ (Culture of Dead) ရေစီးကြောင်းထဲမှာ မျောပါလို့ နေကြပါသည်။ အသက်မဲ့စရိုက် ရေစီးကြောင်း တိုက်စားမှုကို အထူးခံရသည့် တစ်ချို့သော တိုင်းနိုင်ငံများမှ လူအတော်များများမှာ သူတို့ အဆိုတကယ့် အမှန်တရား (Real, Reality)၊ လူ့တန်ဖိုး (Value)နှင့် စိတ်တည်ငြိမ် အေးချမ်းမှုကို ရှာတွေ့ဖို့ဆိုတာ အရှေ့တိုင်းနိုင်ငံများဆီသို့ ခြေဦး လှည့်နေကြပါသည်။ တရားထိုင်ခြင်း၊ ကမ္မာဌာန်းထိုင်ခြင်းများမှာ စူးစမ်း ချဉ်းကပ်နေကြပါသည်။ ခရစ်ယာန်ဘာသာမှာ တရားထိုင်ခြင်း ဆိုတာ ရှိသလား ဆိုသည့် မေးခွန်းမျိုးကို မြန်မာ ဗုဒ္ဓဘာသာ၀င် မိတ်ဆွေများနှင့် စကားလက်ဆုံ ကျမိတိုင်း ကြားရမြဲ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ တရားစခန်းမှာ ကျွန်တော်တို့ တရားထိုင်ရင် အပြစ်ဖြစ်ပါလား။ ကျွန်မတို့ ဘာသာမှာ တရားထိုင်ခြင်း ဆိုတာကို တစ်ခါမှ မကြားဖူးဘူး အစရှိသည့် မြန်မာ ကက်သလစ်ဘာသာ၀င်တို့၏ အမေးများနှင့် မှတ်ချက်များကိုလည်း ကြားနေကျ ဖြစ်ပါသည်။

မြန်မာ ကက်သလစ် ဘာသာ၀င်များသည် ဗုဒ္ဓဘာသာ၀င် အမိ၊ အဖ၊ ဆွေမျိုး၊ မိတ်ဆွေ၊ လုပ်ဖော် ကိုင်ဖက်၊ ကျောင်းတက်ဖော် ကျောင်းတက်ဖက်များနှင့် တလေးတစား၊ ရင်းနှီး ဖော်ရွေစွာ နေထိုင်ကြလေ့ ရှိသည့် အားလျော်စွာ၊ ကိုယ်တိုင်၀င် မထိုင်ဖူးပေသည့် တရားထိုင်ခြင်း၊ ကမ္မဌာန်းထိုင်ခြင်း

ဆိုသည်တို့နှင့်တော့ မစိမ်းပါ။ ခရစ်ယာန် တရားထိုင်ခြင်းဆိုတာကို တစ်ခါမှ မကြားဖူး၊ မမြင်ဖူးကြပေသည့် အာနာပါန ကမ္မဋ္ဌာန်း၊ ဝိပဿနာ ကမ္မဋ္ဌာန်းဆိုသည်တို့နှင့်လည်း ရင်းနှီးနေပြီးဖြစ်၏။ မိတ်ဆွေတစ်ယောက်ယောက် တရားစခန်းက ပြန်လာတာတွေ့ရတိုင်း တည်ငြိမ် အေးချမ်းလာတာကို သတိပြု မိနေခဲ့ကြ၏။ သည်နှစ် သင်္ကြန်မှာ ဟိုမင်းသား၊ ဟိုမင်းသမီးတော့ဖြင့် တရား စခန်း၀င်ပြီး တရားအားထုတ်မလို့တဲ့ ဆိုသည်မျိုးကိုလည်း ဂျာနယ်များမှာ ဖတ်မိ နေတတ်မြဲဖြစ်၏။ သည်လိုနှင့် တချို့ တချို့သော မြန်မာကက်သလစ် ခရစ်ယာန် ဘာသာ၀င်များက တရားစခန်းဆိုတာကို အားကျလာကြပါသည်။ တရားထိုင်ခြင်းဆိုတာကို မြည်းစမ်း အားထုတ်ကြည့်ချင် လာကြပါသည်။ အပြစ် ဖြစ်မလားမသိဘူးဟုလည်း တွေးပူ နေကြပြန်ပါသည်။ ဒုတိယဗာတီကန် အစည်းအဝေးကြီး အပြီး (၁၉၆၀)ပြည့် လွန်နှစ်များတွင် သာသနာ့ အဆုံးအမ စာချွန်တော်များမှာရော၊ ကက်သလစ်ဘာသာ လက်စွဲကျမ်း (CCC) မှာပါ မကျန် သီလဆောက်တည်ဖို့နှင့် ခရစ်ယာန် အသက်တာရှင်သန်စေဖို့အတွက် ဆိုပါလျှင် တရားထိုင်ဖို့(Meditation or Contemplation) လိုအပ်ကြောင်း သင်ကြား ပေးလာခဲ့ပါသည်။

ခရစ်ယာန် တရားထိုင်ခြင်း ဆိုတာရှိလား။ ဘယ်လိုမျိုးပါလိမ့်။ ရှိတယ်ဆိုရင် ဘယ်မှာ သွားထိုင်နိုင်ပါလိမ့်။ ဘယ်သူများ ပြသ ပေးနိုင်မှာပါလိမ့်။ အိမ်မှု၊ လူမှု၊ စားမှု၊ နေမှုများနှင့် နေ့စဉ်လုံးပန်းရင်း ကုန်ခမ်း စပြုနေတဲ့ ငါ့ရဲ့ အင်အားတွေ၊ စိတ် စွမ်းအားတွေ၊ ယုံကြည်စိတ်၊ ကြည်ညိုစိတ်တွေ အားပြန်ပြည့်လာအောင် တစ်ရက်စ၊ နှစ်ရက်စ နားနားနေနေ အေးအေး လူလူ တရားအားထုတ်ဖို့ ဘယ်နေရာ၊ ဘယ်ကျောင်း၊ ဘယ်စခန်းသို့ သွားနိုင်ပါလိမ့် မလဲနော်။ ငါတို့ မြန်မာပြည်မှာ ခရစ်ယာန်တရားစခန်းဆိုတာ ရှိနေပြီလား။ သိချင်လိုက်တာ။ သွားချင်လိုက်တာ။ အစရှိသည့် စိတ်ကူးများဖြင့် ဗျာများ နေကြရသည့် မြန်မာခရစ်ယာန် အမြောက်အများကို ခုလိုခေတ်ကြီးမှာ ထူးပြီး ရှာဖွေဖို့လိုမည် မထင်တော့ပါ။ ဤအခြေအနေများကို ရိပ်စားမိသော ရန်ကုန်၊မန္တလေး၊ တောင်ကြီးကက်သလစ် သာသနာပိုင်ချုပ် သုံးပါး၏ ဖိတ်ခေါ်ချက်အရ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် တရားထိုင်သူများအဖွဲ့၏ ဦးစီးနာယက ဘေနဒစ်တင်းရသေ့အသင်း၀င် ရသေ့ ဘုန်းတော်ကြီး ဖါသာရ်လောရင်းဖရီးမင်း (အို၊ အက်စ်၊ ဘီ)နှင့် စင်ကာပူနိုင်ငံမှ ခရစ်ယာန် တရားထိုင်အဖွဲ့၏ ဒါရိုက်တာ မစ္စတာပီတာလူးတို့ ပါ၀င်သော အဖွဲ့တစ်ဖွဲ့သည် မြန်မာပြည်သို့ ရောက်ရှိလာခဲ့ပါသည်။ သူတို့သည် သြဂုတ်လ (၈)ရက်မှ (၁၉)ရက်နေ့အထိ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် ခရစ်ယာန် တရားထိုင်ခြင်း အကြောင်းကို လှည့်လည် ဟောပြော ခဲ့ကြပါသည်။

အမှန်တွင် ရှေးဦး ကက်သလစ်သာသနာတော်တွင် ခရစ်ယာန်တရားထိုင်ခြင်း ကျင့်စဉ်ဆိုတာ ရှိခဲ့ပါသည်။ အေဒီ လေးရာစုခန့်က ပေါ်ထွန်းခဲ့သည့် ခရစ်ယာန်ရသေ့ ရှင်ဂျွန်ကာဆီယာန်(John Cassian,Author of Unknowing Cloud, C.1350)၊ ကန္တာရထွက် ရသေ့တွေများ ဖြစ်သော စိန်ဂရေဂေါ်ရီနာစင်ယင်၊ နိစာမြို့သား စိန်ဂရေဂေါ်ရီ၊ ဒီအိုနီးဆီအုစ် (St. Gregory of Nazianzus, St.Gregory of Nyssa, Dionysius the Areopagite) ကဲ့သို့သော အာရှတိုက်သား ရသေ့များ၊ စိန်ထရေးဇား၊ ကားတိုင်တော်ရဟန္တာ စိန်ဂျွန်း၊ ဂျူလီယန်၊ စိန်အီညားစီအုစ်(St.Teresa of Avila, St.John of the Cross,Meister Eckhart, Julian of Norwich, St.Ignatius of Loyola) တို့သည် ခရစ်ယာန် တရားထိုင်ခြင်းကို အားထုတ်ခဲ့ကြသော ရဟန္တာကြီးများ အဖြစ် ထင်ရှား ခဲ့ပါသည်။

အလယ်ပိုင်းရာစုနှစ်များ(Middle Ages) တွင် ခရစ်ယာန်တရားထိုင်ခြင်းဟာ ဟုန်းဟုန်းတောက် ထွန်းကားခဲ့ပါသည်။ သို့သော် ယနေ့ချိန်ခါမှာ မှေးမှိန် ပျောက်ကွယ်လို့ နေပါသည်။ ပျံလွန်တော်မူသွားပြီဖြစ်သော ဘေနေဒစ်တင်း ရသေ့တစ်ပါးဖြစ်သည့် ဖာသာရ် ဂျွန်မိန်း (Fr. John Main) သည် (၄) ရာစုနှစ်များက ပေါ်ထွန်းခဲ့ကြသည့် ကန္တာရထွက် ရသေ့ကြီးများ လက်ထက်ကတည်းက ရှိနေခဲ့သည့် ထိုကျင့်စဉ်ကို ၁၉၆၀ ခုနှစ်များတွင် ပြန်လည် ဖော်ထုတ် ဆည်းပူးကာ မိမိတို့၏ အသက်တာများ လေးလေးနက်နက် ရှင်သန်နိုင်အောင် အားထုတ် ကြိုးပမ်းနေကြသူများအား သင်ကြား လမ်းညွှန်ပေးခဲ့၏။ ၁၉၇၅ ခုနှစ်တွင် ခရစ်ယာန် တရားစခန်း တစ်ခုကို လန်ဒန်မြို့၌ ဖွင့်လှစ်ခဲ့ပြီး၊ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်တရား အားထုတ်သူများ အသင်းကိုလည်း တည်ထောင်ခဲ့၏။

ကျွန်တော်တို့ မြန်မာခရစ်ယာန်များကတော့ ကက်သလစ်သာသနာတော်မှာရော၊ မွေးရပ်မြေ၏ ရိုးရာဓလေ့ကနေပါ တရားထိုင်ခြင်းဆိုသည့် တန်ဖိုးကြီး အမွေအနှစ်ကြီးတစ်ခုကို ပိုင်ဆိုင်ထားပါသည်။ သို့ပေမယ့် ထိုဘဏ္ဍာကြီးက မိမိ၏ လယ်ကွင်းထဲမှာ မြုပ်နေတယ်ဆိုတာကိုပဲ မသိလို့လား၊ သည်လိုမှ မဟုတ်သိသော်ငြားလည်း တူးဖော်ဖို့ကြပြန်တော့ ဟိုအကြောင်းပြ၊ သည်အကြောင်းပြကာ ရောင်းစား ပစ်နေလေရော့သလားလို့တောင် ပြောရမလို ဖြစ်နေပါသည်။ ခရစ်ယာန် ဘာသာအရ တရားထိုင်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ နှလုံးသား၌ ရှိတော်မူသော ယေဇူးဘုရား ကိုယ်တော်အား အာရုံပြုခြင်းဖြစ်တာကြောင့် ဘုရား၀တ်ပြု ကိုးကွယ်ခြင်းတစ်မျိုး (ဘုရားရှိခိုး ဆုတောင်းခြင်း တစ်မျိုး) ဖြစ်ပါသည်။ အင်မတန် ရိုးစဉ်းသော ကျင့်စဉ်တစ်ခုဖြစ်၏။ သို့သော် တိတ်ဆိတ် ငြိမ်သက်စွာ သတိနှင့် စူးစူးစိုက် အာရုံပြုရတာကြောင့် စိတ်နှလုံး ငြိမ်သက်ခြင်းနှင့် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာတော်၊ ယေဇူးဘုရား၏ ငြိမ်းချမ်းခြင်းကို ခံစား ရရှိစေပါသည်။ ထိုငြိမ်းချမ်းခြင်းသည် ကျွန်ုပ်တို့၏ နေ့စဉ် အသက်တာ၌ စီးဆင်းလာသောကြောင့် စိတ်နှလုံး ဝိညာဉ်၏ အသီးအပွင့်များဖြစ်သည့် ချစ်ခြင်းမေတ္တာ၊ ရွှင်လန်း ၀မ်းမြောက်ခြင်း၊ နှလုံး စိတ်၀မ်း အေးချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ မှန်ကန်ဖြောင့်မတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကို ချုပ်တည်း ထိန်းကျောင်းနိုင်ခြင်းတို့ကို ခံစားရရှိ၏။

ဖါသာရ်လောရင်း၏ ဟောပြောချက်အရ ပြောကြည့်ရမည် ဆိုပါလျှင် တရားထိုင်ခြင်းဖြင့် သင့်ဘဝြကီးနှင့် သင့် ခရစ်ယာန် အသက်တာကို မယုံကြည်နိုင်လောက်အောင် ကြွယ်၀ လာစေနိုင်ပါသည်။ သင့်ဘ၀ အသက်တာနှင့် သင်လုပ်ကိုင်ရာ မှန်သမျှကို ခရစ်ယာန် တရားထိုင်ခြင်းက နက်နက်ရှိုင်းရှိုင်း ရုပ်လုံးဖော်ပေးနိုင်ကြောင်း တရားစထိုင်ဖြစ်ပြီဆိုတာနှင့် သင်ရိပ်မိ လာပါလိမ့်မည်။ အကြောင်းကတော့ ယေဇူးဘုရား ထံတော်၌ အထင်အရှား ရှိတော်မူသော ဘုရားရှင်၏ ချစ်ခြင်းမေတ္တာတော်ကို သင့်စိတ်နှလုံးထဲ၌ လက်တွေ့ စတင် ထိသိခံစားရခြင်းကြောင့် ဖြစ်ပါသည်။ ကျွန်တော်နှင့် ဆုံတွေ့လာသူတိုင်းက တရားထိုင်ခြင်းဟာ အဲ့သည်လောက် အရေးကြီးလှပါလားဟု လက်ခံ ယုံကြည်လာအောင် အပြောအဟော ကောင်းသူတစ်ယောက် ဖြစ်လိုက် ချင်စမ်းပါဘိ။

ဆရာတော်ကြီး မကုတင်ဝင်း( Ph.D)

Add new comment

5 + 13 =