ခရစ်ယာန်တို့ ကျင့်ဆောက်တည်အပ်သော ချစ်ခြင်းမေတ္တာ ပါရမီ

ခရစ်ယာန်တို့ ကျင့်ဆောက်တည်အပ်သော ချစ်ခြင်းမေတ္တာ ပါရမီ

 

အပိုင်း(၁)

ရှင်လုကာဧဝံဂေလိကျမ်း ၁၀း၂၅-၃၇ မှ မြတ်သော ဆမာရိ ပုံဥပမာ

(ခရစ်ယာန်တို့ ကျင့်ဆောက်တည်အပ်သော ချစ်ခြင်းမေတ္တာ ပါရမီ)

လူတွေစိတ်အ၀င်စားဆုံးအရာထဲတွင် အချစ်အကြောင်းသည် ရေပန်းအစားဆုံးဖြစ်သည်။ အချစ်အကြောင်းဆိုလျှင် လူတိုင်းစိတ်၀င်စားသည်။ အချစ်အကြောင်းကို လူတိုင်းပြောချင်ကြသည်။ အချစ်ကို လူတိုင်းခံစားချင်ကြသည်။ အချစ်ကို လူတိုင်းက သိစိတ်နှင့်သော်လည်းကောင်း၊ မသိစိတ်နှင့် သော်လည်းကောင်း နေ့စဉ်နှင့်အမျှ ရှာဖွေကြသည်။

အတွေ့အကြုံပေါ်မူတည်၍ အချစ်ကိုလည်း အမျိုးမျိုးအဓိပ္ပာယ် ဖွင့်ဆိုကြသည်။ မိဘအချစ်၊ မောင်နှမအချစ်၊ ရည်းစားချစ် စသည်ဖြင့် အချစ်ကိုစိတ်ဖြာပြီး အမည်ခင်ပွန်းအမျိုးမျိုးနှင့် တပ်ခေါ်ကြသည်။ မည်သို့ဆိုစေ ဘယ်ဟာက အချစ်စစ်လဲ ဟုမေးလာလျှင် ရေရာသေချာသော၊ တိကျနက်နဲသော အဖြေကိုပေးရန်မူ လူတိုင်း မဝံ့မရဲ ဖြစ်ကြသည်ပင်။

အချို့ကလည်း အချစ်သည် အဆုံးတွင် မသာယာမှုနှင့် ဆိုကျိုးရလာဒ်များကိုသာ ဖြစ်ပေါ်စေသည် ဟုငြင်းချက်ထုတ်ကြလေသည်။ ၎င်းင်းတို့ဆိုသည်မှာ အချစ်ကြောင့် နှလုံးသားမုန်းတတ်လာသည်၊ အချစ်ကြောင့် နှလုံးသားမှာ ဒေါသဖြစ်ရသည်၊ အချစ်ကြောင့် နှလုံးသားပူဆွေးရသည်၊ အချစ်ကြောင့် နှလုံးသား ပူပန်ရသည် စသည်၊ စသည်ဖြင့် ဖြစ်သည်။ ယင်းအဆိုတို့သည် တစ်နည်းအားဖြင့်တော့ မှန်သည်။

သို့သော်လည်း အချစ်သည် အပေါင်းလက္ခဏာဆောင်သော အရာဖြစ်သည်။ အကယ်၍ တစ်ယောက်သောသူ၏ အချစ်သည် အချစ်စစ် အချစ်မှန်ဖြစ်ခဲ့မည်ဆိုလျှင် သူ၏ချစ်ခြင်း လုပ်ရပ်၌ အနှုတ်လက္ခဏာဆောင်သော အကျိုးသက်ရောက်မှုများ မရှိရပေ။ ဤသို့ဆိုလျှင် ဘယ်အရာသည် အချစ်စစ်ဖြစ်သနည်း၊ မိမိ၏အချစ်အစစ်အမှန် ဖြစ်၊ မဖြစ် တိုင်းထွာ ဆုံးဖြတ်ပေးသော အချစ်၏စံသည် အဘယ်အရာနည်း။

အချစ်၏အရေးပါမှု

ချစ်တယ်ဆိုတာ လွယ်တာမဟုတ် (Love is no easy thing) ဆိုသည့် သီချင်းသည် တစ်ချိန်က ကျော်ကြားခေတ်စားခဲ့သော သီချင်းတစ်ပုဒ်ဖြစ်သည်။ ချစ်တယ်ဆိုတာသည် မလွယ်ကူသောအရာ ဖြစ်ရုံတင်မက အချို့သော သူများအတွက်မူ အချို့သောအခြေနေများ၌ တစ်ဦးတစ်ယောက်ကို ချစ်ရန်သည် လုံး၀မဖြစ်နိုင်သည့်အရာဖြစ်သည်။ သို့ဆိုလျှင် လူမလိုက်ကျင့်နိုင်သော ပါရမီကို ဘုရားက ဟောကြားဆုံးမထားတော်မူသည်ဆိုသည်မှာ စဉ်းစား၍မရနိုင်သော အရာဖြစ်သည်။ အကယ်၍လူမလိုက်ကျင့် နိုင်သော ပါရမီကို ဘုရားက ဟောကြားထားတော်မူပြီး လိုက်ကျင့်စေလိုတော်မူသည်ဆိုလျှင် ဘုရားသည် အင်မတန် အကြင်နာခေါင်းပါးရက်စက်သူ ဖြစ်ပေလိမ့်မည်။

မည်သို့ဆိုစေ ချစ်လော့ ဆိုသည့် ဘုရား၏အဆုံးအမသည် လူသားတွေ၏ စွမ်းဆောင်နိုင်မှုထက် ကျော်လွန်နေသယောင်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ဤသို့ဆိုလိုက်လျှင် ချစ်လော့ ဆိုသည့် ဘုရား၏ အဆုံးအမသည် လူမလိုက်ကျင့်နိုင်သော အရာဖြစ်သည် ဟုဆို၍ရမည်လော ဟုဆိုက လုံး၀မရပါပေ။ ချစ်ရမည် ဆိုသည့် ပါရမီသည် လူတိုင်းလိုက်ကျင့်နိုင်သည့် ပါရမီတစ်ပါးဖြစ်သည်။ ချစ်တယ်ဆိုတာ လွယ်တာမဟုတ် ဟုဆိုသော်လည်း ချစ်တယ်ဆိုတာသည် လုံး၀မဖြစ်နိုင်သော အရာမဟုတ်ပေ။

ကျွန်ုပ်တို့ တည်ရှိနေရခြင်း၏ အစသည် အချစ်ဖြစ်သည်။ ကျွန်ုပ်တို့ တည်ရှိနေရခြင်း၏ အဆုံးသည်လည်း အချစ်ဖြစ်သည်။ လူသည် အချစ်မရှိဘဲနှင့် အသက်မရှင်နိုင်။ အချစ်မရှိသောဘ၀၊ အချစ်မတွေ့သောဘ၀၊ အချစ်ကို မပေးမျှနိုင်သော ဘ၀သည် ပေါ့ရွှတ်ရွှတ်နှင့် အလွန်ပင် ခံစားမှု ကင်းမဲ့နေပေလိမ့်မည်။

ရဟန်းအမတ် ကာဒီနယ် ရော်ဂျာမာဟောနီက အချစ်ဟာ လူကို ဘုရားနဲ့ တူစေတယ်၊ လူ့ကိုယ်ရည် ကိုယ်သွေး အထွတ်အထိပ် ရောက်စေတာဟာ အချစ်ဖြစ်တယ်၊ အချစ်ဟာ ပျော်ရွှင်ကြည်နူးမှုရဲ့ ရေသောက်မြစ် ဖြစ်တယ် ဟုဆိုလေသည်။ မာအယ်စထရီးနီ ကလည်း သူ၏ထာ၀ရအချစ် ဆိုသည့် စာအုပ်နိဒါန်း၌ အချစ်ဟာ ပျော်ရွှင်မှုနဲ့ အဓိပ္ပာယ်ပြည့်၀တဲ့ ဘဝနေထိုင်မှုအတွက် နည်းလမ်းကောင်းဖြစ်တယ် ဟုထောက်ပြထားသည်။

ထို့အတူပင် မိမိ၏ တရားပိုင်းဆိုင်ရာ တိုးတက်မှုအတွက် အချစ်သည် အဓိက မဏ္ဍိုင်ဖြစ်သည်။ အချစ်သည် ပြည့်စုံကုံလုံသော နောင်ဘ၀အသက်ချမ်းသာ၏ သင်္ကေတဖြစ်သည်။

ချစ်တယ်ဆိုတာသည် ဖြစ်နိုင်သည်၊ အချစ်သည် ဘ၀အတွက် အလွန်တရာ အရေးကြီးသည် ဟုဆိုလျှင် အနည်းဆုံး ဘယ်ဟာကအချစ်စစ်၊ ဘယ်လိုချစ်ရ၊ ဘယ်သူ့ကို ချစ်ရ ဆိုသည့် အချစ်ကြောင်း အနည်းငယ်လေးကိုတော့ စပ်စုချင်ကြပေမည်။

ရှင်လုကာ ၁၀း၂၅-၃၇ မှ ယေဇူးဘုရားရှင် ဟောကြားတော်မူသော မြတ်သော ဆမာရိ ပုံဥပမာသည် ဤအချစ်အကြောင်းနှင့် ပတ်သက်၍ အကောင်းဆုံးနှင့် အသင့်လျော်ဆုံးသော အဖြေကို ပေးနိုင်ပေလိမ့်မည်။ ထိုပုံဥပမာထဲတွင် ယေဇူးဘုရားမှ အကန့်သတ်မရှိသောအချစ်၊ ဘောင်မရှိသောအချစ်၊ အတိုင်းတာမရှိသောအချစ်၊ ဆင်ခြေမရှိသောအချစ် အကြောင်းကို ဟောကြားထားတော်မူပေသည်။ ထို့အပြင် မချစ်ရမည့်လူ ဟူ၍ လောကမှာ မရှိကြောင်းလည်း ဟောကြားဆုံးမထားတော်မူပေသည်။

ဤ မြတ်သော ဆမာရိ ပုံဥပမာ သည် ဘ၀ကို အသက်သွင်းပေးမည့် အချစ်၏အဓိပ္ပာယ်ကို ကွက်ကွက်ကွင်းကွင်း ဖော်ဆောင်ပေးသည်။ ၎င်းပုံဥပမာသည် ချစ်ခြင်း၌မွေ့လျော်ခြင်းသည်သာ မိမိဘ၀ ဝိညာဉ်ပကတိ၌ တစ်နည်းအားဖြင့် မိမိဘ၀ တရား၌ ရှင်သန်အသက်၀င်နေမည်ဖြစ်ကြောင်း ခေတ်အဆက်ဆက်မှ ခရစ်ယာန်များကို မီးမောင်းထိုးပြနေပေသည်။

ကျမ်းပိုဒ် (လု ၁၀း၂၅-၃၇)

၂၅-ထိုအခါ ကျမ်းတတ်ဆရာတစ်ဦးသည် ကိုယ်တော့် ကိုစုံစမ်းလိုသဖြင့် ထ၍ ဆရာသခင်၊ ထာ၀ရအသက်ကို ပိုင်ဆိုင်ရန် မည်သည့်အရာကို အကျွန်ုပ်ပြုရမည်နည်း ဟုမေးလျှောက်လေ၏။- ၂၆-ကိုယ်တော်ကလည်း ပညတ် တရားကျမ်း၌ မည်ကဲ့သို့ရေးသားထားသနည်း၊ သင်မည် သို့ဖတ်ရသနည်းဟု သူ့အား မေးတော်မူ၏။-

၂၇-သူက လည်း သင်၏အရှင်၊ ထာ၀ရဘုရားသခင်ကို သင်၏စိတ် နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဥာဏ်အစွမ်းရှိသမျှချစ် လော့။ သင်နှင့်နီးစပ်သောသူကိုလည်း သင့်ကိုယ်ကို သင်ချစ်သကဲ့သို့ ချစ်လော့ဟု ရေးထားကြောင်း ဖြေကြား လေ၏။

၂၈- ထိုအခါ ကိုယ်တော်က သင်သည် မှန်ကန်စွာ ဖြေကြားလေပြီ။ ဤကဲ့သို့ပြုလျှင် သင်သည် အသက်ရှင် ရလိမ့်မည်ဟု မိန့်တော်မူ၏။

၂၉-သို့သော် ထိုသူသည် မိမိကိုယ်မိမိ ဖြောင့်မတ်သူ ဖြစ်ကြောင်း ဖော်ပြလိုသဖြင့် အကြှနျုပျနှင့ျနီးစပျသောသူ ကား မည်သူနည်းဟု ယေဇူးအား မေးလေ၏။-

၃၀-ထိုအခါ ယေဇူးက ပြန်ဖြေတော်မူသည်မှာ လူတစ်ဦးသည် ဂျေရု ဆလင်ဉမိ့မှ ဂျေရီခိုမြို့သို့သွားစဉ် လမ်းခရီး၌ ဓါးပြများ၏ လက်တွင်းသို့ကျရောက်ခဲ့၏။ ထိုသူတို့သည်လည်း သူ ၏အ၀တ်များကိုချွတ်ယူ၍ သူ့ကိုရိုက်နှက်ကြပြီး သေလု မြောပါးအခြေအနေ၌ ထားခဲ့လျက် ထွက်သွားကြ၏။-

၃၁-ထို အချိန်၌ ရဟန်းတစ်ပါးသည် ထိုလမ်းအတိုင်းဆင်းလာ၍ သူ့ကိုမြင်သောအခါ လမ်း၏အခြားတစ်ဖက်မှ ရှောင်၍ သွားလေ၏။-

၃၂-ထိုနည်းတူပင် လေဝိအမျိုးအနွယ်၀င်တစ် ဦးသည်လည်း ထိုနေရာသို့ ရောက်လာလျှင် သူ့ကိုမြင် သည်နှင့် လမ်း၏ အခြားတစ်ဖက်မှရှောင်သွားလေ၏။-

၃၃-သို့သော် ဆမာရိယလူမျိုးတစ်ဦးသည် ခရီးထွက်လာစဉ် ထိုသူရှိသောနေရာသို့ရောက်လာပြီး သူ့ကိုမြင်သော အခါ ကရုဏာသက်သဖြင့်၊-

၃၄-သူ့ထံသို့ချဉ်းကပ်၍ ဒဏ်ရာ များပေါ်သို့ဆီနှင့် စပျစ်ရည်လောင်းပြီးမှ အ၀တ်ဖြင့် စည်း ထားပေးလေ၏။ ထို့နောက် သူသည် ထိုသူ့ကို မိမိ၏ မြည်းပေါ်တွင် တင်လျက် တည်းခိုခန်းသို့ ခေါ်ဆောင်သွား ကာ ပြုစုလေ၏။-

၃၅-နောက်တစ်နေ့၌ သူသည် ဒေနာရီနှစ် ပြားကိုထုတ်၍ တည်းခိုခန်းပိုင်ရှင်အား ပေးလျက် သူ့ကို ပြုစုစောင့်ရှောက်ပါလော့။ နောက်ထပ်ကုန်ကျသမျှကို အကြှနျုပျပွနျလာသောအခါ ပေးပါမည်ဟုမှာထားခဲ့၏။-

၃၆-ဤသုံးဦးတွင် မည်သူသည် ဓားပြတို့၏လက်တွင်းကျ ရောက်သောသူနှင့် နီးစပ်သောသူဖြစ်သည်ဟု သင်ထင် သနည်းဟူ၍ မေးလေ၏။-

၃၇-ကျမ်းတတ်ဆရာကလည်း လူနာအပေါ် သနားကရုဏာစိတ်ပြသောသူဖြစ်ပါ၏ဟု လျှောက်လေ၏။ ထိုအခါ ယေဇူးက သွား၍ ထိုနည်းတူပြု လော့ဟု သူ့ အား မိန့်တော်မူ၏။

အကျဉ်းချုံးစိတ်ဖြာလျှင်

ကျမ်းတတ်တစ်ယောက်သည် ယေဇူးကို ထာ၀ရအသက်ရရန် ဘာလုပ်ရပါမည်နည်း ဟုမေးလျှောက်သောအခါ ယေဇူးက ပညတ္တိကျမ်းက ဘာပြောထားသနည်း ဟူသော မေခွန်းနှင့် ပြန်ဖြေတော်မူသည်။ ထိုအခါ ကျမ်းတတ်က ဘုရားကိုချစ်ရန်နှင့် မိမိနှင့် နီးစပ်သူများကို ချစ်ရန်ဆိုသည့် ပညတ်ကို ရွတ်ဆိုပြရင်း ပြန်ဖြေလေသည်။ ယေဇူးက ထိုအတိုင်းကျင့်ပါ၊ သင်လိုချင်သည့်အသက်ကို ရလိမ့်မည် ဟုမိန့်တော်မူသော် ထိုကျမ်းတတ်သည် ယေဇူး၏ ပညတ်နှင့်ဆိုင်ရာ ဗဟုသုတကို စမ်းလိုသည်နှင့် အဘယ်သူသည် ကျွန်ုပ်တို့နှင့် နီးစပ်သူဖြစ်ပါသနည်းဟု မေးလျှောက်ပြန်၏။

ယေဇူး သက်တော်ထင်ရှား ရှိစဉ်အချိန်၌ ဘာသာပအများအပြား ပါလက်စတိုင်းသို့ ရောက်လာလေ့ရှိသည်။ သူတို့မေးလေ့မေးထရှိသော မေးခွန်းတစ်ခုမှာ နီးစပ်သူအပေါ်ထားအပ်သော ၀တ်တရား ဘောင်အတွင်း ပါလက်စတိုင်း၌ နေထိုင်ကုန်သော ရောမ၊ ဆီးရီးယားနှင့် ဂရိနိုင်ငံများမှ တိုင်းတစ်ပါးသားများ ပါ၊ မပါ ဆိုတာပင်ဖြစ်သည်။ ဂျူးလူမျိုးတို့အရ နီးစပ်သူအပေါ် ထားအပ်သော ၀တ်တရားအောကျ၌ ဂျူးလူမျိုး စစ်စစ်များနှင့် ဂျူးဘာသာ၀င်သူများသာ ပါ၀င်သည်။ ဂျူးလူမျိုးအချင်းချင်းသည်ပင် မိမိရန်သူ ဖြစ်ပါက နီးစပ်သူ စရင်း၌ မသွင်းကြပေ။

ထိုကျမ်းတတ်သည် ဂျူးလူမျိုးတစ်ဦး ဖြစ်သည့်အလျောက် တစ်ပါးသူအပေါ် ထားအပ်သော ချစ်ခြင်း၀တ္တရား၏ ကန့်သတ်မှု ဘောင်ကို တွေးဆ၍ မေးလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း ယေဇူးသည် ကျမ်းတတ်၏ မေးခွန်းကို ဖြေရမည့်အစား ပုံဥပမာတစ်ပုဒ်နှင့် မေးခွန်း ပြန်ထုတ်တော်မူလေသည်။

ပုံဥပမာသည် ဂျူးလူမျိုး ဟုတွက်ဆ၍ရသော ခရီးသွားတစ်ယောက်အကြောင်းဖြစ်သည်။ ထိုခရီးသွားသည် လုယက်သတ်ဖြတ်မှုနှင့် နာမည်ဆိုးကျော်ကြားပြီး၊ မိုင်(၂၀) ခန့် ရှည်လျားသော ဂျေရုဆလင်နှင့် ဂျေရိခေါမြို့တို့အကြား လမ်းခုလတ်တစ်နေရာ၌ လုယက်တိုက်ခိုက်ခံရ၍ ဒဏ်ရာနှင့် မေ့မြောနေသည်။ ထိုစဉ် ယဇ်ပုရောဟိတ်တစ်ယောက်နှင့် လေဝိတစ်ယောက်တို့သည် ဂျေရုဆလင် ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်း အမှုကို ပြုပြီး ဂျေရိခေါသို့ ပြန်လာကြသည်။ မည်သို့ဆိုစေ သူတို့သည် အကြောင်းအမျိုးမျိုးကြောင့် ထိုဒဏ်ရာရ ခရီးသွားကို မကူညီခဲ့ကြပေ။

ထိုခေတ် အချိန်ခါက ယဇ်ပုရောဟိတ်သည် လူသေကောင်နှင့် (၄)ကုဗမီတာထက် နီးစွာ ချဉ်းကပ်ခွင့် မရှိ။ အကယ်၍ ထိုဒဏ်ရာရခရီးသွားသည် သေဆုံးနေပြီဆိုလျှင် ထိုယဇ်ပုရောဟိတ်သည် လူသေကောင်နှင့် (၄)ကုဗမီတာထက် နီးစွာချဉ်းကပ်မှုဖြင့် ယဇ်ပူဇော်ခြင်းအမူအတွက် မသန့်တော့ပေ။ ၎င်းင်းအစွန်းအကွက်ကို ပြန်လည် ဆေးကြောရန် တစ်ပတ်အချိန်ယူရသည်။ ဤဆေးကြောချိန် ကာလအတွင်း၌လည်း ယဇ်ပုရောဟိတ်သည် အစာစားခွင့်မရှိ၊ ဘာသာ၀င်တွေထံမှလည်း ဆယ်ဖို့တစ်ဖို့အလှူကို လက်ခံနိုင်ခွင့်မရှိ၊ ဘာသာရေး အခမ်းအနားများ၌လည်း ပါ၀င်ခွင့် မရှိပေ။ ထို့အပြင် ထိုအစွန်းအကွက်ကို ဆေးကြောပြီးသည်တိုင် မိမိ မသန့်ရှင်းခဲ့မှုအတွက် လူသူကြား အရှက်ရဦးမည် ဖြစ်သည်။

လေဝိ(ရဟန်းနွယ်၀င်)သည်လည်း မိမိရှေ့သွားနှင့်သော ယဇ်ပုရောဟိတ်တောင်မှ ဘာမျှမလုပ်ခဲ့လျှင် ကြှနျုပျလညျး ဘာလုပ်စရာလိုမည်နည်း ဟုတွေးဆ၍ ထိုဒဏ်ရာရ ခရီးသွားကို မကူဘဲ ခရီးဆက်သွားခဲ့သည်။ ဤနေရာ၌ ထိုခေတ်အချိန်က မြင့်မြတ်သည့် ဘာသာရေးတာ၀န်များကို ထမ်းဆောင်သူများသည် မိမိတို့နှလုံးသားထဲတွင် အကြင်နာတရားကို နေရာမပေးနိုင်လောက်သည်အထိ ဘာသာရေးပညတ်ဥပဒေများကို တတွေမတိမ်း နာခံကြကြောင်း မှတ်သားနိုင်ပေသည်။

ထိုလမ်းအတိုင်းပင် ခရီးသွားနေသော ဆမာရိတစ်ယောက်သည် ယဇ်ပရောဟိတ်နှင့် လေဝိကဲ့သို့မဟုတ်။ ဒဏ်ရာအနာတရနှင့်မေ့မြောနေသော ခရီးသွားဂျူးကို မြင်သည်နှင့် မဆိုင်းမတွ ချဉ်းကပ်ပြီး ဒဏ်ရာများကို ဆီ၊စပျစ်ရည်တို့နှင့် ဆေးကြောပေးသည်၊ ဒဏ်ရာကို စည်းပေးသည်။ ထို့နောက် မိမိစီးနင်းလားသော တိရစ္ဆာန်အကောင်ပေါ်သို့ တင်ပြီး တည်းခိုဇရပ်ဆောင်တစ်ခုဆီသို့ သယ်ဆောင်သွားသည်။ ထိုတည်းခိုဇရပ်ဆောင်၌ပင် ထိုသူ၏ဒဏ်ရာ သက်သာပျောက်ကင်း လာသည်အထိ မိမိကိုယ်တိုင် အကုန်ကျခံ၍ ကုသစေသည်။

ပုံဥပမာကို ပြောပြီးသော် ယေဇူးသည် ထိုသူငယ်အား အဘယ်သူသည် အဘယ်သူ၏ နီးစပ်သူ ဖြစ်ပါသနည်း ဟုမေးတော်မူသည်။

ယေဇူးဟောကြားသော ဤပုံဥပမာ၌ အချစ်၏ ကန့်သတ်မှုသည် အချစ်ခံရမည့်သူနှင့်မဆိုင်၊ ချစ်ရမည့်သူနှင့်သာ ဆိုင်သည်။ ချစ်ရမည့် ကာယကံရှင်၏ နှလုံးသား၌သာလျှင် အချစ်၏ ကန့်သတ်မှုရှိသည်။ နှလုံးသားအပြင်ဘက်၌ အချစ်၏ကန့်သတ်မှု ဆိုသည်မှာ မရှိပေ။ ဆိုလိုသည်မှာ ဘယ်သူဘယ်ဝါကြောင့် အချစ်မှာ ကန့်သတ်မှု ရှိရသည် မဟုတ်ဘဲ၊ မိမိ၏ နှလုံးသား ဘောင်ခတ်ထားမှု ကြောင့်သာလျှင် အချစ်မှာ ကန့်သတ်မှု ရှိရခြင်းဖြစ်သည်။ မိမိနှလုံးသားမှအပ ဘယ်အရာမှ အချစ်ကို မကန့်သတ်နိုင်ပေ။

 

အပိုင်း (၂) နောက်ဆုံးပိုင်း

ခရစ်ယာန်တို့ ကျင့်ဆောက်တည်အပ်သော ချစ်ခြင်းမေတ္တာ ပါရမီ

ရှင်လုကာဧဝံဂေလိကျမ်း ၁၀း၂၅-၃၇ မှ မြတ်သော ဆမာရိ ပုံဥပမာ

(ခရစ်ယာန်တို့ ကျင့်ဆောက်တည်အပ်သော ချစ်ခြင်းမေတ္တာ ပါရမီ)

ဆမာရိတွေဟာ ဘယ်သူတွေလဲ

ဆမာရိဆိုသည့် ဝေါဟာရသည် ဂရိဘာသာနှင့်ရေးသော သမ္မာကျမ်းစာတော်မှ (Samartes) ဆိုသည့် ဝေါဟာရကို တိုက်ရိုက် မွေးစားထားခြင်းဖြစ်သည်။

အချို့က ဆမာရိများကို ဆာမာရိယာ (ဂရိဘာသာ Samarea) နယ်သားများအဖြစ် မှားယွင်းစွာ ခေါ်ဆိုကြသည်။ အမှန်မှာ ဆမာရိတို့သည် အစ္စရေးလူမျိုးစုမှ ဆင်းသက်လာပြီး အစ္စရေးတို့၏ ယုံကြည်ခြင်းကို အမွေခံသူ ဘာသာရေးအုပ်စု တစ်ခုဖြစ်သည်။ အစ္စရေးလူမျိုးတို့ ကာနန်ပြည်ကို သိမ်းပိုက်ပြီးသည့်အချိန်မှစ၌ ဆမာရိတို့သည် ဆမာရိပြည်နယ်၌ အခြေချ နေထိုင်လာခဲ့သူများဖြစ်သည်။

ဆမာရိတို့သည်-

(က) ယာဝေး(Yahweh)ဘုရားကို ရှိခိုးကိုးကွယ်သည်

(ခ) ယာဝေးဘုရားအား ၀တ်ပြုရန် ယဇ်ပလ္လင် သို့မဟုတ်၊ ဗိမာန်တော်ကိုတည်ဆောက်ရာ တရား၀င်နေရာအဖြစ် ဆီအုန်တောင်ကို ဂျူးတွေ အထွတ်အမြတ်ထားသကဲ့သို့ ၎င်းင်းတို့က ဂေရီဇင်းတောင်(Gerizim)ကို အထွတ်အမြတ် ထားကြသည်။

(ဂ) ၎င်းတို့၏ လေဝိရဟန်းအနွယ်၀င်တွေကသာလျှင် မိုးဇက်အာဏာမှ ဆင်းသက်လာသူ တရား၀င် ရဟန်းတွေဖြစ်သည်ဟု ယူဆပြီး၊ ဂျေရုဆလင်ဗိမာန်တော်မှ ရဟန်းများကို ဆန့်ကျင်သူများ ဖြစ်သည်။

(ဃ) ပန္ထာထျု (Pentateuch) ဟုခေါ်သော ဓမ္မဟောင်းကျမ်း၀င် ပထမကျမ်းငါးအုပ်ကိုသာ တရား၀င် သမ္မာကျမ်းစာတော်အဖြစ် လက်ခံသည်။

ဆမာရိနှင့် ဂျူး

ဆမာရိနှင့် ဂျူးတို့အကြားတွင် ရာဇ၀င်မုန်းကြွေးရှိခဲ့သည်။ ဂျူးများက ဆမာရိတို့ကို မိမစစ်၊ ဖမစစ်၊ အုတ်ကြားမြက်ပေါက် ဟုကဲ့ရဲ့ခေါ်ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ဆမာရိတို့သည် မိမိတို့နယ်ထဲ ရောက်လာအခြေချသူ ဟိသန်(Heathen)ခေါ် ဘာသာပလူတွေနှင့် သွေးနှောထားသောကြောင့် ဖြစ်သည်။ (ဤနေရာ၌ သတိချပ်ရမည်မှာ ဆမာရိတိုင်း သွေးနှောထားသည် ဟုနားလည်ရမည် မဟုတ်ပေ၊ အစ္စရေးလူမျိုးမှ ဆင်းသက်သူ ဆမာရိစစ်စစ် အမြောက်အများလည်း ရှိနေသေးသည်)။ ဂျူးတို့သည် ဆမာရိတို့ကို ဘာသာပများထက်ပင် မုန်းတီးကြသည်။

ဇိုးစဖု အဆိုအရ ဆမာရိနှင့် ဂျူးတို့အကြား အမုန်းပွားရခြင်း အကြောင်းရင်း တစ်ခုရှိသေးသည်။ ဂါလီလဲနယ်သားဂျူးတို့သည် ဘာသာရေးအခမ်းအနားရှိတိုင်း ဆမာရိနယ်ကို ဖြတ်ပြီး ဂျေရုဆလင်မြို့သို့ သွားလေ့ရှိသည်။ တစ်ခုသော အချိန်၌ ဆမာရိနယ်ရွာတစ်ရွာမှ ရွာသားများသည် ၎င်းတို့နယ်ကို ဖြတ်သွားသော ဂါလီလဲနယ်သားဂျူးများကို ၀ငျစီးပွီး ၎င်းတို့ကို အမြောက်အများ သတ်ဖြတ်ပစ်သည်။ ထိုအချိန်မှစပြီး ဂျူးတို့သည် ဆမာရိတို့ကို အမုန်းကြီး မုန်းသွားကြသည်။ ဘုရားမရှိ၊ တရားမရှိသော အရူးတွေဟုသာ သတ်မှတ်ကြတော့သည်။ နောင်ကာလ အချိန်ကြာမြင့်သောအခါ ဂျူးတွေက ဆမာရိတို့ကို မိမိ ဘာသာသာသနာမှ ဖည်လွဲသူ၊ မသန့်ရှင်းသူ၊ အပါယ်လားမည့်သူများ အဖြစ် သတ်မှတ်လာကြသည်။

ပြည်နှင်ဘ၀မှ လွတ်မြောက်လာသည့် ဘီစီ၅၃၆ ခုနှစ်တွင် ဂျူးတို့ ဗိမာန်တော်သစ်တစ်ခုကို တည်ဆောက်ရာ၌ ဆမာရိတို့ ပါ၀င်ခွင့် မရှိခဲ့ပေ။ ထို့အတူ ဂျေရုဆလင်ဗိမာန်တော်၌ ပြုလုပ်သော ၀တျပွုခွငျး အခမ်းအနားတို့၌လည်း ဆမာရိတို့ ပါ၀င်ခွင့် မရရှိခဲ့ပေ။ ထို့ကြောင့် ဆမာရိတို့သည် ဘုရားဗိမာန်တော်တစ်ခုကို ဂေရီဇင်းတောင်ပေါ်၌ မိမိတို့အတွက်ငှါ တည်ဆောက်ခဲ့သည်။ ထွက်မြောက်ရာကျမ်း ၂၁း၁၄၌ ဆမာရိတို့သည် နီးစပ်သူစာရင်းတွင် မပါ၀င်ကြောင်း အတိအလင်း ဆိုထားပေသည်။

ဆမာရိတို့အပေါ်ထားသော ဂျူးတို့၏ မုန်းတီးမှုသည် သိပ်ပြင်းထန်လွန်းသည့်အတွက် လူရှေ့သူရှေ့မှာတောင်ပင် ဆမာရိတို့ကို ကြိမ်ဆဲကြပြီး၊ ထာ၀ရသုခနိဗ္ဗာန် မ၀င်စားရပါစေနှင့် ဟုပင် ဘုရားထံ တိုင်တည်ပြီး ဆုတောင်းကြသည်။

ဘယ်ဂျူးမှလည်း ဘယ်ဆာမာရိနှင့် အဖက်မလုပ်ကြပေ။ ထို့ထက် ဘယ်ဂျူးမှလည်း ဘယ်ဆမာရိ လုပ်သော အသုံးအဆောင်ပစ္စည်းများကို မသုံးစွဲကြပေ။

ထိုကဲ့သို့ ဂျူးတို့ဆမာရိတို့ကို မုန်းသလောက် ဆမာရိတို့ကလည်း ဂျူးတို့ကို မုန်းသည်ပင်။

ဂျူးနှင့် ဆာမာရိတို့ကြားရှိ ဤရာဇ၀င်မုန်းကြွေးရိပ်ကို ဓမ္မသစ်ကျမ်းစာတော်၌ပင်လျှင် တွေ့နိုင်သည်။

ဂျေရုဆလင်မြို့သို့သွားရန် ဆမာရိယာနယ်ကို ဖြတ်သွားစဉ် ဂျူးလူမျိုးဖြစ်သည့်ယေဇူးမှာ ဘယ်နေရာမှ ခိုနားစရာ မရရှိခဲ့ပေ (လု ၉း၅၂-၅၃)။ ဆမာရိယာနယ်တွင် အမျိုးသမီးတစ်ဦးကို ယေဇူးက ရေတောင်းသောက်သောအခါ ထိုအမျိုးသမီးသည် အလွန်တရာ အံ့အားသင့်ခဲ့သည် (ယော ၄း၉)။ လူတစ်ယောက်ကို ဆမာရိ ဟုခေါ်ခြင်းသည် နတ်ဆိုးပူးသူ၊ နတ်ဆိုး၊ နတ်မိစ္ဆာ ဟုခေါ်ခြင်းနှင့် အတူတူပင်ဖြစ်သည် (ယော ၄း၄၈)။ ယေဇူးသည် ဆမာရိ ဟူသော အမည်နာမနှင့် အစော်ကားခံတော်မူခဲ့ရသည် (ယော ၈း၄၈)။

ဘယ်သူက မိမိရဲ့ နီးစပ်သူလဲ

ဂျူးလူမျိုးများအတွက် နီးစပ်သူကိုချစ်ရန် ဟုဆိုရာ၌ နီးစပ်သူသည် ဂျူးလူမျိုးဖြစ်ရမည် ဟုသာ နားလည်သည်။ သူတို့အတွက် မိမိနှင့် နီးစပ်သူသည် ကန့်သတ်မှု စက်ဝိုင်းတစ်ခု အတွင်း၌သာရှိသည်။ လူ့အသိုင်းဝိုင်းရှိ မည်သည့် ကန့်သတ်မှု စက်ဝိုင်းမဆို အတ္တအကျိုးကိုသာ ဖြစ်ထွန်းစေသည်။ အတ္တသည် အတ္တကိုသာ မွေးဖွားပေးမည်သာ ဖြစ်သည်။

ဂျူးတို့အကြား နီးစပ်သူ ဟုဆိုရာ၌ နီးစပ်သူသည် ကိုယ့်ဆွေမျိုးသားချင်းသာ ဖြစ်သည်၊ ကိုယ့်လူမျိုးဂျူးသာဖြစ်သည်။ သူတို့၏ နီးစပ်သူ စာရင်း၌ မိမိတို့အိမ်ဖော်နှင့် တိုင်းတစ်ပါးသား သူငယ်ချင်းတွေပင် ပါလေ့မရှိပေ။ ဘာသာပဆိုလျှင်လည်း နီးစပ်သူ စာရင်းတွင် ဘယ်သောအခါမျှ သွင်းလေ့မရှိ။ မိမိ၏ရန်သူနှင့် မိမိကို ညှင်းပန်းနှိပ်စက်သူတွေဆိုလျှင် ပိုဝေးသေးသည်။ ၎င်းတို့ကို နီးစပ်သူ စာရင်း၌ သွင်းရန် ဂျူးတွေအတွက် လုံး၀စဉ်းစားမရသော အရာဖြစ်သည်။

မြတ်သော ဆာမာရိ ပုံဥပမာ၌ နီးစပ်သူကိုချစ်သည့် အချစ်ကို ကန့်သတ်ရန်အတွက် ပုံသေကားချပ် ဖော်မြူလာမရှိကြောင်း ယေဇူးခရစ်တော်မှ အတိအလင်း ထောက်ပြထားတော်မူသည်။ အကူအညီလိုအပ်သူ ဘယ်လူသားချင်းကိုမဆို ဘယ်နေရာ၊ ဘယ်အချိန်မှာပင် ဆုံရ ဆုံရ၊ မိမိကိုယ်ကို ထိုသူများ၏ နီးစပ်သူသဖွယ် ခံယူ၍ ကူညီအပ်ကြောင်း ယေဇူးမှ ဟောကြားဆုံးမထားတော်မူပေသည်။

မိမိနှင့် နီးစပ်သူသည် အဘယ်သူဖြစ်သနည်း ဟုကျမ်းတတ်က ယေဇူးကို မေးလျှောက်သောအခါ ယေဇူးသည် လူ့အလွှာတန်းစားအသီးသီး၏ စာရင်းကို ချပြပြီး မိမိနှင့်နီးစပ်သူက ဘယ်သူဘယ်ဝါပါ ဟုဖြေကြားတော်မမူ။ အကူညီလိုအပ်သူနှင့် အနီးပါးဆုံးရှိသောသူသည် အဘယ်သူနည်း ဟူ၍ မေးခွန်းကို မေးခွန်းနှင့်သာ ပြန်ဖြေကြားတော်မူသည်။ ဤနည်းဖြင့် ယေဇူးသည် ဂျူးတို့၏ အတ္တကို ဗဟိုပြုသော နီးစပ်သူ အပေါ် ထားသည့် အမြင်ကို ပရကို ဗဟိုပြုသော နီးစပ်သူအပေါ် ထားသည့်အမြင်နှင့် ချေဖျက်ပစ်တော်မူသည်။

ဘယ်သူဘယ်ဝါက မိမိနှင့် နီးစပ်သူဖြစ်ပါသည် ဟူ၍ ပုံသေ သတ်မှတ်၍ မရပေ။ ကျမ်းတတ်သည် ဘယ်သူဘယ်ဝါက မိမိနှင့် နီးစပ်သူဖြစ်၍ မည်သူကို ချစ်ရမည်ဖြစ်ကြောင်း ယေဇူးကို မေးလျှောက်သည်။ ယေဇူးက မိမိကိုယ်နှိုက်သာလျှင် တစ်ပါးသူ၏ နီးစပ်သူဖြစ်ပြီး၊ မိမိကသာ အမြဲ စချစ်ရမည်ဖြစ်ကြောင်း မိန့်တော်မူသည်။ ဤအချက်၌ အချစ်၏ ကန့်သတ်မှုသည် မိမိနှလုံးသားမှအပ ဘယ်နေရာမှာမှ မရှိ ဟူသည့် အချက်ကို ကောင်းစွာ သဘောပေါက် နားလည်စေသည်။

တစ်ပါးသူ၏ နီးစပ်သူသည် မိမိသာဖြစ်သည်။ လူသားတိုင်းသည် မိမိနှင့် နီးစပ်သူဖြစ်သည်။ မိမိသည် လူသားတိုင်း၏ နီးစပ်သူဖြစ်သည်။ တစ်ပါးသူနှင့် နီးစပ်ရန်နှင့် တစ်ပါးသူ၏ နီးစပ်သူဖြစ်ရန်အတွက်သည် မိမိကိုယ်နှိုက်နှင့်သာ ဆိုင်သည်။ မိမိကိုယ်ကို တစ်ပါးသူနှင့် နီးစပ်စေသောအခါ မိမိသည် တစ်ပါးသူ၏ နီးစပ်သူဖြစ်လာသည်။

ဘယ်သူဘယ်ဝါက မိမိနှင့် နီးစပ်သူဖြစ်ရန် အလှမ်းဝေးလွန်းသည်ဟု မည်သူမျှ မဆိုနိုင်ပေ။ မိမိကိုယ်နှိုက်က နီးစပ်ချင်လျှင် ဘယ်လူသားမျှ မိမိနှင့် အလှမ်းမဝေးနိုင်ပေ။ မည်သို့ဆိုစေ မိမိကိုယ်ကို တစ်ပါးသူနှင့် နီးစပ်လာစေရန် လုပ်ဆောင်မှု၌ မိမိဘက်မှ အဖိုးအခကြီး ပေးရမြဲ ဖြစ်သည်။ ပုံဥပမာထဲမှ ဆမာရိကဲ့သို့ တစ်ပါးသူ၏ အခက်ခဲကို မိမိအခက်ခဲ ဖြစ်အောင် လုပ်ယူရခြင်း၊ သူ၏အခက်ခဲကို ဖြေလျှော့ပေးရန်နှင့် သူ၏ဝေဒနာကို သက်သာပျောက်ကင်းစေရန် ပြုစုပေးရာ၌ သူနှင့် စိတ်တူ၊ ကိုယ်တူထား ရခြင်း၊ အချိန်ပေးရခြင်း စသည်တို့သည် လွယ်ကူသည့် ကိစ္စမဟုတ်ပေ။

ရန်သူကို ချစ်သောအချစ် (ဆင်ခြေမရှိသော အချစ်)

ဓမ္မဟောင်းကျမ်းစာတော်ထဲတွင် ကနဦးခေတ်၌ လူမျိုးစုတစ်ခုမှ မျိုးစု၀င်တစ်ဦးသည် အခြားလူမျိုးစု၀င်တစ်ဦးကို အနာတရ ဖြစ်စေခဲ့သော် အနာတရ ပြုခံရသူ၏ လူမျိုးစုတစ်ခုလုံး ထွက်၍ ထိုအနာတရ ဖြစ်စေသူကို လက်စားချေတော့သည်။ သူတို့၏ လက်စားချေမှုသည် ထိုသူ၏ အသက်ဆုံးရှုံး သည်အထိ ဖြစ်သည်။ ဤသို့သော အစွန်းရောက် လက်စားချေမှုကို ရပ်တန့်ရန်အတွက် ဥပဒေတစ်ရပ် ထုတ်ပြန်ထားသည်။ အသက်အတွက် အသက်ကိုလည်းကောင်း၊ မျက်စိအတွက် မျက်စိကိုလည်းကောင်း၊ သွားအတွက် သွားကို လည်းကောင်း၊ ခြေအတွက် ခြေကိုလည်းကောင်း၊ မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကို လည်းကောင်း၊ ရှနာခြင်းအတွက် ရှနာခြင်းကို လည်းကောင်း၊ ဒဏ်ရာအတွက် ဒဏ်ရာကိုလည်းကောင်း ခံစေရမည် (ထွက် ၂၁း၂၃-၂၅)။ လူသည် အိမ်နီးနားချင်းကို နာအောင်ပြုလျှင် သူ့ကို ပြုသည့်အတိုင်း ကိုယ်ခံစေရမည် (၀တ် ၂၄း၁၉-၂၀)။ အသက်အတွက် အသက်ကိုလည်းကောင်း၊ မျက်စိအတွက် မျက်စိကိုလည်းကောင်း၊ သွားအတွက် သွားကိုလည်းကောင်း၊ လက်အတွက် လက်ကို လည်းကောင်း၊ ခြေအတွက် ခြေကိုလည်းကောင်း ဒဏ်ပေးရမည် (တရား ၁၉း၂၁)။

ထိုဥပဒေသည် အစွန်းရောက် လက်စားချေမှုကို အတိုင်းတာတစ်ခုထိ ကန့်သတ်နိုင်ခဲ့သော်လည်း လက်စားချေမှုကို လုံး၀ ပပျောက်သွားစေသည် မဟုတ်ပေ။ ထိုခေတ်မှ လူတွေ၏ လက်စားချေလိုမှုစိတ်သည် ယေဇူးဘုရားခေတ်သည့်တိုင်အောင် လူတွေ၏ နှလုံးသား၌ အရိုးစွဲ လွှမ်းမိုးနေဆဲ ပင်ဖြစ်သည်။

ဆမာရိနှင့် ဂျူးတို့သည် ခေတ်နှင့်ချီပြီး တစ်ဦးကို တစ်ဦး ရန်လို လက်စားချေလိုသည့် ကမ္ဘာ့ရန်သူများ ဖြစ်ကြသည်။ သူတို့၏ အပြန်အလှန် မုန်းတီးမှုသည် မည်မျှထိ ပြင်းထန်သည်ဆိုသော် တစ်ဦး၏ အားနည်းချက်ကို တစ်ဦးက အမြဲ ချောင်းမြောင်းနေတတ်ပြီး အခွင့်သာလျှင် သာသလို မည်သည့်နည်းနှင့်ဖြစ်ဖြစ် တိုက်ခိုက်ရန် အဆင်သင့် ရှိနေကြသည်အထိ ပင်ဖြစ်သည်။ သို့သော်လည်း ယေဇူး၏ ပုံဥပမာပါ ဆမာရိသည် ထိုကဲ့သို့မဟုတ်။ မိမိ၏ ရန်သူဂျူးလူမျိုးတစ်ဦး ဒဏ်ရာနှင့် မေ့မြောနေသည်ကို တွေ့လျှင်တွေ့ချင်း အခွင့်ကောင်းယူပြီး လက်စားချေလိုက်သည်ထက် ကြင်နာသနားစိတ်နှင့် မိမိ၏ရန်သူ ကောင်းရာကောင်းကြိုးအတှကျ အတတ်နိုင်ဆုံး လုပ်ဆောင်ပေးခဲ့သည်။ သူ၏အချစ်၌ ဆင်ခြေမရှိ၊ ကန့်သတ်မှုမရှိ၊ ဘောင်မရှိပေ။ သူ၏အချစ်သည် အကူညီလိုအပ်သူ ဘယ်သူဘယ်ဝါဖြစ်သည်၊ ဘယ်လူမျိုး၊ ဘယ်ဘာသာက၊ ဘယ်လိုလူ့အလွှာတန်းစားကဖြစ် စသည်ကဲ့သို့ ခွဲခြားမှုမရှိ။ သူ့အချစ်သည် ဘောင်ဆိုတာမသိ၊ အဆင့်အတန်းဆိုတာကိုလည်း မသိပေ။ တစ်ယောက်သောသူသည် သူ၏အထိအတွေ့၊ သူ၏နွေးထွေးမှုနှင့် သူ၏စောင့်ရှောက်မှုကို လိုအပ်နေသည်ဟုသာ သူ့အချစ်က သိသည်။

ကျွန်ုပ်တို့ သံယောဇဉ်ရှိသူများ၊ ကျွန်ုပ်တို့ ချစ်မြတ်နိုးသောသူများကို ကျွန်ုပ်တို့ မချစ်ဘဲ မနေနိုင်ကြ။ ဘာမျှ အားထုတ်မှု မလိုဘဲနှင့် အလိုအလျောက် သူတို့ကို ချစ်ချင်နေသည်။ ဤအချစ်မျိုးသည် နှလုံးသားခံစားမှုမှ တိုက်ရိုက်မွေးဖွားလာဖြင်းဖြစ်သည်။ သို့သော်လည်း မိမိရန်သူကို ချစ်သည် ဟုဆိုရာ၌ ထိုသို့မဟုတ်။ မိမိရန်သူကို ချစ်သောအချစ်သည် နှလုံးသားခံစားမှုမှ အလိုအလျောက် မွေဖွားလာသည် မဟုတ်ပေ။ မချစ်ဘဲ မနေနိုင်လောက်အောင် ခစြျခငြျနခွေငျးမြိုးလညျး မဟုတ်ပေ။ ၎င်းင်းအချစ်သည် မိမိစိတ်ဆန္ဒနှင့် ပတ်သက်ပြီး၊ လက်တွေ့ အကောင်ထည်ဖော် ချစ်ပြချင်သည့် ဆန္ဒတွန်းအားမှ မွေးဖွားလာခြင်း ဖြစ်သည်။ ရန်သူကို ချစ်နိုင်ခြင်းသည် လူ့ပင်ကိုယ်စိတ်ကို အောင်ပွဲခံနိုင်လိုက်ခြင်း ဖြစ်သည်။

အချစ်ဆိုသည်မှာ နှလုံးသား၏ ပင်ကိုယ်ခံစားမှု တစ်ခုသက်သက်သာ မဟုတ်ပေ။ ၎င်းသည် မြင့်မြတ်သော စိတ်ကို အနိုင်ယူပိုင်ဆိုင်လိုသည့် စိတ်ပြဋ္ဌာန်းချက် ဖြစ်သည်။ ထိုမြင့်မြတ်သည် ဆိုသော စိတ်နှလုံးသည် မိမိကို အန္တရာယ်ပြုသူ၊ မိမိကိုစော်ကားသူ၊ မိမိကို အနာတရရစေသူ၊ မိမိကို မတရားညှင်းပန်း သူတွေကိုပင်လျှင် အပြုံးနှင့် ချစ်ပြနိုင်ပေသည်။ ဤအချစ်သည် မိမိ မနှစ်သက်သူနှင့် မိမိကို မနှစ်သက်သူများကိုပင် ချစ်စေနိုင်သည့် အချစ်ဖြစ်သည်။ ၎င်းအချစ်သည် ယေဇူးဘုရား ဟောတော်မူသော ခရစ်ယာန်တို့လိုက်ကျင့်အပ်သည့် အချစ်ဖြစ်သည်။ ရန်သူကို ချစ်သောအချစ်သည် မိမိရန်သူကို လူကောင်း သူကောင်း ပိုမိုပီသလာစေရန် ကူညီပေးချင်သည့် အချစ်ဖြစ်သည်။ ၎င်းအချစ်သည် လူကို ဘုရားနှင့် သဏ္ဍာန် တူစေသော အချစ်ဖြစ်သည်။ ၎င်းအချစ်သည် မေတ္တာအချစ်ပင်ဖြစ်သည်။

စံလေးတစ်ခု

ယေဇူးဟောကြားတော်မူသော မြတ်သော ဆမာရိ ပုံဥပမာလေးထဲမှ အချစ်စံတစ်ခုကို ဖော်ထုတ်သတ်မှတ်နိုင်ပေသည်။ ထိုစံသည် တစ်ဖက်သတ်ဆန်ပြီး အတ္တကင်းခြင်း ဆိုသည့် စံပင်ဖြစ်သည်။ မိမိ၏အချစ် ဘယ်လောက် တစ်ဖက်သတ်ဆန်ပြီး၊ ဘယ်လောက်အတ္တကင်းသည် ဆိုသည်ကိုကြည့်၍ မိမိ၏ အချစ်အတိမ်အနက်ကို တိုင်းတာနိုင်ပေသည်။

အချစ်သည် တစ်ဖက်သတ်ဆန်ရမည်။ တုန့်ပြန်မှုကို မမျှော်ကိုးရ။ ပုံဥပမာထဲမှ ဆာမာရိသည် မိမိချစ်သည့်သူကို တစ်ဖက်သတ်ချစ်ခဲ့သည်။ ဘာမျှမျှော်ကိုးခြင်းမရှိသော အချစ်နှင့် ချစ်ခြင်းဖြစ်သည်။ ၎င်းင်းတစ်ဖက်သတ်အချစ်သည် မိဘတို့က သားသမီးတွေကို ချစ်သော အချစ်မျိုးဖြစ်သည်။ မိဘတို့သည် သားသမီးများကို ချစ်သည်။ သူတို့၌ ချစ်သည်ဆိုတာပဲ ရှိသည်။ မိဘတို့ သားသမီးတွေကို ချစ်ရခြင်းသည် သားသမီးများက လိမ္မာ၍၊ တော်တတ်၍၊ စာကြိုးစား၍၊ အားကိုးရ၍မဟုတ်။ သူတို့၏အချစ်၌ အကာအရံ ဆိုသည်မရှိ၊ ဘောင်ဆိုသည်မှာမသိ၊ အကန့်သတ်ဆိုသည်မှာလည်း နတ္ထိဖြစ်သည်။ သားသမီးတွေ ဒါဖြစ်မှ၊ ဒါလုပ်မှ၊ ဒီလိုနေမှ ချစ်မည် ဟူ၍ မရှိပေ။ ဤတစ်ဖက်သတ်အချစ်မျိုး ရှိသူသည် သူချစ်နေသည့်သူ ဘယ်သူပင်ဖြစ်နေပါစေ၊ ဘာတွေပင်ဖြစ်နေပါစေ၊ မိမိအချစ်ကို မတုန့်ပြန်ချင်နေပါစေ သူ့ကိုတော့ အမြဲတမ်း ချစ်နေမည်သာဖြစ်သည်။ သူသည် ချစ်သည်ဆိုသည့်တစ်ခုပင် သိသည်။

မည်သို့ဆိုစေ တစ်ဖက်သတ်အချစ်သည် တစ်ကိုယ်ကောင်းဆန်၊ အတ္တဆန်လာသောအခါ မကောင်းတော့၊ အန္တရာယ်ရှိပေသည်။ မိမိသားငယ်၏ ၀မျးစာအတှကျ အခြားသားကောင်ငယ် တစ်ကောင်ကို ရက်စက်စွာသတ်ဖြတ်လိုက်သော ခြင်္သေ့မကြီးတစ်ကောင်၏ အချစ်သည် တစ်ဖက်သတ်ဆန်ပြီး အတတ်ကြီးသောအချစ် ဟုဆိုနိုင်ပေသည်။ မိမိအချစ်၌ အတ္တရှိနေလျှင် မိမိချစ်နေသူ တစ်ဦးတစ်ယောက်တည်း၌သာ မိမိအချစ်က အကျဉ်းချခံနေရပြီး တစ်ခြားသူတွေကို ချစ်ရန်မူ မစွမ်းသာတော့ပေ။

အိမ်နီးနားချင်း ကလေးငယ်နှစ်ဦး ကစားနေရင်းက စကားများ ရန်ဖြစ်ကြသည်။ ထိုစဉ် ကလေးငယ်တစ်ဦး၏ မိခင်သည် လှမ်းမြင်၍ အခင်းဖြစ်ရာနေရာသို့ပြေးလာပြီး ဖြန်ဖြေပေးလိုက်သည်။ ထို့နောက် ထိုမိခင်သည် မိမိ၏သားနှင့် ရန်ဖြစ်သူကို စိမ်းစိမ်းကြည့်၍ ငါ့သားကိုမင်းကလုပ်ရကောင်းလား ဟူသည့် လက်စားချေစိတ်နှင့် ထိုကလေးကို မညှာမတာ ရိုက်လိုက်သည်။ ဤနေရာ၌ မိမိသားအပေါ်ထားသော ထိုမိခင်၏ အချစ်သည် တစ်ဖက်သတ်ဆန်သော်လည်း အတ္တဆန်နေသည်။ သူမ၏ အချစ်သည် သူမ၏သားအတွက်သာနေရာပေးနိုင်ပြီး အခြားကလေးတွေအတွက်မူ နေရာမပေးနိုင်ပေ။

ကောင်လေးတစ်ယောက်သည် ကောင်မလေးတစ်ယောက်ကို မြတ်မြတ်နိုးနိုး စွဲစွဲလန်းလန်းနှင့် ချစ်နေသည်။ အချိန်တွေတစ်ရွေ့ရွေ့ ကုန်လာသော်လည်း ကောင်မလေးဘက်မှ စိတ်၀င်စားသည်ဆိုသည့် အရိပ်အယောင်ပင် လုံး၀မပြ။ တင်းထားသည့် နှလုံးသားလည်း မခံနိုင်တော့ပြီဖြစ်၍ ထိုကောင်လေးသည် မိမိကိုယ်ကို သေကြောင်းကြံစီရင်ပြီး ထွက်ပေါက်ရှာလိုက်သည်။ ဤနေရာ၌ ကောင်လေး၏ အချစ်သည် တစ်ဖက်သတ်ဆန်သည်။ သို့သော်လည်း သိပ်အတ္တကြီးလွန်းသည်။ ထိုကောင်မလေးကို သူ့အတွက်ပဲ သူချစ်ချင်သည်။ သူအချစ်သည် တုန့်ပြန်မှုကို တောင်းဆိုသောအချစ်ဖြစ်သည်။ ထိုတုန့်ပြန်မှု အချစ်သည်လည်း သူ့အတွက်ပဲ ဖြစ်စေချင်သည်။ ၎င်းအချစ်သည် အန္တရာယ်ရှိသည်။ ၎င်းအချစ်သည် ပူပန်မှု၊ ၀မျးနည်းမှု၊ ဒေါသဖြစ်မှု၊ မနာလို၀န်တိုမှု၊ အမုန်းပွားမှု စသည်တို့ကိုသာ မွေးဖွားစေသည်။

၎င်းအချစ်သည် မိမိကိုယ်ကို သော်လည်းကောင်း၊ တစ်ပါးသူကို သော်လည်းကောင်း ထိခိုက်ပျက်စီးစေလောက်သည်အထိ အန္တရာယ် ရှိပေသည်။ ၎င်းငျးငျးအခစြျမြိုးိကို ပိုင်ဆိုင်သူသည် မိမိအကျိုး၊ မိမိကျေနပ်မှုအတွက်ကိုသာ ရှာဖွေတတ်သည်။ သူချစ်သည့်ဟာကို သူတစ်ယောက်တည်းသာ ချစ်နေချင်သည်၊ သူချစ်သည့်ဟာသည်လည်း သူ့အတွက်ပဲ ဖြစ်စေချင်သည်။ အတ္တပါသော တစ်ဖက်သတ်အချစ်သည် ပိုင်ဆိုင်ဖို့အတွက်သက်သက်သာ ချစ်ချင်သည်၊ မိမိအတွက်သာ ပိုင်ဆိုင်ချင်သည့် ဆန္ဒနှင့် ချစ်ခြင်းမျိုး ဖြစ်သည်။ အချစ်ကို အတ္တနှင့် အထပ်ထပ်ရစ်ပတ်စေသောအခါ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ဘာသာစွဲ၊ ဂိုဏ်းဂဏစွဲ စသည့် မရေတွက်နိုင်သော အစွဲတွေလည်း နှလုံးသားမှာ ကိန်းအောင်း လာရပေသည်။

အတ္တပါသည့် တစ်ဖက်သတ်အချစ်နှင့် ဆန့်ကျင်ဘက်သည် တစ်ကိုယ်ကောင်းစိတ်မရှိသော (အတ္တကင်းသော)တစ်ဖက်သတ်အချစ် ပင်ဖြစ်သည်။ ၎င်းအချစ်သည် ကြင်နာမှု၊ ရက်ရောမှု၊ အကူညီပေးတတ်မှု၊ နားလည်မှု၊ သိတတ်မှု၊ သီးခံမှု စသည့် တစ်ပါးသူ၏ ကောင်းကျိုးကို မြှင့်တင်ပေးစေမည့် မည်သည့် အရာကိုမဆို မွေးဖွားပေးသည်။ ၎င်းအချစ်သည် ...ဂုဏ်မပြိုင်တတ်၊ မကြွားဝါတတ်၊ မာန်မာနမထောင်လွှားတတ်၊ မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယျကြိုးကို မရှာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပြစ်မမြင်တတ်၊ မတရားသော အမှု၌ ၀မျးမမွောကျတတျ၊ ...မဖောက်ပြန်တတ် (၁ကော ၁၃း၄-၈)။ ၎င်းအချစ်ရှိသူသည် ဒုက္ခကြားပင် မပြောနှင့်၊ မိမိအသက် စတေးလောက်သည်အထိပင် တစ်ပါးသူကို ချစ်ပြနိုင်ပေသည်။

၎င်းအချစ်သည် ယေဇူးဟောကြားတော်မူသော မြတ်သောဆမာရိ ပုံဥပမာထဲမှ အချစ်မျိုးဖြစ်သည်။ ထိုပုံဥပမာထဲမှ ဆာမာရိ၏ အချစ်သည် မိမိရန်သူအပါအ၀င် လူတိုင်းကို ချစ်ရန်အတွက် အဆင်သင့် ရှိသော အချစ်ဖြစ်သည်။ ၎င်းအချစ်၌ အကာအရံမရှိ၊ အကန့်သတ်မရှိ၊ ဆင်ခြေမရှိပေ။ ဘယ်အခြေအနေ၊ ဘယ်နေရာတိုင်း၌ ရှိသော ဘယ်လို လူသားမျိုးကိုမဆို အချိန်မရွေး ချစ်ပြနိုင်သည့် အချစ်မျိုးဖြစ်သည်။

အချစ်စစ်ဆိုသည်

အချစ်စစ်သည် တစ်ဖက်သတ်ဆန်သည်၊ တစ်ကိုယ်ကောင်းစိတ်မရှိ၊ ကန့်သတ်မှုမရှိ၊ ဘောင်မရှိ၊ ဆင်ခြေမရှိ၊ တုန့်ပြန်မှုကို မမျှော်ကိုးတတ်၊ တစ်ပါးသူ၏ အကျိုး ဖြစ်ထွန်းမှုကိုသာ ရှေးရှုတတ်သည်။

ဘယ်သူဘယ်ဝါကို ကြည့်၍ သော်လည်းကောင်း၊ ဘယ်ရာထူးအဆင့်တန်းကိုကြည့်၍ သော်လည်းကောင်း၊ လူ့အလွှာတန်းစားကို ကြည့်၍ သော်လည်းကောင်း အချစ်ကို ကန့်သတ်၍ ရနိုင်သည် မဟုတ်ပေ။ ဘယ်သူဘယ်ဝါသည် လည်းကောင်း၊ ဘယ်ရာထူးအဆင့်တန်းသည် လည်းကောင်း၊ ဘယ်လူ့အလွှာတန်းစားသည် လည်းကောင်း အချစ်၏ ကန့်သတ်မှုကို ဖန်တီးပေးသည် မဟုတ်။ ချစ်သောသူ ကာယကံရှင် ကိုယ်နှိုက်ကသာ အချစ်ကို မိမိနှလုံးသားထဲတွင် ကန့်သတ် ဘောင်ခတ်ထားခြင်း ဖြစ်သည်။ အချစ်သည် နှလုံးထားထဲမှအပ အခြားဘယ်နေရာတွင်မှ ကန့်သတ်မှု မရှိနိုင်ပေ။ အချစ်စစ်သည် ဘယ်လိုလူသားကိုမှ ချစ်ရမည် ဟုစိတ်စွဲမရှိ၊ မိမိ၏အကူညီကို လိုအပ်သော မိမိနှင့် နီးစပ်သူ လူသားတိုင်းကို ချစ်ချင်သည်၊ ချစ်ရန်လည်း ဆန္ဒရှိသည်။ နီးစပ်သူ ဟုဆိုရာမှာလည်း ဘယ်သူဘယ်ဝါကမှ မိမိနှင့် နီးစပ်သည် ဟုသတ်မှတ်၍ မရပေ။ မိမိကိုယ်နှိုက်သာလျှင် တစ်ပါးသူ၏ နီးစပ်သူ ဖြစ်ရပေမည်။ မိမိသည် လူသားတိုင်း အထူးသဖြင့် မိမိ၏အကူညီကိုလိုအပ်သူ လူသားတိုင်း၏ နီးစပ်သူဖြစ်ပြီး၊ နီးစပ်သူကို ချစ်ပါဟူသော ဘုရား၏ အဆုံးအမသည် လူသားတိုင်းကိုချစ်ပါ ဟုဆိုခြင်းပင်ဖြစ်ပေသည်။

A. သက်ထွေးအောင်

Bibliography

1. Armstrong, A.Edward. The Gospel Parables . New York: Sheed and Ward, 1967.

2. Barclay, William. The Gospel of Matthew . Philadelphia:

Westminster Press, 1975.

3. Durrel, L.Bock. Luke . USA: Inter Varsity Press, 1994.

4. Evans A.Craig and Porter E.Starley, eds. Dictionary of New Testament Background .

5. Fisher, F.Neal. The Parabless of Jesus. Philippines: New York: Crossroad, 1990.

6. Guillemette, Nil S.J. Parables for Today. Philippines: St Paul Publications, 1988.

7. Hendrickx, Herman. The Parables of Jesus then and now .

Manila: St.Paul Publication, 1983.

8. Irudaya, Raj S.J. Who are Samaritans? Vidiajyoti 68 (August 2004).

9. Klassen, William. Love of Enemies . Philadephia: Fortress Press, 1984.

10. Macpherson, Lash Nicholas and Robinson Bernard. Luke: Scripture discussion commentary .

Chicago: Westminster, 1971.

11. Maestrini, Nichiols PIME.

Forever Love . USA: PIME World Press, 1997.

12. McKenzie L.John S.J.

Dictionary of The Bible . New York: Macmillan Publishing Company, 1965.

13. Redemptor Hominis,

14. Wakefield S.Gordon. Westminster Dictionary of Christian Spirituality . 1988 ed

Crd(Fr. သက်ထွေးအောင်)

 

Add new comment

4 + 7 =