ကမ္ဘာမှာ အုပ်ချူပ်မှုစနစ် သက်တမ်းအရှည်ဆုံးနဲ့ တည်မြဲဆုံးလို့ပြောရရင် ကက်သလစ်သာသနာတော်ရဲ့ ဖွဲ့စည်းမှုနဲ့ အုပ်ချူပ်မှု

ကမ္ဘာမှာ အုပ်ချူပ်မှုစနစ် သက်တမ်းအရှည်ဆုံးနဲ့ တည်မြဲဆုံးလို့ပြောရရင် ကက်သလစ်သာသနာတော်ရဲ့ ဖွဲ့စည်းမှုနဲ့ အုပ်ချူပ်မှုဖြစ်တယ်ဆိုတာ ကမ္ဘာ့သမိုင်းသက်သေအရမြင်တွေ့နိုင်ပါတယ် (နှစ်ပေါင်း ၂,၀၀၀ ကျော်)။

ကက်သလစ်သာသနာတော်ရဲ့ ဦးစီးဦးဆောင်မှုကို ခေတ်ကာလအလိုက် ပိုင်းခြားလေ့လာရပါတယ်။ ရှေးဟောင်းကာလ (Ancient World)၊ ရှေးဟောင်းနဲ့ အလယ်ခေတ်ကြားကာလ (Period between Ancient and Medieval Eras)၊ အလယ်ခေတ်ကာလ (The Medieval World)၊ ပြန်လည်ပြုပြင်မွမ်းမံခြင်းနဲ့ နှစ်ဆယ်ရာစုကြားကာလ(Period between the Reformation and 20th Century) နှစ်ဆယ်ရာစု နောက်ပိုင်းကာလ (Twentieth Century, Modern World) စ သဖြင့် ပိုင်းခြားလေ့လာပါတယ်။

ကက်သလစ် သာသနာတော်ဟာ နိုင်ငံတစ်နိုင်ငံ၊ ဒေသ တစ်ခု၊ တိုက်ကြီးတစ်ခု၊ လူမျိုးစု တစ်ခုကိုသာ ကိုယ်စားပြုတည်ရှိတဲ့ သာသနာ မဟုတ်တဲ့အတွက် အုပ်ချူပ်မှုစနစ် အလွန်ကျယ်ပြန့်ပါတယ်။ လူတွေပြောကြတဲ့ ဗဟိုဦးစီးမှု ဆန်လွန်းတဲ့စနစ်လည်း မဟုတ်ပါဘူး။ ယေဘုယအားဖြင့် ဆင့်ကဲအုပ်ချူပ်မှုစနစ် (the Hierarchy) ကို အသုံးပြုပါတယ်။ သို့သော် ၎င်းစနစ်နဲ့ တွဲဖက်ပြီး အာဏာခွဲဝေမှုစနစ်ကိုလည်း တပြိုင်နက် ကျင့်သုံးပါတယ်။ ကမ္ဘာမှာ ရှိရှိသမျှနိုင်ငံ၊ ဒေသ မှာ ကက်သလစ်ဘာသာဝင် လူမျိုးပေါင်းစုံရှိပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ ဘာသာဝင်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းတဲ့ သာသနာဖြစ်တာမို့၊ Catholic ဆိုတာ Universal လို့အဓိပ္ပါယ်ရပါတယ်။

တိုက်ကြီး (၇) တိုက်ရှိတဲ့အခါ ၎င်းတိုက်ကြီးများအလိုက် Cardinals တွေ ဆရာတော်ကြီးတွေကို ကိုယ်စားလှယ်၊ သံတမန် ခန့်အပ်ခြင်း၊ တိုက်ကြီးနဲ့ နိုင်ငံအလိုက် ဆရာတော်ကြီးများအဖွဲ့ချူပ်မှာ အခွင့်အာဏာပေးအပ်ခြင်း၊ နိုင်ငံအတွင်းမှာလည်းပဲ ဂိုဏ်းချူပ်၊ ဂိုဏ်းအုပ်သာသနာအလိုက် ဆရာတော်များတာဝန်ခံအုပ်ချူခြင်း၊ ဘာသာသူများလည်းပဲ အခန်းကဏ္ဍအလိုက်အဖွဲ့အစည်းများဖွဲ့ကာ သာသနာနယ် အလိုက် ပါဝင်တာဝန်ထမ်းဆောင်ခြင်း စသဖြင့် ကျယ်ပြန့်ပါတယ်။

တကမ္ဘာလုံးရဲ့ဗဟိုရုံးချူပ်အနေနဲ့ ဓမ္မအာဇာနည် တမန်တော်ကြီး သံပေတရုနဲ့ သံပေါလု အသတ်ခံတဲ့ ရောမမှာ ထားရှိကာ ပုပ်ရဟန်းမင်းကြီးအဆက်ဆက် The Vatican City မှာ နန်းထိုင်ပြီး အစေခံနေတာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဆိုတာက အလွယ်ပြောရရင် တမန်တော်ကြီး သံပေတရုရဲ့ အရိုက်အရာကို ဆင့်ကဲ ဆင့်ကဲဆက်ခံသူ၊ ခရစ်တော်ရဲ့ ကိုယ်စားလှယ်တော်အဖြစ် မြင်သာတဲ့ အသင်းတော်ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ရုံး ဖွဲ့စည်းမှုအရ ဝန်ကြီးဌာန ကဏ္ဍပေါင်းစုံ ရှိပါတယ်။ လောကီစကားအရ ပြောရရင် လွှတ်တော်ပုံစံနဲ့ Cardinals, Bishops, Priestly Colleagues, Councils စဖြင့် ဖွဲ့စည်းကာ အုပ်ချူပ်ကြပါတယ်။ ဒါက လျပ်တပြတ်လေးမြင်ဖို့ဆိုလိုတာဖြစ်ပါတယ်။

Conclusion ယူချင်တဲ့ အရာက လတ်တလော မိမိတို့ နိုင်ငံအတွက် ပြည်သူတွေလိုချင်တဲ့ အုပ်ချူပ်မှုစနစ်ကို သွားချင်တာပါ။ ကမ္ဘာမှာ နိုင်ငံပေါင်း ၂၀၀ ကျော်ရှိတဲ့ အထဲ နိုင်ငံအသီးသီးက မတူညီတဲ့ စနစ်နဲ့ အုပ်ချူပ်နေတာ တွေ့ရှိရပါတယ်။ စနစ်တွေ မကြာခဏပြောင်းပြီး အုပ်ချူပ်တာ ရှိသလို တချို့နိုင်ငံတွေမှာက တူညီတဲ့ စနစ်မျိုးကိုကျင့်သုံးပြီး အုပ်ချူပ်ကြတာလည်းတွေ့ရပါတယ်။

ကက်သလစ်သာသနာတော်မှာ (၁၃) ရာစု နှောင်းပိုင်းအထိ အုပ်ချူပ်ရေးအလွန် ရှုပ်ထွေးခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးတွေက နိုင်ငံရေးနဲ့ ဘာသာရေးအာဏာ နှစ်ခုစလုံးကိုင်ပြီး အုပ်ချူပ်တာ၊ ဘုရင်တပါးတင်မယ်ဆိုရင် ပုပ်ရဟန်းမင်းကြီးက ထီးနန်းတင် သရဖူဆောင်းပေးရတာ ဖြစ်ခဲ့ပါတယ်။ တဖက်မှာလည်း ပုပ်ရဟန်းမင်းကြီးအဆက်ဆက်နဲ့ နိုင်ငံရဲ့ ဘုရင်တွေ၊ ခေါင်းဆောင်တွေ အာဏာပြိုင်တာတွေရှိခဲ့ပါတယ်။ အသင်းတော်ပေါ်မှာ လွမ်းမူးပြီး အာဏာအလွဲအသုံးပြုအုပ်ချူပ်တဲ့ နိုင်ငံ့ခေါင်းဆောင်များကိုလည်း ရင်ဆိုင် ဖြတ်ကျော်ခဲ့ရပါတယ်။

အဆိုးဆုံးအနေနဲ့ ကက်သလစ်သာသနာတော်အတွင်း Anti-Popes ခေါ်တဲ့ မိမိကိုယ်ကိုယ်ကို မိမိ ပုပ်ရဟန်းမင်းအဖြစ် တရားမဝင် အာဏာလု နန်းတက်ခဲ့တဲ့ Popes တွေလည်း ရှိခဲ့ပါတယ်။ ၎င်းကို အလယ်ခေတ်အတွင်း ဥရောပ နိုင်ငံတွေမှာ ကြုံခဲ့တာ ဖြစ်ပါတယ်။ ၎င်းအချိန်တွေမှာ သာသနာအတွင်း အာဏာလုယက်မှုတွေ၊ စစ်ပွဲတွေ များစွာရင်ဆိုင်ခဲ့ရပါတယ်။

နိုင်ငံ့အာဏာနဲ့ သာသနာ့အာဏာကို ခွဲခြားပြီး အသင်းတော်ခေါင်းဆောင်များဟာ နိုင်ငံတော်အာဏာကို စွန့်လွှတ်ကာ သာသနာတော်အား အစေခံဦးဆောင် အုပ်ချူပ်ရေးအခွင့်အာဏာကိုသာ ထမ်းဆောင်ရမယ် ဆိုတဲ့ Constitutions and principles (The bull Unam Sanctum) ကို ပြင်ဆင်ရေးဆွဲနိုင်ခဲ့သူက ပုပ်ရဟန်းမင်းကြီး Pope Boniface VIII (AD 1302) ဖြစ်ပါတယ်။ The Separation of Church and States ဖြစ်ပါတယ်။ ၎င်း ဝါဒဟာ နောက်ပိုင်း (၁၉)ရာစုမှ စပြီး Thomas Jefferson (AD 1802) ဆိုသူမှ အမေရိကမှာလည်း ပြန်လည်ကျင့်သုံးနိုင်ဖို့ စာတမ်းများပြုစုခဲ့ပါတယ်။

တို့နိုင်ငံမှာ အများပြည်သူတွေက Federalism စနစ်ကို လိုချင်၊ တောင်းဆိုနေကြတာ အားလုံးအသိပါပဲ။ မြန်မာနိုင်ငံဟာ ရှေးရှေးကတည်းက လူမျိုးတိုင်း၊ ဒေသတိုင်းကို ကိုယ်စားပြု အုပ်ချူပ်ခဲ့တဲ့ ခေါင်းဆောင် မရှိခဲ့တာ အားလုံးအသိပါပဲ။ တော်လှန်ရေးကို ခေတ်အဆက်ဆက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ တကွဲတပြား လုပ်ခဲ့တယ်။ လက်ရှိအချိန်ထိ မအောင်မြင်ဘူး။

အာဏာရှင်စနစ် ပျက်သုဉ်းဖို့ အသက်တွေပေးပြီး တော်လှန်ခဲ့တာလည်း နှစ်ပေါင်းများစွာကြာခဲ့တာ မျက်မြင်ပါပဲ။ သို့သော် ပြည်သူတွေနဲ့ တိုင်းရင်းသားအားလုံးပါဝင် သဘောတူညီစွာ ရေးဆွဲတဲ့၊ အားလုံးလိုချင်တဲ့ ဖွဲ့စည်းပုံ၊ တရားဥပဒေ ပြင်ဆင်ထားပြီးသားဖြစ်နေပြီလားဆိုတာဖြစ်ပါတယ်။ တကယ်ရှိရင် ၎င်းကို တိုင်းရင်းသား၊ ပြည်သူတရပ်လုံး စည်းလုံးစွာ တင်ပြထောက်ခံသင့်တယ်ထင်တာပဲ။ အားလုံးကို သြဇာရှိစွာ ဦးစီးမည့် အဖွဲ့၊ ခေါင်းဆောင် ရှိရမှာက မလွဲပေါ့။ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် Federalism ဟာ တကယ် အသင့်တော်ဆုံး စနစ်လည်းဖြစ်ပါတယ်။

ပြင်ဆင်မှုလို့ပြောတဲ့အခါ အတတ်နိုင်ဆုံး ကဏ္ဍစုံစွာ ပြင်ဆင်တာဟာ ပိုပြီးအောင်မြင်မှာပါ။ တို့တတွေက ကြိုတင်ပြင်ဆင်မှု အားမကောင်းဘဲ ပြိုင်ပွဲကြီး ဆင်နွဲတာဟာ အလွန်မောပန်းနေမှာတော့ အမှန်ပေါ့။ အား ဆိုတာ ပြည်သူ့အားထက် ပိုအားသာတာ ဘာမှမရှိဘူးလို့ ယူဆပါတယ်။ ကိုယ့်နိုင်ငံအတွင်းမှာ ကြိုတင်ပြင်ဆင်မှုအားကောင်းမယ်၊ သွေးစည်းမှု၊ ခေါင်းဆောင်မှုအားကောင်းရင် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးနဲ့ အားလုံးပါဝင်မှု ပိုအားကောင်းတာကို ရရှိနိုင်ပါတယ်။ အတွင်းမှာ အားကောင်းရင် ပြည်ပအယုံအကြည်အားလည်း ပိုရရှိပြီး ခရီးပိုရောက်မှာ အမှန်ပေါ့။

စည်းလုံးမှုလို့ပြောရင် တစ်စု၊ တစ်ဖွဲ့တည်းရဲ့ စည်းလုံးမှု မဟုတ်ဘဲ အားလုံးပါဝင်တဲ့ စည်းလုံးမှုအင်အားအတွက်ပါ ပြင်ဆင်ထားသင့်ပါတယ်။ ဒါက မြန်မာပြည်အခြေအနေအရ စဉ်းစားတာလေးပါ။ ဒီတော်လှန်ရေးဟာ နောက်ဆုံးဖြစ်မယ်ဆိုတာ လူတိုင်းယုံကြည်မှာပါ။ သို့သော် မိမိတို့ဘက်က ကြိုတင်ပြင်ဆင်မှုသော်လည်းကောင်း၊ အရေးပေါ်ပြင်ဆင်မှုသော်လည်းကောင်း ကြံ့ခိုင်မှုရှိမှသာ ထိရောက်တဲ့အောင်မြင်မှုကို သွားနိုင်မယ်လို့ ယူဆပါတယ်။

မှတ်ချက်၊ မိမိတဦးတည်းရဲ့အမြင်သာဖြစ်ပါတယ်။

Credit to Fr. John Htoi

Add new comment

5 + 2 =