ကက်သလစ်တစ်ယောက်ရဲ့ပျော်ရွှင်မှု

ကက်သလစ်တစ်ယောက်ရဲ့ပျော်ရွှင်မှု

အမိကက်သလစ် အသင်းတော်ကို အိမ်ကလေး တစ်လုံးနဲ့ ကျွန်တော် နှိုင်းယှဉ်ပြချင်ပါတယ်။ ကျွန်တော် တို့ရဲ့ ကက်သလစ် အသင်းတော်ဟာ ကမ္ဘာတဝှမ်းက သားသမီးတွေ တစ်စုတစ်စည်းထဲ နေကြတဲ့ အိမ်ဂေဟာ အကြီးကြီးတစ်ခုလို့ ပြောရင် ပိုမှန် ပါလိမ့်မယ်။ မိသားစုတွေမှာ ကြုံတွေ့ ရင်ဆိုင်ရတဲ့အတိုင်း အခက်အခဲ ဒုက္ခတွေ ဆိုတာလည်း ရှိပါတယ်။ ဘယ်လောက်ပဲ မုန်တိုင်းကြုံကြုံ မိသားစုနဲ့အတူ ရှိနေတယ်ဆိုတဲ့ ခံစားချက်က အခက်ခဲကြားမှာ ပြုံးပျော်ရွှင် စေပါတယ်။ အဲ့ဒီလို ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတဲ့ အိမ်ကလေးကို တစ်ချက်လောက် လာရောက် လည်ပတ်ကာ လေ့လာကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

အိမ်တစ်လုံးကို ဖွဲ့စည်း တည်ဆောက်ပြီဆိုရင် လေးဖက်လေးလံ နံရံတွေနဲ့ ခေါင်းမိုး တစ်ခုကတော့ မပါမဖြစ်ပါပဲ။ ဒါပေမဲ့ အဲ့ဒီ နံရံတွေက အကာအရံသက်သက်ပဲ မဟုတ်သေးဘူးဗျ။ ကြည့်ပျော် ရှုဖွယ်ကောင်း အောင် လိုက်ကာလေးတွေတပ်၊ ပန်းတွေနဲ့ အလှဆင်၊ အမှတ်တရ ဓါတ်ပုံလေးတွေ ချိတ်ဆွဲ စသဖြင့် မျက်စိ ပဒသာ ရှိအောင် အမျိုးမျိုး ပြင်ဆင်တတ်ကြတယ် မဟုတ်လား။ ဘယ်လောက်ပဲ အိမ်အတွင်းအပြင် ဒီဇိုင်းကို လှအောင် ပြင်ပြင်၊ အိမ်တွင်းမှာ နေထိုင်သူ မရှိရင်တော့ အဲ့ဒီအိမ်ရဲ့အလှက ပြီးပြည့်စုံမှာ မဟုတ်သေးပါဘူး။ မိသားစုတွေ ရှိမှလည်း အိမ်ကလေးက အသက်ပိုဝင် လာမယ်။ မိသားစုဝင်တွေရဲ့ မွေးနေ့၊ ပွဲနေ့လေးတွေ ကျင်းပကြတဲ့ အချိန် ရှိသလို၊ ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းမှတ်တွေပြုကြတာလည်း ရှိပါတယ်။ မိသားစုတိုင်း ကတော့ သူ့နေပုံထိုင်ပုံနဲ့သူ ပေါ့လေ။ အစဉ်အလာတွေ၊ ယုံကြည်ချက်တွေကအစ တူညီကြတာမှ မဟုတ်တာ။

ကက်သလစ် မိသားစုကြီးမှာလည်း သူများနဲ့မတူတဲ့ ရှင်သန်နေထိုင်ပုံလေးတွေရှိပါတယ်။ ခေတ်အဆက်ဆက်က သွန်သင် ထားရစ်ခဲ့တဲ့ ယုံကြည်ခြင်းအမွေအနှစ်တွေ ဒီအိမ်အတွင်းမှာ ခုထိ ရှင်သန်နေတယ်။ “ရှေးထုံးလည်း မပယ်နဲ့၊ စျေးသုံးလည်း မလွယ်နဲ့” ဆိုတဲ့ စကားအတိုင်း ရှေးထုံးသက်သေ သွန်သင်ချက်တွေက ကက်သလစ် မိသားစုကြီးကို ပိုပြီး နွေးထွေးသာယာ ခိုင်မာစေတယ်လေ။ လေးနက်တဲ့ အဓိပ္ပါယ်တွေနဲ့ ယုံကြည် ချက်တွေ၊ ကျင့်သုံးနေတဲ့အစဉ်အလာတွေ အကြောင်း ဒီအိမ်လေးထဲမှာ ဝင်ကြည့်ကြဖို့ ကျနော်ဖိတ်ခေါ်ပါရစေ။

အခု ကက်သလစ် အိမ်လေး တစ်လုံးရဲ့ ခြံတံခါးဝမှာ ရောက်နေပြီလို့ စိတ်ထဲမှာ မြင်ယောင်ကြည့် လိုက်ပါ။ အိမ်ထဲကို ဝင်လိုက်တာနဲ့ ကက်သလစ် မိသားစုတစ်ခုလုံးရဲ့ သိုးထိန်း ဖခင် ရဟန်းမင်းကြီးက လှိုက်လှဲ စွာ ကြိုဆိုနေပါတယ်။ ရှင်ပေတရု လက်ထက်ကနေ ယနေ့ထက်ထိ အရိုက်အရာ မပြတ်ခံယူခဲ့တဲ့ ၂၆၅ ကြိမ်မြောက် ရဟန်းမင်းကြီးကို တွေ့ရပါတယ်။ အိမ်ထဲက နံရံတွေမှာလည်း မိသားစုဝင် ရဟန္တာတွေရဲ့ ဓါတ်ပုံတွေကို ခမ်းနား ကြည်ညိုစွာ ချိတ်ဆွဲဂုဏ်ပြုထားသေးတယ်။ ဒီဓါတ်ပုံတွေကို ကြည့်ရတာ မိသားစု ဓါတ်ပုံအယ်လဘမ်တစ်ခုကို ဖွင့်ကြည့်ရသလို ကြည်းနှုးစရာ တကယ်ကောင်းတယ်။ ပြီးတာနဲ့ ဒီအိမ်ရဲ့ မိခင်လည်းဖြစ်၊ ဘုရားရဲ့မိခင်လည်း ဖြစ်တဲ့ မယ်တော်မာရီယားကလည်း အပြုံးလေးနဲ့ နွေးနွေးထွေးထွေး ကြိုဆိုနေတာများ အိုဗျာ ရင်ထဲကို လှိုက်ဖိုနွေးထွေးသွားတာ ဘယ်လို ပြောရမှန်းကို မသိတော့ဘူး။ လူတွေကပြောကြတာ ကြားဖူးတယ်။ အိမ်ဂေဟာ တစ်ခုကို ချိုမြိန်သာယာတဲ့ အိမ်ကလေးဖြစ်အောင် ဖန်တီးပေး သူဟာ မိခင် ပါပဲတဲ့။ မှန်လိုက်လေခြင်း။

ဒါနဲ့ပဲ တစ်ခန်းဝင် တစ်ခန်းထွက် ဝင်ကြည့်ရင်း ယုံကြည်ခြင်းရဲ့ ဘိုးဘွားတွေကို တထူးတခြား ဂုဏ်ပြု ထားတဲ့အခန်းလေးဆီရောက်သွားတယ်။ ဒီဘိုးဘွားတွေက သွေးတွေ၊ ချွေးတွေနဲ့ အသက်စွန့်ပေးခဲ့ကြတာလေ။ သူတို့ရဲ့ သူရဲကောင်းဆန်တဲ့ မေတ္တာနှလုံးသားတွေကို လေးစား ကြည်ညိုလွန်းလို့ ခဏလေးထိုင်ပြီး အရိုအသေ ပေးကာ ဦးခိုက် ပူဇော်ပေးလိုက်ပါတယ်။ တကယ်တော့ သိပ်အံ့သြဖို့ ကောင်းတယ်ဗျ။ သူတို့တွေက ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှင်သန်ခဲ့ကြသူတွေ။ ခုချိန်ထိ သတိတရနဲ့ ချစ်ခင်လေးစားစွာ နှလုံးသားချင်း ချိတ်ဆက်နေကြတာ မထူးဆန်း ဘူးလား။ စဉ်းစားစရာနော်။

အဲ့ဒီ အခန်းကျော် နောက်တစ်နေရာ ရောက်တော့ သမ္မာကျမ်းစာတော်မြတ်ကို ပလ္လင်တင်ပြီး တရိုတသေ ခင်းကျင်းထားတာကို တွေ့လိုက်ရတယ်။ သိချင်တဲ့မေးခွန်းတွေ ကလည်း တဖွားဖွား။ ဘယ်ကနေ ကျမ်းစာက ဖြစ်ပေါ်လာတာလဲ၊ ကျမ်းစာကို အသင်းတော်က ဘယ်လို အလေးမြတ်ထားပြီး ကျင့်ဆောက်တည် နေကြလဲ ဆိုတဲ့ မေးခွန်းတွေပေါ့။ နောက်အချိန် ရတဲ့အခါ မေးကြည့်ဦးမယ် ဆိုပြီး စိတ်ထဲ တေးထား လိုက်ပါတယ်။ ကက်သလစ် အိမ်ရဲ့ မိခင်က ကျတော်တို့ကို အပေါ်ထပ်ကို လိုက်လာဖို့ ဖိတ်ခေါ် လာပါတယ်။ ဒါနဲ့ပဲ လိုက်လျှောက်သွားတာ အပေါ်ထပ်မှာ အိမ်ရှင် ယေဇူးဘုရားက စောင့်ကြို နေတာဗျ။ သူနဲ့အတူ စားပွဲမှာ ထိုင်ပြီး စားသုံးကြဖို့လည်း ဖိတ်ခေါ်သေးတယ်။ အိမ်ရှင်နဲ့ အမြဲ အဆက်သွယ် ရှိနေအောင်၊ လိုအပ်တဲ့အခါ အကူညီ တောင်းရအောင် စက္ကရမင်တူး (၇)ပါးကိုလည်း လက်ဆောင်အဖြစ် ယူသွားခိုင်း ပါတယ်။ အထူးသဖြင့် သူနဲ့ တိုက်ရိုက် ထိတွေ့ချင်ရင် ကိုယ်တော်မြတ် စက္ကရမင်တူးမှာ လာရောက်နိုင်ကြောင်း အထူး ဖိတ်ကြားပါ လေရော။

ထူးခြားတာက ဒီအိမ်က လူမျိုးပေါင်းစုံ၊ ဘဝပေါင်းစုံ ရှိနေတာပဲ။ လက်ထပ်ထားတဲ့ အိမ်ထောင်သည် တွေရှိသလို၊ သစ္စာသုံးပါးနဲ့ ဘဝကို ပူဇော်ထားတဲ့ သူတော်စင်တွေကလည်း အများကြီး။ ဘဝတိုင်းကို လွတ်လပ်စွာနဲ့ ပျိုးထောင်ရှင်သန်ခွင့် ပေးထားပါလားလို့ အတွေးလေးက ဝင်နေမိတယ်။ မပြန်ခင် နောက်ဆုံး အချိန်လေးမှာ အရေးကြီးတဲ့ အခါကြီးရက်ကြီးတွေလည်း ရှိသေးတယ်ဆိုတာ သိရပြန်တယ်။ အိမ်ရှင်သခင်ရဲ့ ဒုက္ကစရိယာ ခံခြင်း၊ အသေခံတော်မူခြင်းနဲ့ ရှင်ပြန်ထမြောက် တော်မူခြင်းတို့ဟာ ဒီအိမ်ရဲ့ အထင်ကရ နေ့စွဲတွေပဲ။ နောက်မှ သိရတာ တစ်ခုက ဒီအိမ်က လူတွေ ဘာကြောင့် ပျော်ရွှင်နေကြလဲ ဆိုတဲ့ လျို့ဝှက်ချက်။ ကက်သလစ် အိမ်မှာ ကက်သလစ် တစ်ယောက်ဖြစ်ရခြင်းရဲ့ ပျော်ရွှင်မူက ဘာလဲဆိုတော့ အိမ်ရှင်သခင်ရဲ့ သေခြင်းကနေ ရှင်ပြန်ထမြောက်ခြင်းတဲ့။ သူ့ရဲ့ ရှင်ပြန်ထမြောက်ခြင်းသာ မရှိခဲ့ဘူးဆိုရင် ဟော့ဒီအိမ်ကြီးကလည်း အဓွန့်ရှည် တည်တံ့နိုင်မှာ မဟုတ်ဘူး။ ရှင်ပြန်တော်မူခြင်းက မျှော်လင့်ခြင်း အသစ်တွေ ဆောင်ကျဉ်း ပေးပြီး မှီတင်းနေ ထိုင်သူ သားသမီးတိုင်းရဲ့ နှလုံးသားကို ပျော်ရွှင်ဝမ်းမြောက် စေတယ်တဲ့လေ။

ကဲ . . . ကက်သလစ် ခရစ်ယာန် မိသားစု ဝင်တိုင်းကို ဖိတ်ခေါ် လိုက်ပါရစေ။ ဒီအိမ်လေးထဲကို လာရောက် ဝင်ကြည့်လှည့် ပါလို့။ ကိုယ်နေတဲ့ အိမ်မှာ ဘာတွေရှိနေလဲ။ ဘယ်လို ယုံကြည်ချက် တွေနဲ့ ရှင်သန်နေလဲ။ ဘယ်သူတွေနဲ့ ဖွဲ့စည်းထားကြလဲ။ ဘာတွေကို ကျင့်သုံးနေကြလဲ . . စတဲ့ ကက်သလစ် မိသားစု အိမ်တစ်လုံးရဲ့ ကျင့်ကြံ ယုံကြည်မှုတွေကို သိရှိနိုင်ဖို့ လှမ်းခဲ့ပါလို့ ကြိုဆိုဖိတ်ခေါ်လိုက်ပါတယ်။

သီကိုရှင်း

 

Add new comment

5 + 0 =