အလိုက်သိပါ

အလိုက်သိပါ

        မိတ်ဆွေအပေါင်းတို့ခင်ဗျာ

 အပတ်စဉ်တိုင်း တင်ဆက်ပေးနေကြ ထိမ်းသိမ်းကြစေသဘာဝအမွေကဏ္ဍလေ ရောက်ရှိလိုလာခဲ့ပြန်ပါပြီ။ ဒီတပတ်မှာတော့ အလိုက်သိပါ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ယခုလက်ရှိမန္တလေးကျုံးပတ်ပတ်လည်မှာ ကွန်ကရစ်ကြမ်းပြင်တွေပြန်ခင်း၊ နောက်အကာလက်ရန်း တွေလဲနှင့် ကောင်းမွန်စွာ လုပ်ဆောင်ထားပါတယ်။ လက်ရန်းတွေဟာ စတီးလက်ကိုင်တန်းတွေနဲ့ အစားထိုးပြုပြင် ထားတာဖြစ်ပါတယ်။ ခေတ်နှင့်အညီ လှပသပ်ရပ်စွာပြုလုပ်ထားပါတယ်။ ဒါပေမဲ့ လက်ရန်းတွေ မပြီးခင်မှာဘဲ လက်ရန်းတွေမှာ ကွမ်းသွေးများဟာ နေရာယူနေပြီဖြစ်ပါတယ်။ သေချာလုပ်တာ လား။ စရိုက်တစ်ခုလားဆိုတာကတော့ ပြောဖို့ခဲယဉ်းလှပါတယ်။ တကယ်လုပ်ဆောင်သူသာသိပါ လိမ့်မယ်။ ကျွန်တော်တို့ငယ်ငယ်၊ စျေးချိုတော်ကြီးကို အသစ်ပြုပြင်တည်ဆောက်ကြတုန်းကလဲ ဒီလိုပါဘဲ စစချင်း မရောက်ဖူးလို့ လျှောက်ကြည့်တုံးမှာဘဲ လှေကားထောင့်တွေမှာ ကွမ်းသွေးများ ကိုအမှတ်ရမိနေပါသေးတယ်။ အများသက်ဆိုင်သောပတ်ဝန်းကျင် လူထုအစည်းအဝေးနဲ့ရှိတဲ့ နေရာတွေမှာ ဆေး လိပ်မသောက်ရ၊ ကွမ်းမစားရ၊ ကွမ်းသွေးမထွေးရ စတဲ့စည်းကမ်းချက်တွေရှိပါတယ်။ ပြင်းထန်စွာ အရေးယူတဲ့ နည်းဥပဒေတွေတော့မဟုတ်ပါဘူး။ စည်ပင်ဥပဒေလို့ လူအများခေါ်ကြတဲ့ ဥပဒေ အပေါစားလေးတွေဖြစ်ပါတယ်။ ဥပဒေအရ ကာကွယ်ထားသော်လည်းဘဲ အရေးယူဖို့ရန် ခဲယဉ်း ပါတယ်။ မိမိတို့ရဲ့ အလိုက်သိမှု၊ သူတပါးကို လေးစားမှု၊ ရှင်းရှင်းပြောရရင်တော့ လူကြီးဆန်မှုပေါ် မှာဘဲ မူတည်နေပါတယ်။ မီးပွိုင့်မှာ ကားရပ်ရင် ဒီ - ကွမ်းတွေရဲ့ ဒဏ်ကိုခံရပါတယ်။ ပျစ်ခနဲထွေး လိုက်ပြီးမှ ဆောရီးအကိုတဲ့ ဘယ်လိုလုပ်ရမလဲဗျာ၊ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ အရက် မသောက်ရဆိုတဲ့ ပိတ်ပင်မှုတွေ မလိုအပ်ပါဘူး။ အလိုက်သိသိကျင့်ကြံတတ်ဖို့သာလိုပါတယ်။ ဆေးခြောက်ကို တရားဝင်ရောင်းတဲ့နိုင်ငံတွေမှာတောင် လူအများကြား၊ လူစုဝေးရာနေရာတွေမှာ ဆေးလိပ်သောက်ခွင့်မရှိပါဘူး။ ခွင့်မရှိဘူးလို့ ပြောရတာထက် မသောက်ကြဘူးလို့ပြောရင် ပိုမှန်ပါ လိမ့်မယ်။ အဲဒီလူ့အသိုင်းအဝိုင်းက လက်မခံလို့၊ တဖြည်းဖြည်းဆန့်ကျင်လာကြတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘက်စကားထဲမှာလဲ ဆေးလိပ်သောက်ကြပါတယ်။ အရက်ကို မူးဝေပြီး လိုင်းကားပေါ်မှာ တောက်ရှောက်အော်ပြီးတတ်လိုက်လာကြတာလဲရှိပါတယ်။ ဒီလိုပါဘဲ ကွမ်းကို တဖြုတ် ဖြုတ်ဝါးပြီး၊ လမ်းတလျှောက်ထွေးသွားတာလဲရှိပါတယ်။ တချို့ကြတော့လည်း စည်းကမ်းရှိသလို လိုကြွပ်ကြွပ်အိမ်ထဲမှာထွေးပြီး၊ ကားပေါ်ကဆင်းရင် ခုံအောက်မှာ ဒီအတိုင်းထားခဲ့တက်ပါတယ်။ မှောက်လို့မှောက်၊ ကြွပ်ကြွပ်အိတ်ကွဲပြီး၊ ကားတစ်စီးလုံး ရေဆေးဆီလိုက်ပို့လိုက်ရတာတွေလည်းရှိ ပါတယ်။ ဒါတွေဟာ ဥပဒေတရပ်၊ ပြဌာန်းဖို့ရန်ခက်ခဲပြီး နီတိ၊ လူမှုကျင့်စဉ်၊ အလိုက်သိမှုတွေနဲ့ထိမ်းကြောင်းရတာဘဲ ဖြစ်ပါတယ်။ ဆေးရုံတို့ ကလေးဆေးခန်းတို့မှာ ဆေးလိပ်သောက်တာကတော့ အတော့်ကို ဗရုတ် သုတ်ခ နိုင်လွန်းတယ်လို့မြင်မိပါတယ်။ ဒီလိုလူမျိုးများကို ပညာသွားပေးပြောပြကြတာတွေရှိပါတယ်။ တော်တော်များများက သိသိနှင့်လုပ်ကြတာလို့ထင်ပါတယ်။ လူဘဲကွာ သေတနေ့ မွေးတနေ့ ဆေး လိပ်မသောက်လဲသေမှာပါ။ အရက်မသောက်လဲသေမှာပါ။ ကွမ်းမစားဘဲ ကင်ဆာဖြစ်တဲ့သူတွေ အများကြီးတဲ့ ဟုတ်ပါတယ်။ လွတ်လပ်မှုတွေကို မထိမ်းကွပ်ချင်ပါဘူး။ ကိုယ်ကိုတိုင်က လွတ်လပ်စွာ လုပ်ချင်တဲ့သူတစ်ဦးဟာ သူတပါးရဲ့ လွတ်လပ်မှုကိုလဲ လေးစားရမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ လူ့အခွင့်အရေး၊ လွတ်လပ်မှုဟာ တပါးသူအပေါ်မှာ နောက်ယှက်ကျူးလွန်တယ်လို့ ခံစားရရင်၊ တပါးသူရဲ့ လွတ်လပ်မှု ကို ထိပါးရင် အဲဒီလွတ်လပ်မှုဟာ ကျင့်ဝတ်ဥပဒေဖျောက်ဖျက် မှုတစ်ခုသာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ အလိုက်သိကြရအောင်ပါ။

        ယခုဆိုနေရာ တော်တော်များများမှာ နိုင်လွန်ကတ္တရာတွေဆင်းကြပါတယ်။ လမ်းခင်းပြီးစအရင်ဦးဆုံးတွေ့ကြရ တာကတော့ ကွမ်းသွေးတွေဘဲဖြစ်ပါတယ်။ မနက် မနက် ကားလမ်းပေါ်မှာ စည်းကမ်းမဲ့စွန်ပစ်ကြ တဲ့ အမှိုက်ထုတ်၊ ကြွပ်ကြွပ်အိတ်ထုတ်များကလည်း တခန်းတကဏ္ဍမှာပါဝင်နေပါတယ်။ မနက်ပိုင်းစောစော၊ညနက်ပိုင်းတွေမှာ လူရှင်းချိန်အိမ်ကနေ ဆွဲလာတဲ့အမှိုက်ထုတ်ကို အမှိုက်စွန့်ပစ်တဲ့ နေရာအထိရောက်အောင် သယ်မလာဘဲနဲ့ လွယ်လွယ်ဘဲ၊ ကားလမ်းပေါ်မှာ စွန့်ပစ်တတ်ကြပါတယ်။ မြို့ထဲပတ်ဝန်းကျင်တွေ မှာ ပို့တွေ့ရပါတယ်။ တဖြည်းဖြည်းတိုးတက်လာတဲ့ ခေတ်နှင့်အညီနေထိုင်ကျင့်ကြံတတ်ဖို့ရန် လိုအပ် ပါတယ်။ ခေတ်မှီနိုင်ငံတော်သစ်ဆီသို့ ဆိုတဲ့ အထဲမှာ ကျွန်တော်တို့အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေလဲ ပါဝင်ပါတယ်။ မိမိကိုယ်တိုင်ပါဝင်ပြီးကြိုးစားကြရမှာဖြစ်ပါတယ်။ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ စကားလုံးရဲ့နောက်ကွယ်မှာ ကျွန်တော်တို့တစ်ဦးစီရဲ့ လုပ်ဆောင်ချက်တွေများစွာပါဝင််ပါ တယ်။ စည်းကမ်းတကျအမှိုက်စွန့်ပစ်ခြင်းဟာ အကောင်းဆုံးနှင့် အလွယ်ဆုံးသဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးတစ်ခုဖြစ်ပါတယ်

 အခုဆိုရင် နေရာတော်တော်များများမှာ အမှိုက်စွန်ပစ်ရန် နေရာများ၊ အမှိုက်ပုံးများကို ထားရှိပေထားပါတယ်။ ကျွန်တော်တို့တတွေ အလိုက်သိသိလိုက်နာဖို့ ရန်သာ လိုအပ်ပါတယ်။ တခါတလေမှာ လူတွေဟာ အများနှင့်သက်ဆိုင်ရာများကိုသာ ဒီလိုပြုမူတတ်ကြ ပေမဲ့ မိမိတို့အိမ်၊ ခြံဝင်း၊ ရုံးခန်းများကိုတော့ သန့်ရှင်းသပ်ရပ်စွာ ကောင်းကောင်းမွန်မွန်ထားတတ်ကြပါတယ်။ ဒါဟာ လည်း စိတ်ဓါတ်လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ခြံရှေ့၊ ပတ်ဝန်းကျင် လူတစ်ယောက်မော၊အနာယူချင်လို လာ တိုင်တာတောင် အသွင်အမျိုးမျိုးနဲ့ ကြည့်တတ်ကြပေမဲ့၊ အများပိုင်လမ်းတွေ ဆေးရုံတွေ၊ စျေး တွေမှာ ဖြစ်သလို စည်းကမ်းမဲ့စွာ နေထိုင်ကြတာကိုတွေ့ ကြရပါတယ်။ ကျင်းပပြီးစီး သွားတဲ့ ပွဲတွေ မှာလည်း သိန်းချီတဲ့ တန်ဆာဆင်မှုတွေရဲ့ နောက်ကွယ်မှာ ပွဲပြီးလို့ ကျန်ခဲ့တဲ့ စွန့်ပစ်ပစ္စည်းများဟာ အခြေအနေတွေကို ဖေါ်ပြနေပါတယ်။ စိတ်ဓါတ်လေးတွေ ပြင်ဆင်ပြီး အလိုက်သိဖို့များစွာ လိုအပ်လှပါတယ်။

        အားလုံးကို မဆိုလိုပါဘူး၊ တစ်ဦးတစ်ယောက်ရဲ့ လုပ်ဆောင်ချက်ဟာ အများကို ရိုက်ခတ် တတ်ပါတယ်။ ဟိုးအရင်နှစ်များဆီကထက်စာရင်တော့ တော်တော်လေးတိုးတက်လာခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ နယ်ဘက်က မရောက်တာကြာတဲ့ သူငယ်ချင်းတစ်ဦးက လက်ဘက်ရည်ဆိုင်ထိုင် ရင်း မြို့မှာ Tea ဆိုင်ထိုင်ရင် ဆေးလိပ်ဖွာတဲ့ ကလေးတွေ သိပ်မတွေ့ရတော့ဘူးဖို့ပြောလို့ သတိ ထားမိပါတယ်။ ဟုတ်ပါတယ်။ လူငယ်တော်တော်များများက ဆေးလိပ်သောက်နုန်းကျသွားတာ ကတော့ သေချာလှပါတယ်။ Tea ဆိုင်မှာလဲ ဆေးလိပ်ထိုင်သောက်တာပါးသွားပါတယ်။ အသိပညာနှင့်အတူ စိတ်ဓါတ်တိုးတတ်မှုရေချိန်မြင့်လာတာဘဲဖြစ်ပါတယ်။ ထို့အတူ အဝေးပြေးကားပေါ်မှာ၊ အစည်းအဝေးခန်းတွေထဲမှာလဲ ဆင်ခြင်လာတာကို တွေ့ကြရပါတယ်။

        ကျွန်တော်တို့တတွေ အဖြည်းဖြည်းပြောင်းလဲသွားရင်တော့ သာယာတဲ့လူ့အဖွဲ့အစည်းကို ပိုင်ဆိုင်ကြရမှာဖြစ်ပါတယ်။ တစ်ဦးစီအလိုက်သိမှုများက အစိုးရရဲ့ လုပ်ဆောင်ချက်တွေ၊ ဒေသ ဖွံ့ဖြိုးမှုတွေကိုလည်း ပိုမိုအောင်မြင်စေမှာဖြစ်ပါတယ်။ တစ်ဦးတစ်ဦးစီအလိုက်သိသိလုပ်ဆောင် ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

 ကျွန်တော်ဇော်နိုင်ဦးပါ။

Add new comment

18 + 1 =