ရေကြီးနစ်မြှုပ်သွားတဲ့စိုက်ခင်းများ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်ဖြေရှင်းနည်း

ရေကြီးနစ်မြှုပ်သွားတဲ့စိုက်ခင်းများ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်ဖြေရှင်းနည်း

မြန်မာနိုင်ငံတဝန်းတွင် မိုးရာသီကာလအတွင်း ရေကြီးခြင်း၊ ရေလွှမ်းမိုးခြင်း၊ ရေကြီးနစ်မြှုပ်ခြင်းများ ဖြစ် ပွားခဲ့ပါတယ်။  ဆိုတော့မိုးရွာသွန်းမှု များလွန်းခြင်းကြောင့် မြေဆီလွှာများတိုက်စားခြင်း၊ မြေဆီလွှာကို ထိန်းချုပ်ဖုံလွှမ်းထားသော အပင်များနည်းပါးခြင်းနဲ့ သစ်တောပြုန်းတီးခြင်းကြောင့်လည်း သီးနှံစိုက်ခင်းများ ရေကြီးရေလျှံမှုနဲ့ ကြုံတွေ့နေရပါတယ်။

ဒီလိုရေကြီးရေလျှံဖြစ်ပေါ်ကြုံတွေ့ရခြင်းဟာ ရာသီဥတု၊ သစ်တောတည်ရှိမှု၊ သဘာဝပေါက်ပင်များ၊ မြေမျက်နှာသွင်ပြင်အနေအထား၊ မြေသားတည်ဆောက်မှု၊ မြစ်ချောင်းအင်းအိုင်များ၏ ဖြစ်တည်မှုစသည့် အချက်များနဲ့ ဆက်စပ်လျက်ရှိပါတယ်။ မိုးများလွန်းတဲ့အခါ မြေသားထုဟာ ရေများနဲ့ ပြည့်ဝပြီး၊ မိုးဆက်တိုက်ရွာတဲ့အခါမှာတော့ ရွာသွန်းတဲ့ မိုးရေဟာ မြေအောက်ထဲကို မစိမ့်ဝင်နိုင်တော့ဘဲ မြေပြင်ပေါ်မှာ ရေများပြည့်လျှံပြီး မြင့်ရာမှနိမ့်ရာကို စီးဆင်းသွား ပါတော့တယ်။ စီးဝင်စရာမရှိတော့တဲ့အခါမှာတော့ ရေကြီးရေလျှံခြင်းများ ရေဝပ်ခြင်းများ ကြုံတွေ့နိုင်ပါတယ်။ ရေထုတ်ပြွန်များ၊ ရေနုတ်မြောင်းများ ရှိရင်တော့ ဒီရေထုတ်ရေနုတ်မြောင်းကတဆင့် ချောင်းမြောင်း၊ ထိုမှတဆင့် မြစ်ထဲသို့ စီးဝင်ပြီး မြစ်ချောင်းများ ရေကြီးခြင်း ဖြစ်ပေါ်နိုင်ပါတယ်။

ယခုအခါ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ၊ မိုးသည်းထန်မှု များနှင့် ရေကြီးရေလျှံမှုများကို  မြန်မာနိုင်ငံအနှံ့အပြား ကြုံတွေ့နေကြရပါတယ်။  မြန်မာနိုင်ငံရဲ့ အခြေခံလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးကို အများကြီး ထိခိုက်နစ်နာ ဆုံးရှုံးမှုများနဲ့ ရင်ဆိုင်ကြရပါတယ်။ စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းများ၊ မစိုက်ရသေးတဲ့ လယ်ယာမြေများဟာ ရေဖုံးလွမ်းသွားခြင်းကြောင့် တောင်သူများအတွက် အခက်အခဲ များ ကြုံတွေ့စေရပါတယ်။ 

ဒီလို စိုက်ခင်းများ ရေကြီးနစ်မြှုပ်ခြင်းကို ကြုံတွေ့တဲ့အခါ  ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်  ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်ပါတယ်။  ဒါဆိုရင် ဘယ်လို ဆောင်ရွက်ကြမလဲ။ 

(၁) မိမိ စိုက်ခင်းမှာ တင်ကျန်လာတဲ့ အမှိုက်သရိုက်များကို ရှင်းလင်းဖို့ လိုအပ်ပါတယ်။ အမှိုက်သရိုက်များရှင်းလင်း ဖို့လိုအပ်တယ်လို့ ဆိုရာမှာ ဒီရေကြီးနစ်မြှုပ်ခြင်းကြောင့်  တင်ကျန်လာတဲ့ အမှိုက်သရိုက်များကို မဖယ်ရှား မရှင်းလင်းမီ ရှိနေတဲ့ အမှိုက်များဟာ ထယ်ထိုးထွန်မွေပြီးမြှုပ်နှံလို့ ရမရ အရင်ဆုံး လေ့လာ အကဲဖြတ် ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ထယ်ထိုးထွန်မွေဖို့  အဆင်ပြေမယ်ဆိုရင်တော့ အမှိုက်များကို ထွန်နဲ့တိုက်ပြီး  မြေကြီးထဲ မြှုပ်ဖို့ လိုအပ်ပါတယ်။ ထယ်ထိုးထွန်မွေဖို့ မလွယ်ကူတဲ့ အမှိုက်များကိုလည်း ဖယ်ရှားရှင်းလင်းပစ်ဖို့လည်း လိုပါတယ်။

(၂) နောက်တချက်က မြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိများတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ရေကြီးတဲ့အခါ ရေစီးအရှိန်ကြောင့် အပေါ်ယံမြေဆီလွှာများ တိုက်စားခံရပြီးတော့ စိုက်ခင်းတွင်းကျင်းများ ချိုင့်ခွက်များ ချိုင့်ဝှမ်းများ ဖြစ်ပေါ်တာ တွေ့နိုင်ပါတယ်။ တချို့ကျင်းတွေ ချိုင့်ခွက်တွေဆိုရင် ထယ်ထိုးထွန်မွေပြီး မြေညှိဖို့ ဆောင်ရွက်သင့်ပါတယ်။  ချိုင့်ဝှမ်းဆိုရင်တော့ မြေဖြည့်ဖို့ လိုအပ်ပါတယ်။  မြေဖြည့်တဲ့အခါ မြင့်သွားတဲ့ နေရာကနေ ထွန်နဲ့တိုက်ချပြီး ဖြည့်နိုင်သလို အခြားတစ်နေရာက အပေါ်ယံမြေထုကို ယူပြီး မြေဖြည့်လို့ ရပါတယ်။

(၃) တတိယအချက် နေနဲ့  မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများကို မြေဆီလွှာအတွင်း ပွားများအောင် လှုံ့ဆော်ဆောင်ရွက်ဖို့ပါ။ ဒီလို မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများကို မြေဆီလွှာအတွင်းပြန်လည်ရှင်သန်ဖို့အတွက် အပင်များ ရှိနေဖို့ လိုအပ်ပါတယ်။  မြေပြုပြင်ပြီးရင်တော့ အပေါ်ယံမြေဆီလွှာဖုံးအုပ်ဖို့အတွက် ပဲမျိုးရင်းဝင် အပင်တစ်မျိုးမျိုးကို စိုက်ပျိုးသင့်ပါတယ်။ ဒီလိုစိုက်ပျိုးခြင်းဖြင့် ရေတိုက်စားခံထားရတဲ့မြေမှာ မြေဆီလွှာအတွင်း အဏုဇီဝသက်ရှိများ ပြန်လည် ရှင်သန်လာနိုင်မှာဖြစ်သလို မြေဆီလွှာထုအတွင်း မြေဆီသြဇာများ ထက်သန် ပြည့်စုံလာနိုင်ပြီး နောက်စိုက်ပျိုးမဲ့ရာသီအတွက် မြေဆီလွှာကောင်း ပြန်လည်ဖြစ်ထွန်းလာနိုင်မှာ ဖြစ်ပါတယ်။

(၄) ရေကြီးနစ်မြှုပ်ပြီးလို့ လယ်ယာမြေတွေမှာ သီးနှံများပြန်လည်စိုက်ပျိုးတဲ့အခါ သီးနှံတစ်မျိုး တည်း စိုက်ပျိုးမဲ့အစား သီးနှံ(၂)မျိုး (၃)မျိုးကို ရောနှော စိုက်ပျိုးသင့်ပါတယ်။ ဥပမာဆိုရရင် ပဲတစ်မျိုးမျိုးနဲ့ ပြောင်း ဒါမှမဟုတ် နေကြာ ညှပ်စိုက်တာမျိုးပါ။ ရေဝပ်ဒဏ်ခံနိုင်တဲ့ မျိုးများကိုလည်း ရွေးချယ် စိုက်ပျိုးသင့်ပါတယ်။ ဒါ့အပြင် ရေကြီးနစ်မြှုပ်နိုင်တဲ့ စိုက်ခင်းများမှာ စိုက်ပေါင်မြင့်မြင့်နဲ့ စိုက်တဲ့အလေ့အထကို ဆောင်ရွက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မထင်မှတ်ဘဲ ရေများ ဝင်ရောက် ခဲ့ရင် စိုက်ပေါင်နဲ့စိုက်တဲ့အတွက် အပင်များ ဆုံးရှုံးမှု လျော့နည်းနိုင်စေမှာဖြစ်သလို ဝင်လာတဲ့ရေများဟာလည်း စိုက်ပေါင်အကြားရှိ မြောင်းများမှ စီးဆင်းသွားစေနိုင်တဲ့အတွက် ရေဝပ်ခြင်းကို ကာကွယ်ရာ ရောက်ပါတယ်။ 

(၅) အလေးထားပြီး ဆောင်ရွက်ထားဖို့ လိုအပ်တာကတော့ စိုက်ခင်းများမှာ ရေထုတ်မြောင်းများထားရှိဖို့နဲ့ စိုက်ခင်းထောင့်များမှာ ရေဝပ်ကျင်းများ တူးထားဖို့ပါ ။ မိုးများပြီး စိုက်ခင်းများ ရေဝင်တဲ့အခါ ရေထုတ်မြောင်းကတဆင့် ရေထုတ်နိုင်မှာ ဖြစ်သလို ရေများလွန်းတဲ့အခါ ရေဝပ်ကျင်းကတဆင့် ရေများကို စက်နဲ့ အလွယ်တကူ ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ရေဝင်ရောက်မှုကို အတားအဆီး အဟန့်အတား ဖြစ်စေဖို့အတွက် စိုက်ခင်းဘေးတလျှောက်မှာ သရက်၊ ကတက်စတဲ့ နှစ်ရှည်သီးပင်၊ မြေဆီလွှာထိန်းအားကောင်းတဲ့ ဝါးပင်၊ မိမိဒေသနဲ့သင်လျော်တဲ့ နှစ်ရှည်သစ်ပင်များ ထိန်းသိမ်းထားဖို့ စိုက်ပျိုးထားဖို့ လိုအပ်ပါတယ်။  သစ်ပင်များရှိခြင်းကြောင့် ရေကို စုပ်ယူနိုင်သလို မြေဆီလွှာကို ထိန်းနိုင်တဲ့အတွက် မိမိ စိုက်ခင်းအတွက် မြေဆီလွှာတိုက်စားခြင်းကို အနည်းနဲ့အများ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ 

စိုက်ခင်းများရေကြီးနစ်မြှုပ်ခြင်း၊ ရေကြီးရေလျှံခြင်းများဟာ  အခုလို မိုးရာသီ အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့အတွက် စိုက်ပျိုးတဲ့သီးနှံများ  ပျက်စီး ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် လိုက်နာဆောင်ရွက်နိုင်စေရေး တင်ပြလိုက်ရပါတယ်။

"အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်"

Add new comment

4 + 15 =