ရေကြီးမှုဘေးအန္တရာယ်ဖြစ်ပွားချိန်တွင်သိရှိလိုက်နာရန်အချက်များ

ရေကြီးမှုဘေးအန္တရာယ်ဖြစ်ပွားချိန်တွင်သိရှိလိုက်နာရန်အချက်များ
မြန်မာနိုင်ငံတွင် မုတ်သုံကာလဖြစ်သည့် ဇွန်လမှအောက်တိုဘာလများအတွင်း အနောက်တောင်မုတ်သုံလေအားကောင်း၍ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့်ဖြစ်စေ၊ မုန်တိုင်းများဝင်ရောက်ခြင်းနှင့် မုန်တိုင်းအရှိန်ကြောင့်ဖြစ်စေ နှစ်စဉ် မြစ်ရေကြီးခြင်းများ ဖြစ်ပွားလေ့ရှိပါသည်။ မြစ်ကြီးများ၏ မြစ်ဖျားပိုင်းတွင် (၃)ရက်ခန့် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြစ်ဖျားပိုင်းတွင်မြစ်ရေကြီးပြီး အဆိုပါမြစ်ရေများသည် မြစ်အောက်ပိုင်းသို့ တဖြည်းဖြည်းစီးဆင်းလာကာ မြစ်ဝကျွန်းပေါ် ဒေသများအထိ ပျံ့နှံ့ရေကြီးမှုများ ဖြစ်ပေါ်တတ်ပါသည်။ မိုးများခြင်းကြောင့် မြစ်ရေကြီးခြင်းနှင့်အတူ မြေပြိုကမ်းပြိုခြင်း၊ လျှပ်တပျက်ရေကြီးခြင်းနှင့် ရေလှောင်ကန်များ၊ဆည်များ၏ ရေပိုလွှဲများမှ ရေလွှတ်ထုတ်ခြင်း၊ ဆည်ကျိုးပေါက်ခြင်းတို့ ဖြစ်ပေါ်တတ်သဖြင့် အထူးသတိပြုသင့်ပါသည်။ ရေကြီးခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် အောက်ပါအချက်များကို သတိပြုနိုင်ပါရန် အသိပေးအပ်ပါသည်။

 မြစ်ရေမကြီးခင် ကြိုတင်ပြင်ဆင်သင့်သည်များ
(က)  မြစ်ကြီးများနှင့် ချောင်းကျယ်များအနီးတွင် နေထိုင်သူများအနေဖြင့် လှေများ၊ စက်တပ်ယာဉ်များကို ကြိုတင်ပြုပြင်ခြင်း၊ စက်သုံးဆီများနှင့် သက်ကယ်ဘောကွင်းများ (ကားတာယာများ) နှင့် ကြိုးများ ကြိုတင်စုဆောင်းထားပါ။
(ခ ) မြေနိမ့်သည့်နေရာများနှင့် ရေဝင်နိုင်သည့်နေရာများတွင်နေထိုင်သူများအနေဖြင့် ရေလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားပါ။
(ဂ ) ရေထိ၍ ပျက်စီးနိုင်သည့်ပစ္စည်းများကို ရေလုံအောင်ထုတ်ပိုး၍ အထပ်မြင့်သည့်နေရာများသို့ ပြောင်းရွှေ့ထားပါ။
(ဃ) ရေဝင်ရောက်မှု လျှော့ချနိုင်ရန် နေအိမ်ပတ်ဝန်းကျင်တွင်ရေမြောင်းများ ပိတ်ဆို့မှုကိုရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများ တူးဖော်ခြင်း၊ သဲအိတ်များဖို့ခြင်းတို့ကို ဆောင်ရွက်ပါ။
(င ) အရေးပေါ်ရွှေ့ပြောင်းရန်လိုအပ်ပါက အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပါ။
(စ) လိုအပ်သည့် စားနပ်ရိက္ခာခြောက်များ၊ သန့်ရှင်းသော သောက်သုံးရေ၊ ဆေးဝါးနှင့် ဓါတ်ဆားထုပ်များ၊ လက်နှိပ်ဓါတ်မီး၊ Power Bank၊ အရေးကြီးစာရွက်စာတမ်းများနှင့် တကိုယ်ရည်သုံးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားပါ။
 မြစ်ရေကြီးချိန်တွင် သတိပြုရန်အချက်များ 
(က)  ပတ်ဝန်းကျင်အခြေအနေကို သတိပြုလေ့လာပါ။
(ခ )  အရေးပေါ်ရွှေ့ပြောင်းရမည်ဆိုပါက ရေကျော်နေသည့်လမ်းများ၊ မြေပြိုကျနေသည့်နေရာများ၊ သစ်ပင်၊ ဓါတ်အားလိုင်းနှင့် ဓါတ်ကြိုးများ ပြိုပျက်ကျနေသည့်နေရာများကို သတိပြုရှောင်ရှားသွားလာပါ။ နေအိမ်အတွင်း၌လည်း ယို့ယွင်းနေသည့် လျှပ်စစ်မီးခေါင်းများနှင့် မီးခလုတ်များကို သတိပြုကိုင်တွယ်ပါ။ နေအိမ်တွင်းရေဝင်ပါက လျှပ်စစ်မိန်း ခလုတ်များနှင့် ဂတ်စ်အိုးများကို ပိတ်ထားပါ။ 
(ဂ ) ၂ ပေခန့် ရေစီးအားသည် ယာဉ်ကားများကိုပါမျောပါစေနိုင်သည့်အတွက် ရေမြင့်တက်နေချိန်တွင် အသုံးမပြုသင့်ပါ။
(ဃ) ရေစီးနှင့်အတူ အဆိပ်ရှိသည့်မြွေများ၊ ချွန်ထက်သောပစ္စည်းများနှင့် အမှိုက်သရိုက်များ မျောပါလာနိုင်သည့်အတွက် ရေစီးထဲတွင်ဖြတ်ကူးချိန်တွင် အထူးသတိပြုပါ။ 
(င ) ရေတက်နေချိန်တွင် ကလေးငယ်များနှင့် အိမ်မွေးတိရိစ္ဆာန်များကို အထူးအလေးထား၍ ကာကွယ်စောင့်ရှောက်ပါ။ ကလေးငယ်များ ရေထဲတွင်ဆော့ကစားခြင်း မပြုလုပ်ရပါ။
(စ ) ရေထဲတွင်အညစ်အကြေးများ ရောနှောပါဝင်နေသည့်အတွက် အဆိုပါရေကိုသောက်ခြင်း၊ ၎င်းနှင့်ထိတွေ့ထားသည့် အစားအသောက်များကို စားခြင်းတို့ မပြုလုပ်ရပါ။
(ဆ)  ရေကိုကျိုချက်၍သော်လည်းကောင်း၊ ရေသန့်ဆေးခတ်၍သော်လည်းကောင်း သောက်သုံးပါ။
(ဇ )  ရပ်ရွာလူထုအတွင်း အချင်းချင်းရိုင်းပင်းကူညီပါ။
လိုအပ်သူများကို ပြန်လည်မျှဝေခြင်းဖြင့် ကူညီနိုင်ပါသည်။

Add new comment

4 + 11 =