အမေငိုပြီ "သားတို့သမီးတို့ရေ . . .

အမေငိုပြီ

"သားတို့သမီးတို့ရေ . . .

အမေ့ရင်ထဲမွန်းကျပ်ဖိစီးနေတဲ့ ပရိဒေဝ သောကမီးတွေကို ရင်စည်းမခံနိုင်တော့လို့ အမေ ရင်ဖွင့်လိုက် ပါတယ်။သားသမီးတို့သိတဲ့အတိုင်းပဲ ဖန်ဆင်းခြင်းရဲ့အစမှာတော့ ပုံသဏ္ဍာန်တော်အတိုင်း သူ့လက်ရာဆိုသလိုသိပ်ကို အံ့သြဆန်းကြယ် လောက်အောင် လှပခဲ့တာလေ။ အမေ့အသိုက်အမြုံမှာ ကျေးငှက်တွေပျော်ခဲ့တယ်။ မြစ်ချောင်းတွေစီးဆင်းခဲ့ကြတယ်။ တောင်မြိုင်အထပ်ထပ်၊ တောင်ဆွယ်ပင်လယ်အသွယ်သွယ်နဲ့ သာယာခဲ့ဖူးတာပေါ့။

ရာသီဥတုတွေ သဟဇာတဖြစ်အောင်လည်း အမေကိုယ်တိုင် အလီလီပြောင်းပေးနေခဲ့တာ။ ရှုရှိုက်ဖို့လေ၊ သောက်သုံးဖို့ ရေ၊ စားသုံးဖို့ သီးပင်စားပင်တွေကအစ လိုလေးသေးမရှိခဲ့ပါဘူး။ ဒါတွေအားလုံးဟာ အမေချစ်တဲ့သားသမီးတွေအတွက်ပဲပေါ့။ ရာသီဥတုဖောက်ပြန်ရင် ရောဂါကပ်ဘေး ဆိုက်မှာစိုးလို့ ပူတစ်ခါအေးတစ်လှည့်နဲ့ အမေ ကာကွယ်ပေးခဲ့ပါတယ်။ တကယ်တော့ အမေ ပေးဆပ်ခဲ့တာတွေအများကြီးရှိပါသေးတယ်။ ဒါတွေကိုအခုအမေပြောနေရတာဟာ အမေ့ကိုယ်ရည်သွေးချင်လို့မဟုတ်ပါဘူး။ သားသမီးတွေအတွက် သတိမှုစရာအသိလေးများ ရကောင်းရမလားလို့ အမေတွေးပြီး ရင်ဖွင့်လိုက်တာပါ။ ယွတ်စွအဆုံးကုန်ကုန်ပြောရရင် အပေါ့အပါးသွားကအစ အမေ မညည်းညူဘဲ အနစ်နာခံပေးခဲ့တာပဲ မဟုတ်လား။

အဲ့လောက်ထိ အမေ ချစ်ခဲ့တာပါ။ ဒါပေမဲ့အမေ့သားတွေ သမီးတွေက အမေ့မေတ္တာကိုစော်ကားတယ်။ အမေ့ချစ်ကိုတန်ဖိုးမထားကြဘူး။ အမေ့ကိုလျစ်လျူရှုထားကြတယ်။ ဂရုစိုက်ဖို့ဆို ဝေးလာဝေးပဲ။ အမေလည်းအသက်ကြီးပါပြီကွယ်။ ရောဂါဖိစီးလို့ဇရာလည်းထောင်းနေပါပြီ။ မင်းတို့ရဲ့အမေအိုလေးကို တစ်ချက်လေးငဲ့ကြည့်ပေးဦးလား။ စုံမြိုင်ရစ်ဆိုင်းနေတဲ့တောတောင် ဂနိုင်တွေကို ရက်ရောစွာ အမေပေးခဲ့တယ် နော်။ ဘာပြုလို့ပြန်လည် မစိုက်ပျိုးကြတော့တာလဲ။ သဘာဝကို အံတုပြီး အသစ်အဆန်းတွေထွင်လိုက်ကြတာ . . ခုတော့ ရေနေသတ္တဝါ၊ ကျေးငှက် သရကာတွေလည်း မျိုးတုန်းပျက်စီး၊ သမုဒ္ဒရာတွေလည်း အဆိပ်အတောက်ဖြစ်လို့ သဘာဝတရားတွေလည်း အကျည်းတန်ကြနေပြီ။ အဆမတန်စက်ရုံတွေထောင်ကြ၊ ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက အမေ့ခန္ဓာကိုယ်က အိုဇုန်းလွှာတစ်ခုလုံးကို တစ်စစနဲ့တိုက်စားနေကြတယ်။ သယံဇာတကြွယ်ဝမှုတွေကိုလည်း အများနဲ့မဝေမျှဘဲ လောဘတကြီးနဲ့ အတ္တတွေ အဆိပ်တက်နေလိုက်ကြတာ။ ချမ်းသာတဲ့သူက ကျိကျိတက်၊ ဆင်းရဲသူကဖွားဖက်တော်တောင် လုံအောင် မဖုံနိုင်တဲ့ဘဝ။

လေထုတွေညစ်ညမ်း၊ ဆင်းရဲခြင်းတွေကြီးစိုး၊ သဘာဝတွေ ဖောက်ပြန်၊ ကပ်ရောဂါတွေ ဆိုက်ရောက်၊ ဂေဟစနစ်တွေချို့ယွင်းလို့ အမေ့မှာ ရှုနာရှိုက်ကုန်းဘဝနဲ့ သေရွာအလယ်က ဝေဒနာသယ်ကြီး တစ်ယောက်ကိုဖြစ်လို့။ အမေပေးတာအကြင်နာတွေ၊ ပြန်ရလိုက်တာ ရင်နာစရာတွေဖြစ်နေပါရော့လား။ အမေချစ်တဲ့ သားသမီးတွေက အမေ့နှလုံးသားကို ဝေဒနာအပူမီးတွေနဲ့လောင်မြိုက်ခဲ့ကြလို့ အမေ့အသည်းလည်း ကျွမ်းလုပါပြီကွယ်။ အမေ့အချစ်ကို ဒီထက်ပိုပြီး မစမ်းသပ်ချင်ပါနဲ့တော့။ အမေတောင်းပန်ပါတယ် သားတို့သမီးတို့ရယ်။ အမေ့ကိုကျေးဇူးပြုပြီး မစော်ကားပါနဲ့ တော့။ အမေ့မျက်ရည်ကို မသုတ်ချင်နေပါ။ အမေ့ကို ဒဏ်ရာတွေထပ်မပေးပါနဲ့တော့နော်။ အမေဟာ သားတို့သမီးတို့ရဲ့ ရင်ခွင်အသိုက်အမြုံ လေးပါ။ ဘာလို့များ ကိုယ့်ရဲ့စံအိမ်ဂေဟာလေးကို မထိန်းသိမ်းချင်ကြရတာလဲ။ အမေ လေးလေးနက်နက်တောင်းဆိုပါတယ်။ အမေ့ကိုထိန်းသိမ်းကြပါ။ ကာကွယ်ပေးကြပါ။ ဒီလိုတောင်းဆိုတာလဲအမေ့အတွက် တစ်ရွေးသားမှမပါပါဘူး။ သားသမီးတွေ ဒုကပင်လယ်ဝေရမှာကို အမေတစ်ယောက်အနေနဲ့မကြည့်ရက်၊ ရတက်မအေးနိုင်လို့တောင်းဆိုနေရတာပါ။

နောက်ဆုံးအနေနဲ့ အမေ မှာချင်တယ်။ သေချာနားထောင်နော်။ ဟော့ဒီ ပထဝီကမ္ဘာမြေကြီးကို ဝိုင်းဝန်း စောင့်ရှောက်ကြပါနော်။ မောင်နှမအချင်းချင်း မေတ္တာထားကြပါ။အမေ့ရင်ခွင်မှာအမေ့သားသမီးတိုင်းကို အမေ အမြဲပျော်စေချင်တယ်။ သားတို့သမီးတို့ကို အမေ သိပ်ချစ်တယ်"

ဒီကမ္ဘာကို ကိုယ်တော်ဘုရားမြတ်ရှင်ပေးထားတာ ထိန်းသိမ်းဖို့ပါ။ သဟဇာတရှိစွာ ရပ်တည်နိုင်ဖို့ပါ။ မထိန်းသိမ်းနိုင်ရင် တာဝန်မကျေပွန်ဘဲ အပြစ်လွန်ကျူးတာနဲ့ အတူတူပါပဲ။ ဘုရားရှင်ရဲ့ဖန်ဆင်းခြင်း လက်ရာတွေကိုအကျည်းမတန်စေဘဘဲ ပိုမိုလှပလာ အောင် ထိန်းသိမ်းကာကွယ်ကြဖို့ တောင်းဆိုနေပါတယ်။ ကမ္ဘာမြေကိုချစ်ပါ။ ကမ္ဘာကြီးက လူတွေကို ပြန်ချစ်ပါလိမ့်မယ်။ ကမ္ဘာကြီးကို စောင့်ရှောက်ပါ။ ကမ္ဘာကြီးက လူတွေကို ပြန်ကာကွယ်ပေးမှာ။ မှန်တစ်ချပ်လိုပဲ သူ့ကို ပြုံးပြရင် သူပြန်ပြုံးပြပါလိမ့်မယ်။

သီကိုရှင်း

Photo Credit to Original uploader 

Add new comment

14 + 2 =