အစားအသောက်လေလွင့်မှု နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု

အစားအသောက်လေလွင့်မှု နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု
-----------------------------------------------

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme) ​၏ ကြေညာချက်အရ ကမ္ဘာတစ်ဝန်း၌ လူပေါင်း ၃၄၅ သန်းကျော်သည် အစားအစာလုံလောက်မှု မရှိကြောင်း ခန့်မှန်းသိရှိရသည်။ ထိုပမာဏသည် ၂၀၂၀ ခုနှစ်အတွင်း အစားအစာမလုံလောက်မှုပမာဏထက် နှစ်ဆကျော် မြင့်တက်ခဲ့သည်။ နှစ်စဉ် ကလေးငယ် ၃.၁ သန်း အပါအဝင် လူ ၉ သန်းခန့်သည် ငတ်မွတ်မှုကြောင့် သေဆုံးနေရကြောင်း သိရှိရသည်။ သို့သော် တစ်ချိန်တည်းမှာပင် ကမ္ဘာပေါ်ရှိ အစားအစာထုတ်လုပ်မှု​၏ သုံးပုံတစ်ပုံခန့်သည် အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးမှု သို့မဟုတ် အလဟဿဖြစ်မှုတို့နှင့် ကြုံတွေ့နေရသည်။ စားနပ်ရိက္ခာဆုံးရှုံးခြင်းနှင့် အစားအစာလေလွင့်ခြင်းတို့သည် စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုအပြင် ကျွန်ုပ်တို့ ကမ္ဘာမြေကိုပါ ဆိုးရွားစွာ ထိခိုက်ပျက်စီးစေပါသည်။

အစားအသောက်လေလွင့်မှု ဘယ်ကစ?
လုံလောက်သော ကျွမ်းကျင်မှုမရှိခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်း၊ သင့်တော်သော  အခြေခံအဆောက်အဦးများ မရှိခြင်းနှင့် မကောင်းသော အလေ့အထများကြောင့် ကုန်ထုတ်လုပ်မှုအဆင့်တွင် အစားအသောက်လေလွင့်မှု အဓိက ဖြစ်ပွားသည်။ ထို့ကြောင့် စားသုံးသူထံသို့ မရောက်မီကတည်းက အစားအစာ အလေအလွင့်များ ဖြစ်တတ်ပါသည်။ စားသုံးသူထံ ရောက်ရှိသောအခါတွင်လည်း စားသုံးနိုင်သော အစားအစာများကို ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်ခြင်းနှင့် သက်တမ်းကုန်ဆုံးရက်ကျော်လွန်သွားခြင်းတို့ကြောင့် စွန့်ပစ်အစားအစာများ ဖြစ်ပေါ်လာပါသည်။

တစ်ခါတစ်ရံတွင် အစားအသောက်ထုတ်လုပ်မှုပမာဏ လွန်ကဲခြင်းကြောင့်လည်း လေလွင့်မှု ဖြစ်တတ်ပါသည်။ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် အခြားအလားတူ အစားအသောက်လုပ်ငန်းများမှ လိုအပ်သည်ထက်ပို၍ အစားအစာများ မှာယူသောအခါတွင် ထုတ်လုပ်ရေးအပိုင်း၌ မလိုအပ်ဘဲ လွန်ကဲစွာ အစားအသောက်ထုတ်လုပ်ခြင်းများ ဖြစ်ပေါ်လာသည်။ ထိုအခါတွင် ပိုလျှံ၍ ပျက်စီးဆုံးရှုံးသွားသော အစားအစာပမာဏလည်း တိုးပွားလာပါသည်။ Forbes Magazine ၏ ဖော်ပြချက်အရ အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းများတွင် လောင်စာ၊ ရေ၊ ဓာတ်မြေသြဇာကဲ့သို့သော အရင်းအမြစ်များကို အသုံးပြုရသဖြင့် ထုတ်လုပ်မှုလွန်ကဲခြင်းသည် ၎င်းလုပ်ငန်းစဉ်တစ်လျှောက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို တိုးမြှင့်စေပါသည်။ ထို့အပြင် အစားအသောက်လေလွင့်မှုတိုးပွားလာခြင်းကြောင့် မြေဖို့အမှိုက်ကျင်း (landfill) များမှထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏမှာလည်း ယခင်ထက် ပို၍ တိုးလာသည်။

UN Environment Programme ၏ (UNEP) Food Waste Index Report 2021 အရ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာထုတ်လုပ်မှု၏ ၁၇% သည် အလေအလွင့်ဖြစ်သွားပြီး ၎င်းစွန့်ပစ်အစားအသောက်များအနက် ၄၃% မှာ နေအိမ်များ၊ ၂၆% မှာ အစားအသောက်ဝန်ဆောင်မှူလုပ်ငန်းများနှင့် ၁၃% မှာ လက်လီရောင်းချများမှတဆင့် ထွက်ရှိလာကြောင်း လေ့လာတွေ့ရှိရသည်။

အစားအသောက်အကြွင်းအကျန်များကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization of the United Nations) ​၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာတွင် ကမ္ဘာလုံးဆိုင်ရာ အစားအသောက်လေလွင့်မှုအခြေအနေကို မြင်သာအောင် ဖော်ပြထားသည်။ ဝင်ငွေအလယ်အလတ်ရရှိသော ဒေသများနှင့် ဝင်ငွေမြင့်မားစွာရရှိသော ဒေသများတွင် အစားအစာလေလွင့်မှုသည် စားသုံးမှုအဆင့် (consumption level) တွင် ဖြစ်ပွား၍ ဝင်ငွေနည်းပါးသော ဖွံ့ဖြိုးဆဲဒေသများတွင်မူ နည်းပညာကျွမ်းကျင်မှုမရှိခြင်းနှင့် သင့်တော်သော အခြေခံအဆောက်အဦးများမရှိခြင်းတို့ကြောင့် ထုတ်လုပ်မှုအဆင့်တွင် အစားအစာလေလွင့်မှုများ ဖြစ်ပေါ်သည်။

အစားအသောက်ထုတ်လုပ်မှု ကွင်းဆက်​၏ နှောင်းပိုင်းအဆင့်များတွင် အစားအစာလေလွင့်မှုဖြစ်ပွားလေလေ ၎င်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပိုများလေလေဖြစ်သည်။ ထို့အပြင် အစားအစာဖြုန်းတီးခြင်းသည် နဂိုမူလ အစားအသောက်ဖန်တီးချက်ပြုတ်ရာတွင် အသုံးပြုခဲ့ရသည့် အချိန်၊ သဘာဝအရင်းအမြစ်များနှင့် စွမ်းအင်များကို အလဟဿ ဖြုန်းတီးခြင်းနှင့် ညီမျှသည်။ ကျွန်ုပ်တို့စွန့်ပစ်လိုက်သော အစားအစာများသည် အမှိုက်ပုံးတွင်သာ ပြီးဆုံးသည်မဟုတ်ပါ။ မြေဖို့အမှိုက်ကျင်း (landfill) သို့ ရောက်ရှိသွားသည့် စားကြွင်းစားကျန်များသည် တဖြည်းဖြည်း ပုပ်သိုးလာသည့်နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်သည့် မီသိန်းဓာတ်ငွေ့ကို ထုတ်လွှတ်သည်။ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၈ ရာခိုင်နှုန်းခန့် သည် အမှိုက်ပုံများတွင် စွန့်ပစ်ထားသော စားကြွင်းစားကျန်များမှ ထုတ်လွှတ်ခြင်း ဖြစ်သည်။ မီသိန်းဓာတ်ငွေ့အပါအဝင် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ကလိုရိုဖလူရိုကာဗွန်ဓာတ်ငွေ့များသည် အနီအောက်ရောင်ခြည်ကို စုပ်ယူကာ ကမ္ဘာကြီးကို ပူနွေးလာစေပြီး ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေသည်။ ထို့ကြောင့်အစားအစာလေလွင့်မှုသည် လူမှုရေးရာ ပြဿနာတစ်ရပ်သာမက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ  ကိစ္စတစ်ရပ်လည်း ဖြစ်သည်။ 

ကမ္ဘာတစ်ဝန်း ရေအသုံးပြုမှု​၏ ၇၀% မှာ  စိုက်ပျိုးရေးကဏ္ဍကြောင့် ဖြစ်ပြီး အစားအသောက်လေလွင့်မှုသည်လည်း ကမ္ဘာ့ရေချိုနှင့် မြေအောက်ရေအရင်းအမြစ်များ သိသိသာသာလျော့နည်းလာမှုအပေါ် တာဝန်ရှိသည်။ တစ်နှစ်လျှင် အစားအသောက်ထုတ်လုပ်ရန် အသုံးပြုရသော ရေပမာဏသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာကန်၏ ပမာဏ (စုစုပေါင်း ရေထုထည် ၂၁ ကုဗမိုင်) ထက် သုံးဆ ရှိသည်ဟု ဆိုပါသည်။ ထို့အပြင် အမဲသားတစ်ကီလိုဂရမ်ကို စွန့်ပစ်ခြင်းသည် အဆိုပါအသားထုတ်လုပ်ရန်အသုံးပြုခဲ့သော ရေ လီတာ ၂၅၀၀၀ ကို ဖြုန်းတီးခြင်းနှင့် ညီမျှသည်။ ထို့အတူ နို့တစ်လီတာကို စွန့်ပစ်ခြင်းသည်လည်း ရေ လီတာ ၁၀၀၀ ကျော် အလဟဿဖြစ်သွားခြင်းနှင့် ညီမျှသည်။ 

အစားအသောက်လေလွင့်မှုကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းနိုင်သနည်း?
အစားအသောက်လေလွင့်မှု ရပ်တန့်ရန် လယ်သမားများနှင့် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ စ၍ စူပါမားကတ်များနှင့် စားသုံးသူတစ်ဥိးချင်းစီအထိ လုပ်ငန်းစဉ်အဆင့်တိုင်းတွင် အပြောင်းအလဲများ ဖော်ဆောင်ရန် လိုအပ်သည်။ ပထမအဆင့်အနေဖြင့် ဝယ်လိုအားနှင့် ကုန်ပစ္စည်းထုတ်လုပ်မှု ညီမျှအောင် ဦးစားပေးဆောင်ရွက်သင့်သည်။  ဒုတိယအနေဖြင့် ရိတ်သိမ်းခြင်း၊ သိုလှောင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဝေခြင်း လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်ရန် ဖော်ဆောင်ရာတွင် ပိုမိုအားစိုက်ထုတ်သင့်သည်။ စားသောက်ကုန် ၀ယ်လိုအားများလာပါက အမှန်တကယ် လိုအပ်နေသော စားသုံးသူများထံ ရောက်ရှိအောင် စနစ်တကျ ဖြန့်ဝေရန် အဆင့်ဆင့်လုပ်ဆောင်ရမည်။ 2050 ခုနှစ်ရောက်သည့်အခါ တိုးပွားလာသော လူဦးရေ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် အစားအသောက်ထုတ်လုပ်မှုသည် ထက်ဝက်ကျော် တိုးလာရမည်ဟု ကုလသမဂ္ဂမှ ပြောကြားထားသည်။ သို့သော် အစားအစာလေလွင့်မှုသာ အမှန်တကယ် လျော့ကျပါလာက   အစားအသောက်ထုတ်လုပ်မှုသည်လည်း ၎င်းပမာဏအထိ တိုးရန် မလိုအပ်တော့ပါ။

စားသုံးသူများသည် ဟင်းလျာများကို ကြိုတင်စဉ်းစားပြီး ဈေးဝယ်စာရင်းဖန်တီးကာ ထိုစာရင်းနှင့်အညီ ဈေးဝယ်ခြင်းဖြင့် အစားအေသာက်များ လေလွင့်မှုနည်းပါးရန် လုပ်ဆောင်နိုင်သည်။ စားသောက်ကုန်များသည် အမြောက်အမြားဝယ်ယူပါက လျှော့ဈေးနှင့် ရတတ်သောကြောင့် လူအများစုသည် ငွေကုန်သက်သာရန် ပစ္စည်းများကို လိုအပ်သည်ထက်ပို၍ ဝယ်ယူတတ်ကြသည်။ ထိုအခါတွင် ပိုလျှံနေသော စားသောက်ကုန်များသည် အမှန်တကယ် မစားသုံးဖြစ်ဘဲ အမှိုက်ပုံးထဲသို့သာ ရောက်သွားတော့သည်။ မစားသုံးဖြစ်သော အစားအစာများအား လေလွင့်မှုမဖြစ်စေရန်အတွက် ၎င်းတို့ကို မွေးမြူရေးလုပ်ငန်းများတွင် အစာကျွေးရန် အသုံးပြုနိုင်ပါသည်။ ထို့အပြင် အစားအသောက်အကြွင်းအကျန်များဖြစ်သည့် အသီးအနှံအပိုင်းအစများ၊ သစ်သီးခွံများကိုလည်း မြေဆွေးပြုလုပ်ရာတွင် အသုံးပြုခြင်းဖြင့် အဖိုးတန်အရင်းအမြစ်များကို ခြွေတာရာ ရောက်ပါသည်။
 

Add new comment

4 + 12 =