လွယ်ကူတဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

" ထိန်းသိမ်းကြစေသဘာဝအမွေ " အစီအစဉ် (ရုပ်၊သံ)
ဒီတပတ်မှာတော့ '' လွယ်ကူတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး '' ဆိုတဲ့ အကြောင်း အရာလေးကိုတင်ပြသွားမှာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို အပတ်စဉ် စနေနေ့ ညနေ ၈နာရီတွင် တင်ဆက်ပေးသွားမှာဖြစ်ပါသည်။ စောင့်မျှော်ကြည့်ရှုဝေမျှကြဖို့ရန် တောင်းဆိုပါသည်။
#Environment #RvaMyanmar #Saturday8pm

လူသားတိုင်းအတွက် လွယ်ကူတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး

          မိတ်ဆွေအပေါင်းတိုခင််ဗျား..အပတ်စဉ် တိုင်းတင်ဆက်ပေးနေကြ  ထိန်းသိမ်းကြစေ သဘာဝအမွေ  ဆိုတဲ့ ကဏ္ဍလေး ရောက်လာခဲ့ပြန်ပါပြီ။   ဒီတစ်ပတ်မှာတော့ လူသားတိုင်းအတွက် လွယ်ကူတဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ နည်းတွေကို တင်ပြပေးသွားမှာဖြစ်ပါတယ်။ တကယ်တော့ ဒီနည်းတွေဟာ မိတ်ဆွေတို့ မေ့လျော့နေကြတာလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တကယ်တော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတယ်ဆိုတာ ကြီးကျယ်သလို  သေးသေးလေးကစလို့လဲ ရပါတယ်။ အမှိုက်တစ်ခု ကောက်တဲ့ အသေးငယ်ဆုံးကိစ္စကနေ ကြီးမားလှတဲ့ တည်ဆောက်ရေးစီမံကိန်းကြီးတွေ၊ သဘာဝတရားပြုန်းတီးမှုတွေအထိ တီထွင်လုပ်ဆောင်နိုင်တဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ယခု ဒီနေမှာတော့ အလှမ်းဝေးလှတဲ့ အကြောင်းအရာတွေထက် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မြင်နိုင်တာတွေကို တင်ပြ ပေးပါရစေ။

          မိတ်ဆွေအပေါင်းတိုခင််ဗျား..ယနေ့ကမ္ဘာကြီးမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ဆိုတာ အကြီးအကျယ်ပြောလာကြပါတယ်။ အရေးတယူလဲ ရှိလာကြပါတယ်။ ဒါကတော့ ကျွန်တော်တို့ ပတ်ဝန်း ကျင်ကို ရိုက်ခတ်လာလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် လူသားတိုင်းအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဟာ မဖြစ်မနေ လုပ်ရမဲ့ အချက်တစ်ခုဖြစ်ပါတယ်။ အားလုံး မလုပ်နိုင်ရင်တောင်မှ တစိတ်တဒေသ လုပ််နိုင်ဖို့ လိုပါတယ်။

သာမာန်လူ တစ်ဦးချင်းစီအား ပင်ကိုယ်အသိစိတ် အပြည့်နဲ့ ပူးပေါင်းပါဝင်မယ်ဆိုရင် ဖြစ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။ သေးသေးလေးတွေဖြစ်တဲ့ အမှတ်တမဲ့ အမှိုက်စွန့်ပစ်ခြင်း  ဒါဟာ အရေးကြီးပါတယ်။ သဘာဝပတ််ဝန်းကျင်ကို ညစ်ညမ်းသွားစေနိူင်ပါတယ်။

          မိတ်ဆွေအပေါင်းတိုခင််ဗျား  - .ကြီးကြီးကျယ်ကျယ်ကြီးတွေကို ထည့်မတွက်ဘဲနဲ့ သဘာဝပတ်ဝန်း ကျင်ကို ကြည့်မယ်ဆိုရင် အမှိုက်ပစ်တာက အခြေခံအကျဆုံးပဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ နိုင်ငံသား တော်တော်များများဟာ အမှိုက်ကို စနစ်တကျပစ်တဲ့နေရာမှာ ပေါ့ဆတယ်ဆိုရင် ဝန်ခံရမှာပဲ ဖြစ်ပါတယ်။

 မိမိတို့ စွန့်ပစ်ရမဲ့ ပစ္စည်းတွေကို ကောင်းမွန်စွာ စွန့်ပစ်မှု မရှိတာ ၊ ပေါ့ပေါ့တန်တန် စွန့်ပစ်လိုက်တာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဥပမာအနေနဲ့ မိမိတို့ အသုံးပြုတဲ့ အမှိုက်တစ်ခုကို လူသားများ အသုံးပြုနေတဲ့ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေထဲကို စွန့်ပစ်လိုက်မယ်ဆိုရင် သဘာဝအရ ကြည်လင်နေတဲ့ရေဟာ ညစ်ညမ်းသွားမှာ ဖြစ်ပါတယ်။ လူသားတွေ သောက်သုံးဖို့ အသုံးပြုနေတဲ့ ရေဟာ ညစ်ညမ်းသွားပြီး အမှိုက်ကတစ်ဆင့် ပိုးမွှားအန္တရာယ်တွေ ကျရောက်မှာဖြစ်ပါ တယ်။

          ကျွန်တော်တို့ လူတော်တော်များများဟာ အမှိုက် ကိုယ့်ပတ်ဝန်းကျင်မှာ မရှိရင်ပြီးရော၊ အိမ် ပတ်ဝန်းကျင်မှာ မရှိရင်ပြီးရောဆိုပြီး အမှိုက်တွေကို လွယ်လွယ်ကူကူ ရှင်းတတ်ကြပါတယ်။ ကျွန်တော် တို့ ခရီးသွားရင်းပဲဖြစ်ဖြစ်၊ ကြုံလို့ပဲဖြစ်ဖြစ် မြစ်ကြောင်းတစ်လျှောက် ဒါမှမဟုတ် မော်တော်ကားယာဉ်ကြောတလျှောက်ကို ပြန်ကြည့်ပါ။ လူတွေရဲ့ အမှတ်တမဲ့ စွန့်ပစ်မှုတွေကြောင့် မြစ်တွေ ချောင်းတွေထဲမှာ၊ ကားလမ်း၊ မီးရထား လမ်းတစ်လျှောက်မှာ စည်းကမ်းမဲ့ အမှိုက်တွေကို တွေ့ရမှာဖြစ်ပါတယ်။ တကယ်တော့ ပြည်သူတွေ အားလုံးမှာ စည်ပင်သာယာရေးတာဝန်ရှိပါတယ်။ ကျွန်တော့်အမြင်အရ ပြောရရင်တော့ ကြွပ်ကြွပ်အိတ် အမှိုက်တွေဟာ ထုတ်လုပ်နေသရွေ့၊ လွယ်ကူစွာ ရရှိနေသရွေ့ကတော့ အသုံးပြုနေကြအုံးမှာဖြစ်ပါတယ်။ တတ်နိုင်သလောက် အဖွဲ့အစည်းများ  ဖွဲ့စည်းပြီး အင်ဂျီအိုများ အပါအဝင် ကြွပ်ကြွပ်အိတ် ပပျောက်ရေးကို ကြိုးစားပေမဲ့ အရာမရောက်ခဲ့ပါဘူး။

          နောက်တစ်ခုကတော့ မလိုအပ်တဲ့ ထုပ်ပိုးမှုတွေ၊ အသုံးမပြုဘဲနဲ့ လျှော့ချခြင်းဖြင့် အမှိုက် အရေအတွက်ကို ထိန်းချုပ်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဥပမာ- မိမိတို့အိမ်မှာ ထည့်စရာချိုင့်တို့၊ ခွက်တို့၊ ပန်းကန် တို့ အသုံးပြုပြီး စျေးဝယ်ထွက်တဲ့အခါ အလွယ်တကူရနိုင်တဲ့ ကြွပ်ကြွပ်အိတ်ကို ရှောင်ရှားဖို့ပဲဖြစ်ပါ တယ်။ ဒါဟာ ကြွပ်ကြွပ်အိတ်ပြဿနာ၊ အမှိုက်ပြဿနာကို ဖြေရှင်းရာ ရောက်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်လှပစေဖို့ လူတစ်ဦးစီတိုင်းက တာဝန်ယူမှုရှိလျှင် အမှိုက်ပြဿနာဟာ ဖြေရှင်းလို့ရတဲ့ ပြဿနာတစ်ခုဖြစ်မှာ သေချာပါတယ်။ လူအများစုနေထိုင်ရာ၊ စုဝေးရာ ကားမှတ်တိုင်၊ အဆောက်အုံ၊ လေဆိပ်များ စတဲ့ နေရာတွေမှာ အလွယ်တကူ အမှိုက်မပစ်မိအောင် ကြိုးစားရမှာဖြစ်ပါတယ်။ မိမိတို့ရဲ့အမှိုက်တစ်စ ကို တာဝန်မယူမှုဟာ ပတ်ဝန်းကျင်ကို အကျည်းတန်ရုပ်ဆိုးစေပါတယ်။ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား ပုံစံမျိုး နဲ့ အလွယ်တကူ တွက်ပါက ကမ္ဘာ့အလယ်မှာ နိမ့်ကျပြီး လူမှုဘဝနိမ့်ကျသော နိုင်ငံအဖြစ် အပြောခံရမှာ ဖြစ်ပါတယ်။

          မိတ်ဆွေအပေါင်းတိုခင််ဗျား . . တိုကျိုမြို့ဟာ တစ်နှစ်တစ်နှစ် အမှိုက်တန်ချိန် ၂.၈ရမီလီယံ ထွက်ရှိပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ စည်ပင်ဝန်ထမ်းများဟာ စွန့်ပစ်ပစ္စည်းတွေကို အမျိုးမျိုး ခွဲခြားပြီးတော့ မီးရှို့လို့ရတဲ့ပစ္စည်း၊ မီးရှို့လို့မရတဲ့ပစ္စည်းဆိုပြီး ခွဲခြားကြပါတယ်။ စက္ကူ၊ မှန်ကွဲ၊ သံဘူး၊ ပလတ်စတစ် ဘူး စတဲ့ ပြန်သုံးလို့ရတဲ့ဟာတွေကို ပြန်သုံးကြပါတယ်။ ဒီလို စည်ပင်ဝန်ထမ်းတွေဟာ စွန့်ပစ်ပစ္စည်း များထဲမှာ အချို့သူတစ်ပါးအတွက် တန်ဖိုးရှိမဲ့ဟာတွေကို ဒီလို အမှိုက်တွေကို စနစ်တကျပြန်လည်သုံးစွဲတာဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သလို အမှိုက်ကနေ ရွှေဖြစ်မှာလဲဖြစ်ပါတယ်။

          နောက်တစ်ခုကတော့ ကျွန်တော်တို့ အာရှတိုက်သားတွေရဲ့ ဓလေ့တစ်ခုဖြစ်တဲ့ ကွမ်းပဲဖြစ်ပါ တယ်။ ကွမ်းသွေးတံတွေးတွေကို စည်းကမ်းမဲ့ စွန့်ပစ်တာဟာလဲ သဘာဝအတိုင်း တည်ရှိနေမှုတွေကို အရုပ်ဆိုးစေပါတယ်။ ကားလမ်းတွေ၊ လမ်းဘေးဝဲယာမှာ၊ လူစည်ကားရာနေရာတွေမှာ ကွမ်းတံတွေး

တွေကို မြင်ရမှာဖြစ်ပါတယ်။ ခေတ်မီလှပတဲ့ စျေးသစ်ကြီးတွေ၊ ခမ်းနားလှတဲ့ ကုန်တိုက်ကြီးတွေမှာလဲ ဒီကွမ်းသွေးတွေကို စည်းကမ်းမဲ့စွာ ထွေးတာကို တွေ့ရပါတယ်။ အချိုကြတော့ စည်းကမ်းရှိသူဟာ လူနည်းစုဖြစ်တဲ့အတွက်် တခါတလေ ဒီလိုကိစ္စတွေကို လုပ်ဖို့ရာခက်ခဲတတ်ပါတယ်။ ရှက်တတ် ကြပါတယ်။ အမှိုက်သွားပြီးပစ်ဖို့၊ အမှိုက်ထုပ်ကို ဆွဲသွားပြီး ပစ်သင့်တဲ့နေရာမှာ ပစ်ဖို့ ရှက်ရွံ့ကြပါ တယ်။ ဒါဟာလဲ ပြုပြင်သင့်တဲ့ အချက်တစ်ခုပါ။ မြို့အဝင်တိုင်း၊ ဘူတာအဝင်တိုင်းမှာ အမှိုက်ပုံကြီး တွေကို တွေ့နေရပါတယ်။ ဒီလိုလူသားတွေ လူတစ်ဦးစီတိုင်း၊ တစ်ဦးစီတိုင်းမှာ ဒီအမှိုက်ကို ထိန်းထိန်း သိမ်းသိမ်း ပြုလုပ်ကြမယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အလိုလို လုပ်ဆောင်ဖြစ်သွာမှာ ဖြစ်ပါတယ်။

 ယခုအခါမှာ ယခင်လမ်းထောင့်က အမှိုက်ပုံးသေးသေးလေးက အကြီးကြီးဖြစ်နေပါပြီ။ လူဦးရေတိုးတက်လာတာနဲ့အမျှ အမှိုက်ကဏ္ဍဟာ ပိုပြီး တိုးတက်လာတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဒါကြောင့်လဲ အချို့တွေ့ဖူးကြရပါလိမ့်မယ်။ အမှိုက်ပုံကြိးရဲ့ အနံ့အသက်ဟာ တစ်ရပ်ကွက်လုံး အော်ဂလီဆန်ပြီး အနံ့ထွက်တာတို့ ရှိပါတယ်။

          ကျွန်တော်တို့ မြန်မာတွေရဲ့ စိတ်ဓာတ်ဟာ တာဝန်သိသူ၊ တာဝန်ရှိသူတွေဟာ အများအတွက် သတိပေးစာသားတွေ ရေးသားကြပါတယ်။ လူလိုသိပါ   တို  ့၊အမှိုက်မပစ်ရ    နိုင်ငံကြီးသားပီသပါ   စတဲ့ စာတန်းလေးတွေကို ကပ်ထား၊ ချိတ်ထားပေမဲ့လဲ လူတွေကတော့ တကယ်လက်တွေ့မှာ လိုက်နာကြတာ နည်းပါတယ်။ လူသားတိုင်းအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တာဝန်ကို မိမိတို့အသိစိတ်ဖြင့် လုပ်ဖို့ သင့်လှပါတယ်။ ဒီလိုအသိရှိကြမယ်ဆိုရင် မိမိတို့ပတ်ဝန်းကျင်မှာ သဘာဝတရားရဲ့ ပျက်စီးမှု တွေကို ထိန်းသိမ်းနိုင်မှာဘဲဖြစ်ပါတယ်။

          မိတ်ဆွေအပေါင်းတိုခင််ဗျား  ဒါကြောင့် ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့၊ နိုင်ငံကြီးသားများ ပီသဖို့ အမှိုက်ကစတဲ့ ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်၊ ကွမ်းသွေး စတဲ့ အသေးအဖွဲ လေးများကို ဆင်ခြင်ချင်းဖြင့် ကူညီကြပါစို့ လိုတိုက်တွန်းလိုက်ရပါတယ်

မိတ်ဆွေအပေါင်း -  သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်နိုင်ကြပါစေ။

ကျွန်တော် ဇော်နိူင်ဦး ပါ -  -  -

 

 

 

Add new comment

3 + 0 =