ရေဆိုတဲ့အသက်

ရေဆိုတဲ့အသက်

ရေရဲ့ အရေးပါမှုနဲ့ ရေရှိနိုင်တဲ့ နည်းလမ်းများအကြောင်း ဝေမျှပေးမှာဖြစ်ပါတယ်။ ထမင်းအသက်(၇)ရက်၊ ရေအသက် တစ်မနက်ဆိုတဲ့ စကားပုံကိုတော့ ကြားဖူးမှာဖြစ်ပါတယ်။ ထမင်းမစားဘဲ အချိန်အတော်ကြာကြီး နေလို့ရပေမယ့် ရေမသောက်ရရင်တော့ အချိန်ခဏလေးအတွင်းမှာ အင်အားချို့တဲ့ကာ အားကုန်ခမ်းခါ ချိနဲ့သွားနိုင်ပါတယ်။ ဒီလိုအပူကြီးတဲ့ နွေရာသီကာလများမှာဆိုရင် ပိုပြီးတောင် အင်အားကုန်ဆုံးမှာ ဖြစ်ပါတယ်။  သက်ရှိများအတွက် ရေဟာ အသက်တမျှ တန်ဖိုးရှိလှပါတယ်။ ကမ္ဘာကြီးရဲ့ ၇၅%ဟာ ရေထုနဲ့ ဖွဲ့စည်းထားပါတယ်။ ကျွန်တော်တို့လူသားတွေ့ရဲ ခန္ဓာကိုယ်မှာလဲ ခန္ဓာကိုယ် အလေးချိန်ရဲ ၆၅%ဟာ ရေဓါတ် များနဲ့ ဖွဲ့စည်းထားပါတ.်။ ထို့အတူ သက်ရှိများရေပါဝင်ဖွဲ့စည်းပုံခြင်း မတူညီပါကြပါဘူး။ တိရစ္ဆာန်ဖြစ်တဲ့ ကျွဲမှာဆိုရင် ရေပါဝင်မှု ၇၂%ရှိပါတယ်။ ငါးတွေမှာ ၆၇%၊ ကြက်တွေမှာ ၇၀% အထိ ပါဝင်တာကို တွေ့ကြရပါတယ်။ သစ်သီးများထဲမှာ ငှက်ပျောသီးမှာတောင်မှ ရေဓါတ် ၇၆% ပါဝင်ပါတယ်။ လူသားတို့ရဲ့ အစာချေစနစ် ကောင်းမွန်စွာ လည်ပတ်ဖို့ အမြှေးပါးများ၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်များ ရှင်သန်ဖို့ ဒီရေဓါတ်ကဘဲ လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်အရေပြားအောက်မှာရှိတဲ့ ချွေးပေါက်များရဲ့အောက်ခြေ ချွေးကနေ ရေကို စုပ်ထားပြီး ပူအိုက်တဲ့ရာသီမှာ ချွေးအဖြစ်နဲ့ ရေပြန်တဲ့သဘောမျိုး ပြန်ပြီး ထုတ်ပေးတတ်တယ်။

ရေဟာ ဒီလိုအသက်ရှင်လှုပှ်ရားဖို့ တိုက်ရိုက်ကူညီရုံတင်မကဘဲနဲ့ သွယ်ဝိုက်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ မှာလဲ ကူညီနေပါတယ်။ ကျွန်တော်တို့ရဲ့ ရေချို ၇၀% ကို သီးနှံများထုတ်လုပ်တဲ့နေရာမှာ ထုတ်ယူသုံးစွဲနေပါတယ်။ အစားအစာ ထုတ်လုပ်တဲ့နေရာမှာ ရေဟာမပါမဖြစ် အရေးကြီးပါတယ်။ စပါးတစ်ဧက တစ်ရာသီအတွက် ရေချို ပမာဏ ၁၃၅၆၈၉၄ ဂါလံ လိုအပ်ကြောင်း တွက်ချက်ထားရှိပါတယ်။ ထို့အတူ နေထိုင်မှုကိစ္စတိုင်းမှာလဲ ရေချိုပမာဏများစွာကို အသုံးပြုလျက်ရှိပါတယ်။ စားဖို့သောက်ဖို့ ချက်ပြုတ်တာကနေ၊ အဝတ်အစား လျော်ဖွတ်၊ တိုက်ချွတ်စတဲ့ သန့်ရှင်းရေးကိစ္စများအထိ ရေချိုဟာ ကျွန်တော်တို့လူသားများအတွက် အလွန်အဖိုးတန်လှတဲ့ သာဘာဝရဲပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီအဖိုးတန်တဲ့ သဘာဝကနေ ရရှိလာတဲ့ သယံဇာတဟာ မကုန်ခမ်းနိုင်တဲ့ အရာမဟုတ်ပါဘူး။ ရေဆိုတဲ့နေရာမှာ ရေချိုနှင့်ရေငန်ရှိပါတယ်။ ရေချိုကဘဲ လက်ရှိမှာအသုံးကျပြီး ပမာဏအားဖြင့် နည်းပါလှပါတယ်။ ကမ္ဘာ့ရေထုပမာဏရဲ့ ၂.၅%ဘဲရှိပါတယ်။ ကျန်တဲ့ ၉၇.၅%ကတော့ ရေငန်တွေဘဲ ဖြစ်ပါတယ်။ ဒီရေချိုပမာဏထဲမှာ ၁.၉၇%ဟာ ရေခဲတောင်၊ ရေခဲမြစ်များရဲ့ ပမာဏဖြစ်ပြီူး   ဝ.၅%ကတော့ မြေအောက်ရေနှင့် ဝ.၃%ကတော့ မြစ်ချောင်း၊ အင်းအိုင်များ ရေကန်များမှာရှိတဲ့ ရေပမာဏဘဲဖြစ်ပါတယ်။ ဒီပမာဏကို ကြည့်လိုက်မယ်ဆိုရင် လက်ရှိ ကျွန်တော်တို့ လူသားတွေသုံးစွဲနေရတဲ့ ရေပမာဏကို ခန့်မှန်းမိမယ်လို့ ထင်ပါတယ်။ အလွန်နည်းတဲ့ ပမာဏဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအရေးကြီးတဲ့ ရေချိုသယံဇာတကို ကျွန်တာ်တို့ မဖြုန်းတီးဘဲ ထိန်းသိမ်းကာကွယ်သင့်လှပါတယ်။

ကမ္ဘာအရပ်ဒေသ အချို့နေရာတွေဟာ သန့်ရှင်းတဲ့ ရေကောင်းရေသန့် ကောင်းစွာ မရရှိကြပါဘူး။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်ရဲ့ လေ့လာဆန်းစစ်ချက်အရ ကမ္ဘာ့လူဦးရေ သန်း ၁ဝဝဝ ကျော်ဟာ သောက်သုံးရေ မရရှိမှု၊ နောက်သန်း ၃၄ဝဝ ခန့်ဟာ ရေချိုရရှိမှု မပြည့်ဝမှုတွေနဲ့ ခြိမ်းခြောက် ခံရတယ်လို့ တွေ့ရှိဖော်ပြခဲ့ပါတယ်။ ၂၀၃၀ ပြည့်နှစ်ရောက်ရင်တော့ ရေပြဿနာဟာ ပိုမိုကြီးထွားလာနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့လူဦးရေ တိုးတက်လာတဲ့အတွက် ရေလိုအပ်မှုဟာလည်း တဖြည်းဖြည်း တိုးတက်လျက်ရှိပါတယ်။ ဒီလိုရေရရှိမှု နည်းပါးသွားပါက ကျွန်တော် စောစောက တင်ပြခဲ့တဲ့ ရေနဲ့ ပတ်သက်တဲ့ လူတွေနှင့် သက်ရှိတို့ရဲ့ ရပ်တည်မှုတွေကို ထိခိုက်စေမှာဖြစ်ပါတယ်။

ကျွန်တော်တို့ လူသားတွေအသုံးပြုလို့ လျော့သွားတဲ့ ရေချိုများကို ပြန်လည်ဖြည့်တင်းပေးတာဟာ ထုထည် ကြီးမာလှတဲ့ ရေငန်ဖြစ်တဲ့ ပင်လယ်သမုဒ္ဒရာကြီးဘဲဖြစ်ပါတယ်။ ဒီပင်လယ်ပြင်က ရေငွေ့ပျံခြင်းဟာ ရေချိုပမာဏ ကို အဓိက ဖြစ်ပေါ်စေပါတယ်။ ရေငွေ့ပြန်ပြီး မိုးရွာချရာမှ ၈၀%က ပင်လယ်မှာ ပြန်ပြီး မိုးအဖြစ်ရွာချပြီး ၂၀%ကဘဲ ကုန်းမြေဘက်သို့ ကျရောက်ရွာချတာဖြစ်ပါတယ်။ ဒီလိုမိုးအဖြစ်နဲ့ ရွာချလိုက်တဲ့မိုး ရေများဟာ ကျွန်တော်တို့ရဲ့ ရေချိုသံယံဇာတကို ပြန်ပေးပါတယ်။ ပင်လယ်ထဲသို့ ပြန်လည် စီးဆင်းသွားတာရှိသလို မြေကြီးထဲကို စိမ့်ဝင်သွားပြီး မြေအောက်ရေအဖြစ် တည်ရှိနေတာလဲရှိပါတယ်။ ပူပြင်ခြောက်သွေ့မိုးရေမရနိုင်သော အချိန်ကာလများမှာ ဒီမြေအောက်ရေဟာ အကျိုးရှိလှပါတယ်။ ပြန်လည်ထုတ်ယူသုံးစွဲနိုင်ပါတယ်။ မိုးရေများဟာ မြေလွှာမှတဆင့် စိမ့်ပြီး ရေငွေ့မပြန်နိုင်သော ရေလွှာအောက်အထိ စိမ့်ဝင်သွားပြီး ရေချိုအဖြစ် ထူထောင်ထားတဲ့ ရေအောက်လွှာနှင့် ပေါင်းခါ စိမ့်စမ်းရေများကို စီးထွက်စေပါတယ်။ တကယ်လို့သာ ကျွန်တော်တို့ ဆင်ခြင်တုံတရား မဲ့စွာ မြေအောက်ရေကို ထုတ်ယူသုံးစွဲမယ်ဆိုရင် တဖြည်းဖြည်းနဲ့ မြေအောက်ရေလွှာဟာ နိမ့်ကျပြီး အချို့နေရာမှာ ခမ်းခြောက်သွားနိုင်ပါတယ်။ ဒီလိုဆို မြေအောက်ရေ သယံဇာတဆုံးရှုံးခါ ကမ်းရိုးတမ်း ဒေသများမှာ ပင်လယ် ဆားငန်ရေများဝင်ခြင်း၊ ပူပြင်းသော ဒေသများမှာ မြေအောက်ရေလျော့ကျ၍ မြေဆီလွှာ ခမ်းခြောက်ပြီး၊ သဲကန္တာရများ ဖြစ်ထွန်းမှုများ ကြုံတွေ့နိုင်ပါတယ်။ ဒီလိုရာသီဥတုပြောင်းလဲလာပြီး ဥတုမမမှန်တဲ့ ကာလတွေမှာ ပိုလို့ ခက်ခဲနိုင်ပါတယ်။ ဒီအတွက် ဂေဟစနစ်ဖျက်စေဖို့၊ ရေအရင်းအမြစ်ထိန်းသိမ်းဖို့၊ အရေးကြီးလှပါတယ်။ တစ်ဦးချင်စီ ရေချိုသုံးစွဲမှုကို လိုအပ်တာထက် ပိုမိုပြီး အလွဲသုံးစားမလုပ်မိဖို့ အရေးကြီးလှပါတယ်။

အသုံးနှင့်အဖြုန်းကို သတိယှဉ်ခါ တဖြည်းဖြည်းလိုအပ်လာနေတဲ့ ရေလိုအပ်ချက်ကို ထိန်းသိမ်းနိုင်သော ပုဂ္ဂိုလ်များ၊ သဘာဝတရားကို မြတ်နိုးချစ်ခင်သော ပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်း ပေးလိုက်ရပါတယ်။