မညီမျှမှုများ အပိုင်း(၂)

မိတ်တွေအပေါင်းတို့ခင်ဗျာအပတ်စဉ်တိုင်းတင်ဆက်ပေးနေကျ ထိန်းသိမ်းကျစေသဘာဝအမွေဆိုတဲ့ကဏ္ဍလေးရောက်ရှိလို့လာ ခဲ့ပြန်ပါပြီ။ ဒီတစ်ပတ်မှာလည်း မညီမျှမှုများဆိုတဲ့အကြောင်းကိုဘဲဆက်လက်ပြီး တင်ပြပေးမှာဖြစ်ပါတယ်။ မိတ်ဆွေများခင်ဗျာ သဘာဝ တရားပျက်စီးမှုတွေနဲ့အတူ လူမှုအဖွဲ့အစည်းအတွင်းမှာ မညီမျှမှုတွေ ဆိုးရွားပါတယ်။ သယံဇာတများကို လူနည်းစု၊ လူတစ်ခုကသာ ထုတ်ယူသုံးစွဲကြပြီး၊ ကျန်တဲ့လူတန်းစားများကတော့ ရေဘေးဒုက္ခများ၊ သဘာဝတရားညစ်ညမ်းမှုများကို ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။ ဒါပေမဲ့လည်း တခါတလေမှာ ဒီလိုမတရားမှုတွေ၊ မညီမျှမှုတွေ ထုတ်ဖော်ဖို့ရာကျွန်တော်တို့ဟာ မစဉ်းစားဘဲနဲ့ လူဦးရေတိုးပွားမှုကိုပဲ အပြစ်တင်တတ်ကြပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ ပဋိသန္ဓေတားဆီးမှုတွေ မွေးဖွားမှုနှုန်းကို ထိန်းချုပ်ဖို့ရာ ကြိုးစားမှုတွေ တွေ့ကြုံနေရပါတယ်။ တကယ်တော့ ဒါဟာ လူအဖွဲ့အစည်းရဲ့ပြဿနာများကို လက်တွေ့ကျကျကိုင်တွယ်ဖြေရှင်းဖို့ရာ ငြင်းဆိုလိုက်တာ ပဲဖြစ်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဒီလိုလုပ်ဆောင်မှုတွေ၊ ဒီလိုပြောဆိုမှုတွေဟာ လက်ရှိအသုံးပြုနေတဲ့မတူညီသော ခွဲဝေမှုတွေ ကို ကာကွယ်ပြောဆိုတတ်တာဘဲဖြစ်ပါတယ်။ လက်ခံလိုက်တာဘဲဖြစ်ပါတယ်။ လူနည်းစုအခွင့်အရေးရရှိသူများ၊ သုံးစွဲနိုင်သော ပုဂ္ဂိုလ်များ ဒီပုဂ္ဂိုလ်များကို အခွင့်အရေးပေးလိုက်တာဘဲဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ဟာ ကျွန်တော်တို့လူသားတွေ ရရှိနေတဲ့ စားနပ်ရိက္ခာရဲ့ သုံးပုံတစ်ပုံခန့်ဟာ လွှင့်ပစ်တာဘဲဖြစ်ဖြစ်၊ ပိုလျှံတာဘဲဖြစ်ဖြစ်၊ သွန်ပစ်တာဘဲဖြစ်ဖြစ်၊ ပျက်စီးဆုံးရှုံးလျက်ရှိပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဟော်တယ်ကြီးများ၊ သူဌေးသူကြွယ်အိမ်များကနေ စွန့်ပစ်ကြတဲ့ ထမင်းကျန်၊ ဟင်းကျန်များ၊ စားဖို ဆောင်စွန့်ပစ်ပစ္စည်းများဟာ ဒုနဲ့ဒေးဘဲဖြစ်ပါတယ်။ ဒီလိုစွန့်ပစ်မှုဟာ တရားသဘောနဲ့ကြည့်မယ်ဆိုရင် ဆင်းရဲသားငတ်မွတ်သော လူတန်းစားများထံကနေ ရယူသုံးစွဲနေခြင်းတွေဘဲဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝကပေးတဲ့ လက်ဆောင်များဟာ ကျွန်တော်တို့လူသားတိုင်းနဲ့ သက်ဆိုင်နေပါတယ်။ လူသားတိုင်း ပိုင်ဆိုင်ပါတယ်။ ဥပမာ အနေနဲ့ ကျွန်တော်တစ်ခု တင်ပြပါရစေ၊ ဟိုအရင်သက်ဦးဆံပိုင် ဘုရင်စနစ်များဆီက တော်ဝင်ပန်းလို့ တင်စားကြတဲ့သဇင်ပန်း၊ ဒီသဇင်ပန်းဟာ နန်းတွင်းသူ/ နန်းတွင်းသားတွေဘဲ သက်ဆိုင်ပြီး ပန်ဆင်ကြတာဖြစ်ပါတယ်။ သာမန်လူတန်းစားတွေ ပန်ဆင်မယ်ဆိုရင် မင်းပြစ်မင်းဒဏ်သင့်တယ်လို့ ဆိုထားပါတယ်။ ဒီလိုဖြစ်ရပ်တွေဘဲဖြစ်ပါတယ်။ တကယ်တော့ဒါဟာ သဘာဝတရားက သတ်မှတ်ထားတာမဟုတ်ပါဘူး။ သဘာဝတရား ကတော်ဝင်သဇင်ပန်းကို ဘယ်သူကဖြင့် ပန်ရမယ်။ ဘယ်သူတော့ဖြင့်မပန်ရဘူးဆိုပြီး ပွင့်ဖူးလာခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ သုံးစွဲမှု မညီမျှမှုတွေဘဲဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ ယခင်ခေတ်များဆီက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာလည်း ဒါမျိုးတွေ ဆက်လက်ရှိနေပါသေးတယ်။ ယနေ့ခေတ်မှာ ပိုပြီးဆိုးတဲ့အချက်တွေလည်း များစွာရှိပါ တယ်။ ရှေးအခါ လူအများအသုံးပြုခဲ့ကြတဲ့ အင်းတွေ၊ အိုင်တွေ၊ ချောင်းတွေ၊ မြောင်းတွေဟာ အခုချိန်မှာ သာမန်လူတန်းစားတစ်ဦး အတွက် ငါးမဖမ်းရ၊ ငါးမမျှားရ၊ စတဲ့ပညတ်ချက်တွေရှိနေပါတယ်။ ထို့အတူ မြစ်ချောင်းများ၊ တောတောင်များ၊ အခြားအခြားသော သဘာဝတရားများဟာလည်း အများပြည်သူအတွက် ပိုင်ဆိုင်တဲ့အရာတွေဘဲဖြစ်ပါတယ်။

မိတ်ဆွေအပေါင်းတို့ ခင်ဗျာ တစ်ဆက်တည်းမှာ သတိပြုရမယ့်အချက်တစ်ခုရှိပါတယ်။ ဒါကတော့ မိမိတို့နိုင်ငံအတွင်းမှာရှိတဲ့ လူဦးရေထူထပ်မှု၊ မညီမျှတဲ့နေရာများကို သတိပြုဖို့ရန် လိုပါတယ်။ ဒေသအတွင်းမှာ အကြောင်းအရာတစ်ခုခုကြောင့် ကုန်ပစ္စည်းသုံးစွဲမှု ရုတ်တရက်မြင့်တက်ခဲ့တဲ့အခါမှာ အခြေအနေတွေဟာ ရှုပ်ထွေးသွားနိုင်ပါတယ်။ မညီမျှသော လူတန်းစားများအတွင်းမှာ ကွာဟမှုတွေ ပိုပြီးဆိုးရွားသွားနိုင်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ချင်းတောင်ဒေသ၊ ချင်းတောင်ဒေသမှာ ရေကြီးမှု၊ မြေပြိုကျမှုတွေဖြစ်ပြီး လမ်း ပန်းဆက်သွယ်ရေးတွေ ပျက်တောက်ခဲ့ကာ ဆန်တစ်အိတ်ရဲ့ တန်ဖိုးဟာ အဆမတန်တက်သွားခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေမျိုးဖြစ်ပါတယ်။ ဒီလိုဒုက္ခတွေ၊ ပဋိပက္ခတွေကြုံတွေ့ရတိုင်းမှာ ဆင်းရဲသား လက်လုပ်လက်စားလူတန်းစားများဟာ ပိုမိုခက်ခဲသွားတာဘဲဖြစ်ပါတယ်။ ဒါပေမဲ့ကုန်ပစ္စည်းကိုသိုလှောင်ထားနိုင်သူများ၊ ငွေကြေးချမ်းသာသောသူများကတော့ ဒီအခွင့်အရေးအပေါ်မှာ အသုံးချပြီးပိုမိုချမ်းသာ သွားနိုင်ပါတယ်။ ဆင်းရဲသား လူနင်းပြားများကတော့ သူတို့ရဲ့ဘဝဟာ ပိုမိုဆိုးပြီးဆင်းရဲတွင်းနက်သွားစေပါတယ်။ ဒီဆင်းရဲ၊ ချမ်းသာ ကွာဟမှုဟာ တိုင်းပြည်အတွင်းမှာတင်မဟုတ်ဘဲနဲ့ ဒေသအတွင်းမှာတွင်မဟုတ်ဘဲနဲ့ တိုင်းပြည်တစ်တိုင်းပြည်နှင့်တစ်တိုင်းပြည် ပြည်နယ် တစ်ခုနှင့်ပြည်နယ်တစ်ခု ဆက်ဆံတဲ့နေရာမှာလည်း အရေးကြီးလှပါတယ်။ ချမ်းသာသော နိုင်ငံများနဲ့ လက်ရှိဖွံ့ဖြိုးဆဲနိုင်ငံအကြား ဆက်ဆံမှုဟာ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများမညီမျှမှုကြောင့် အခက်အခဲတွေ တွေ့ကြုံရနိုင်ပါတယ်။ သဘာဝသယံဇာတသုံးစွဲမှုကြောင့်ချွတ်ခြုံကျနေတဲ့နိုင်ငံများ၊ လက်ရှိမှာ ရှိသမျှကို ထုတ်ရောင်းနေရတဲ့နိုင်ငံများ၊ ကြွေးမှီများအလွန်တင်ရှိ နေတဲ့နိုင်ငံများ၊ နောက်ကြွေးရှင်နိုင်ငံများစသည်ဖြင့် ကွာဟမှုတွေများစွာရှိနေပါတယ်။ ရွှေတူးဖော်ရေးလုပ်ငန်းများ၊ သတ္တုတွင်းများမှာ သုံးတဲ့ မာကျူလီကျောက်၊ ဒေသခံများဟာ ဒုက္ခရောက်ကြသလိုဘဲ ကြေးနီသတ္တုတူးဖော်ရာမှာ အသုံးပြုတဲ့ ဆာလဖာဒိုင်အောက်ဆိုဒ် ဓာတ်ဟာလည်း ထို့အတူပဲဖြစ်ပါတယ်။ လက်ရှိကမ္ဘာတစ်ဝှမ်းလေထုအတွင်းမှာ နှစ်ပေါင်းများစွာ ထုတ်လွှတ်ခဲ့တဲ့ဓါတ်ငွေ့များရဲ့ အခြေ အနေကိုဘဲ အရင်ကြည့်ရအောင်ပါ။ ဒါဟာအရေးတကြီးသုံးသပ်ရမယ့်အခြေအနေတစ်ခုဖြစ်နေပါတယ်။ အပူကြီးမှုများ၊ မိုးခေါင်မှုများ၊ စတဲ့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများဟာ များစွာ ထိခိုက်ရပါတယ်။ အချို့သော နိုင်ငံကြီးများ မှာရှိတဲ့ စက်ရုံများဟာ သူတို့ရဲ့စက်ရုံများကနေ စွန့်ပစ်တဲ့ စွန့်ပစ်ပစ္စည်းများ၊ အညစ်အကြေးများကို ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပင်လယ် သမုဒ္ဒရာများမှာ လာရောက်စွန့်ပစ်ကြတာတွေ့ရပါတယ်။ ဒါဟာလည်း ဆိုးရွားလှပါတယ်။ နောက်မိမိတို့နိုင်ငံမှာ လူထုကဆန့်ကျင်လို့ မတည်ဆောက်နိုင်တဲ့ စက်ရုံများကို ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လာရောက်ပြီး ဆောက်လုပ်ကြပါတယ်။ များသောအားဖြင့်တော့ ဒီလိုစက်ရုံများ၊ ပိတ်သိမ်းပြီးမိမိတို့နိုင်ငံကို ပြန်သွားကြတဲ့အခါမှာ ပတ်ဝန်းကျင်နှင့်လေထုညစ်ညမ်းမှုပြဿနာများ နောက်လူမှုရေးဆိုင်ရာပြဿနာပေါင်း များစွာ ချန်ထားခဲ့တာကို တွေ့ရပါတယ်။ ဥပမာအားဖြင့်ပြောရမယ်ဆိုရင် အလုပ်လက်မဲ့ပြဿနာများ၊ စက်ရုံများကို အစွဲပြုနေထိုင်ကြ သောမြို့ရွာများကွယ်ပျောက်သွားတတ်ပါတယ်။ နိုင်ငံရဲ့သယံဇာတများလည်း ကုန်ခမ်းသွားတတ်ပါတယ်။ သစ်တောများပြုန်းတီးသွား ခြင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများထိခိုက်ခြင်း၊ သတ္တုတွင်းတူးဖော်ရေးလုပ်ငန်းများကြောင့် မူလမြေအနေအထားများပျက်စီးပြီး ချိုင့်ဝှမ်းများ၊ တွင်းကြီးများ၊ တောင်ပုံရာပုံမြေစာပုံများ၊ မြေစာပစ်ကျင်းများ၊ ပိတ်ဆို့သွားသော မြစ်ကြောင်းများ၊ နောက်ဆက်လက်ထိန်း သိမ်းဖို့ရာခက်ခဲတဲ့ လူမှုရေးဆိုင်ရာကိစ္စရပ်များ၊ စသည်ဖြင့် ဘေးထွက်ဆိုးကျိုးပေါင်းများစွာကို ဒေသခံတွေကြုံတွေ့ကြရပါတယ်။ ဒါတွေ ကတော့ အကျိုးအမြတ်ရရှိသူတွေ ရယူထွက်ခွာသွားကြပြီး၊ ဒေသခံများဆက်လက်ကြုံတွေ့ရတဲ့ဆိုးကျိူးတွေဘဲဖြစ်ပါတယ်။ ချမ်းသာ သော နိုင်ငံများရဲ့ငွေကြေးအပေါ်အမြတ်ထုတ်မှုတွေဟာ အမျိုးမျိုးရှိပါတယ်။ အချို့သော နိုင်ငံများဟာ ငွေကြေးချေးငှားခြင်းဖြင့် အခြား သောနိုင်ငံများအပေါ်မှာ သြဇာပေးနိုင်သလို ချုပ်ကိုင်ခြယ်လှယ်နိုင်တာတွေလည်း ရှိပါတယ်။ နောက်တစ်မျိုးကတော့ အတိုးများမှုကြောင့် နိုင်ငံဟာ ဆင်းရဲတွင်းကနေ မထွက်နိုင်ဘဲ မိမိတို့ချေးထားတဲ့ နိုင်ငံအပေါ်မှာ ပိုမိုအားကိုးရတဲ့အခြေအနေကိုဖြစ်စေပါတယ်။ အချို့သော နိုင်ငံများကျတော့လည်း မိမိတို့ရဲ့ ချမ်းသာမှုအတွက် တစ်ခြားသောနိုင်ငံများရဲ့ သယံဇာတများ၊ သစ်တောများ၊ တိရစ္ဆာန်မျိုးနွယ်စုများကို ပေါချောင်ကောင်းဝယ်ယူခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ အနာဂတ်ကို ရိုက်ချိုးပစ်ခြင်း၊ နစ်နာစေခြင်းတွေရှိပါတယ်။

ဒါပေမဲ့လည်း မိတ်ဆွေ စနစ်တကျကောင်းမွန်ပြီး လူမှုအဖွဲ့အစည်းတိုးတက်တဲ့နိုင်ငံတွေကတော့ ဒီလိုမျိုးခေါင်းပုံဖြတ်၊ အမြတ်ကြီးစားမှုမျိုးတွေကို တားမြစ်တယ်ဆိုတဲ့အကြောင်းကို ကျွန်တော့်အနေနဲ့တင်ပြပေးလိုက်ရပါတယ်။ မိတ်ဆွေများခင်ဗျာ ယခုကျွန်တော်တင်ပြခဲ့တဲ့ဆောင်းပါးလေးဟာ ပုပ်ရဟန်းမင်းကြီးဖရစ်စစ်အရှင်သူမြတ် ၂၀၁၅ မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ Laudato Si’ ဤကမ္ဘာမြေစိန်းလန်းစိုပြေရမည်ဆိုတဲ့ စာချွန်တော်ကနေ ကောက်နုတ်ဖော်ပြထားတာပါဘဲဖြစ်ပါတယ်။ မိတ်ဆွေအပေါင်း လည်း တရားမျှတမှုကိုလက်ကိုင်ထားပြီးသဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးသောပုဂ္ဂိုလ်များ၊ ဖြစ်နိုင်ကြပါစေလို့ ကျွန်တော့်အနေနဲ့ဆန္ဒပြု ဆုတောင်းပေးလိုက်ရပါတယ်။ ကျွန်တော်ဇော်နိုင်ဦးပါ။

Add new comment

1 + 12 =