မညီမျှမှုများ အပိုင်း(၁)

ဒီနေ့မှာ တော့ မညီမျှမှုများဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ပေးမှာဖြစ်ပါတယ်။ ကမ္ဘာကြီးမှာရှိတဲ့ သယံဇာတသုံးစွဲမှုအပိုင်းမှာ ကျွန်တော်တို့ လူသားများ ဟာ ခေါင်းပုံဖြတ်မှုတွေ၊ လက်ဝါးကြီးအုပ်မှုတွေ အမြတ်ကြီးစားမှုတွေများစွာရှိနေပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဒီနေ့ကျွန်တော် ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။

            မိတ်ဆွေအပေါင်းတို့ခင်ဗျာ ယနေ့ခေတ်ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်နဲ့အသိုင်းအဝိုင်းဟာ သဘာဝတရားနဲ့ သယံဇာတပစ္စည်း များဆုံးရှုံးပျက်စီးရသလိုဘဲ တစ်ဖြည်းဖြည်းပျက်စီးလာလေ့ရှိပါတယ်။ ဒါဟာပညာရှင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံခေါင်း ဆောင်များထောက်ပြခဲ့တဲ့အချက်တစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်လေမှာကျွန်တော်တို့ဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကို ထိန်း သိမ်းဖို့ လုပ်ကြပေမဲ့လည်း လုပ်ဖို့တိုက်တွန်းခဲ့ကြပေမဲ့လည်း တကယ့်လက်တွေ့ဘဝမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ လူမှုအသိုင်းအဝိုင်းကို ပြုပြင်ဖို့ရာနှောင့်နှေးနေတတ်ပါတယ်။ ဒါဟာလည်း လူဆိုတဲ့သဘောသဘာဝကိုက သူတစ်ပါးပြောတာကို လက်မခံတတ်တဲ့သတ္တဝါတစ်ခုဖြစ်လို့ပါဘဲ။ အထူးသဖြင့် အကြီးပိုင်းတွေ တာဝန်ရှိသူတွေ ပိုပြီးဆိုးမယ်လို့ ထင်ပါတယ်။ “ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်” ဆိုတဲ့စကားကို ကိုယ့်ရဲ့ငယ်သား၊ အောက်လက်ငယ်သားများကို ပြောကြပေမဲ့လည်း တစ်ခါတစ်လေမှာ ကိုယ်စီး တဲ့မြင်းဟာ ဘယ်ဆီကိုရောက်နေတယ်ဆိုတာကို ခေါင်းဆောင်တွေမသိကြတာတွေ များစွာရှိပါတယ်။ ဆိုလိုရင်းကိုပဲ ပြောရမယ်ဆိုရင် ကျွန်တော်တို့ဟာ ပတ်ဝန်းကျင်သဘာဝတရားပျက်စီးမှုများကို ပြုပြင်တော့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ လူ့ဘောင်အဖွဲ့အစည်းကို အရင် ပြင်ဖို့ရန်လိုပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ လူမှုအဆောက်အဦးပျက်စီးမှုများကို မသိဘဲ မကိုင်တွယ်နိုင်ဘဲနဲ့ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုများကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုတာဟာ လုံလောက်တဲ့ဖြေရှင်းချက်တစ်ခုမဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ ပုပ်ရဟန်းမင်းကြီးဖရစ်စစ်အရှင်သူမြတ် ၂၀၁၅ မတ်လ ၂၄ ရက်နေ့ကနေထုတ်ပြန်ခဲ့တဲ့ Laudato Si’ ဤကမ္ဘာမြေစိမ်းလန်းစိုပြေစေရ မည်ဆိုတဲ့ စာချွန်တော်ပါ ဘာသာပြန်စာအုပ် အခန်း (၁)ခေါင်းစဉ်(၅)၊ အပိုဒ်ခွဲ (၄၈)မှာဖော်ပြပါရှိချက်တွေဘဲဖြစ်ပါတယ်။ ကျွန်တော် ပြောနေကျစကားကိုဘဲ ပြန်ပြီးပြောရမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်နှင့်လူ့အဖွဲ့အစည်းအတွင်းမှာ ပျက်စီးမှုတွေဖြစ်တိုင်းဖြစ်တိုင်းဟာ အများဆုံးထိခိုက်တာကတော့ ထိခိုက်လွယ်တဲ့လူတန်းစားတွေပဲဖြစ်ပါတယ်။ အခွင့်အရေးနည်းပါးသူတွေ၊ အပယ်ခံတွေဘဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ငါးဖမ်းနိုင်သောနေရာများ၊ လျော့နည်းသွားခြင်းဟာ ငါးဖမ်းလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်နေတဲ့တံငါသည်မိသားစု များအတွက် အခက်အခဲတွေ့စေမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ လယ်ယာများကို သိမ်းယူပြီး စက်မှုလုပ်ငန်းများလုပ်ဆောင်နိုင်မှုဟာ စက်မှု လုပ်ငန်းများကိုပြောင်းလဲလုပ်ကိုင်ဖို့ရာ နည်းပညာအခက်အခဲရှိတဲ့ တောင်သူဦးကြီးများအတွက် ဒုက္ခရောက်စေမှာဘဲဖြစ်ပါတယ်။ လယ်ယာများအသိမ်းခံရပြီး အလုပ်အကိုင်အခွင့်အလမ်းလည်းနည်းပါးသွားတဲ့အတွက်ကြောင့် သူတို့ရဲ့ မိသားစုဘဝရပ်တည်ရေးဟာ မလွယ်ကူတော့ပါဘူး။

            နောက်သောက်သုံးရေ မြစ်တွေ၊ ချောင်းတွေထဲမှာ ညစ်ညမ်းမှုတွေဖြစ်ပြီး သောက်သုံးရေ ရှားပါးခြင်းဟာ ရေသန့်ဗူးတစ်ဗူးကို ဝယ်ယူသောက်သုံးဖို့ရာ ခက်ခဲတဲ့ မိသားစုတွေအတွက် ဒုက္ခတွေ့စေမှာဖြစ်ပါတယ်။ ထို့အတူပါဘဲ သမုဒ္ဒရာကြမ်းပြင် ရေမျက်နှာပြင်မြင့် တက်လာမှုဟာ ပြောင်းရွှေ့စရာမရှိတဲ့ ကမ်းရိုးတန်းနေ ဆင်းရဲသားလူတန်းစားတွေ ထိခိုက်မှာဘဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ လူမှုရေး မမျှတမှုတွေကြောင့် အသက်ငယ်ငယ်နဲ့ ဆုံးပါးသွားရတဲ့ဆင်းရဲသားလူတန်းစားတွေ များစွာရှိနေပါတယ်။ စက်ရုံများမှာ အကူ အညီမဲ့နေတဲ့လူတန်းစားတွေ မွေးဖွားဖို့ရာ ခက်ခဲနေတဲ့မိခင်တွေ ဖြစ်သလိုမွေးပြီးလူဖြစ်လာရတဲ့ ကလေးငယ်တွေ များစွာရှိပါတယ်။ သယံဇာတလုယက်မှုစစ်ပွဲများအတွင်းမှာ သေဆုံးသွားကြရတဲ့ အပြစ်မဲ့ပြည်သူများ နောက်ဆုံးမှာတော့ ဆင်းရဲသားလူနင်းပြား ပြည်သူ များဘဲခံကြရတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အသိပညာပိုင်း အားနည်းမှုတွေဘဲဖြစ်ပါတယ်။ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်တော့ ဒီလူ့နင်းပြားဆင်းရဲသား လူတန်းစားများဟာ ၀ိုင်းပယ်ခံ အခွင့်အရေးမရှိတဲ့အတွက်ကြောင့်မို့လို့ အသိပညာပိုင်း အားနည်းတာတော့ သေချာလှပါတယ်။ ကောင်းမွန်တဲ့ပညာရေးမရရှိခဲ့ခြင်း၊ စာပေဗဟုသုတလိုက်စားမှုနည်းပါးခြင်းတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိပြုရမှာကတော့ ဒီဆင်းရဲသားလူတန်းစားတွေဟာ ကမ္ဘာပေါ်မှာ အများစုဖြစ်ပါတယ်။ တကယ်တမ်းတော့ ချမ်းသာတဲ့ လူတန်းစားနဲ့ ပညာတတ်တဲ့လူတန်းစားဟာ လူနည်းစုပဲဖြစ်ပါတယ်။ ယခုနှစ်ပိုင်းတွေမှာတော့ ဒီအချက်ကို တာဝန်ရှိသူတွေဟာ ဆွေးနွေး အဖြေရှာကြတာကို တွေ့ရပါတယ်။ ဒါဟာကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီဆွေးနွေးမှုများဟာ နောက်ဆက်တွဲ လက်တွေ့ အကောင်အထည်ဖေါ်တဲ့အပိုင်းမှာ အားနည်းမှုတွေရှိပါတယ်။ ဒီလိုဆွေးနွေးမှုတွေဟာ လုပ်ငန်းသဘောအရ ဝတ်ကျေတန်းကျေလုပ်ငန်း မဖြစ်ဖို့ရာ အရေးကြီးပါတယ်။ များသောအားဖြင့်တော့ ဆွေးနွေးမှုဟာ ဆွေးနွေးမှုထဲမှာဘဲရှိပြီး ခံစားမှုကင်းမဲ့ခြင်း၊ ဂရုတစိုက်လုပ်ဆောင် မှုနည်းပါးခြင်း၊ စိတ်မပါခြင်းတွေကြောင့် တကယ့်လက်တွေ့ ဆင်းရဲသားလူတန်းစားများ ရင်ဆိုင်နေရတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးလို့ ဖြစ်ပေါ်လာတဲ့ ပြဿနာများကို မဖြေရှင်းနိုင်တာကို တွေ့ရပါတယ်။

            အဆိုးဆုံးကိုပြောရမယ်ဆိုရင်တော့ ဒီလိုအထက်တန်းကျကျနေထိုက်ကြတဲ့ လုပ်ပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်များဟာ တစ်ခါတစ်လေမှ သူတို့နဲ့ စက်ဟပ်မှုမရှိဘဲ တစ်ခါတစ်လေမှလဲ တွေ့ကြုံဖူးခြင်းမရှိဘဲနဲ့ ဒီအပယ်ခံဆင်းရဲသားလူတန်းစားတွေရဲ့ ဘဝကို စဉ်းစားတွေးခေါ် ရုံသက်သက်နဲ့ ဆုံးဖြတ်ချက်ချကြတာဖြစ်ပါတယ်။ တကယ့်လက်တွေ့မကျသော အကြောင်းအရာများဖြစ်လာရတာဟာ ဒီအချက်တွေ ကြောင့်ဘဲဖြစ်ပါတယ်။ လူမှုစာမျက်နှာမှာ ငြိမ်းချမ်းရေး ဂျိုးငှက်ကို လွှတ်တဲ့သူအဖြစ်ဖော်ပြခံနေရတဲ့ ပုဂ္ဂိုလ်များဟာ တစ်ခါတစ်လေမှာ ဒီ ဂျိုးငှက်ကို ကင်စားတဲ့သူတွေဖြစ်တတ်ပါတယ်။ ဒီလိုအဆိုးဆုံးပုဂ္ဂိုလ်များဟာ စိတ်မပါဘဲနဲ့ ဤကမ္ဘာမြေစိမ်းလန်းစိုပြေစေရမည်ဆိုတဲ့ ဟန်ဆောင်ကြွေးကြော်မှုတစ်ခုကို ကြွေးကြော်ကြတာဘဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း အားလုံးတော့ မဟုတ်ပါဘူး။ အချို့သော လူကြီးများ၊ မီဒီယာသမားများ၊ အကြံပေးပုဂ္ဂိုလ်များ၊ တော်တော်ကောင်းကြပါတယ်။ စွမ်းစွမ်းတမန်လည် ကြိုးစားကြပါတယ်။ ဒါကတော့ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေဘဲလို့ ပြောရင်ရပါတယ်။ တကယ်တော့ သဘာဝတရားကို ချစ်မြတ်နိုးခြင်းဟာ ကျွန်တော်တို့ လူသား အချင်းချင်း ချစ်မြတ်နိုးခြင်းတစ်ခုပါဘဲ။ ဒီသဘာဝတရားညစ်ညမ်းမှုများအကြောင်းကို တိုင်ပင်ဆွေးနွေးတဲ့နေရာမှာလဲ ကျွန်တော်တို့ လူသားတွေ ဆုံးရှုံးခဲ့ရတဲ့ တရားမမျှတမှုများ ဒီအကြောင်းကို ထည့်သွင်းစဉ်းစားဖို့ရာ လိုပါတယ်။ ဒါမှလည်း ကျွန်တော်တို့ဟာ ကမ္ဘာ မြေကြီးရဲ့ညည်းတွားသံနှင့်အတူ ဆင်းရဲသားအပယ်ခံများရဲ့ ငိုကြွေးသံကိုလည်း ကြားကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုရမဲ့အချက် တစ်ခုတော့ရှိပါတယ်။ ဒါကတော့ ဆင်းရဲသားလူတန်းစားပပျောက်ရေးကို ဖြေရှင်းတဲ့နေရာမှာ လူဦးရေ တိုးပွားမှုကို ကန့်သတ်ဖို့ရာ ကြိုးစားကြတာဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများကလည်း ကူညီထောက်ပံ့တဲ့နေရာမှာ လူဦးရေမွေးဖွားနှုန်းကို ထိန်းချုပ်ဖို့ရာ ပေါ်လစီများ ချမှတ်ပေးကြတာကို တွေ့ရပါတယ်။ လူဦးရေတိုးပွားမှုဟာ ကမ္ဘာကြီးရဲ့ သယံဇာတသုံးစွဲမှုအပိုင်းမှာ အခက်အခဲရှိတယ်ဆိုတာကတော့ မှန်ပါတယ်။ ဒါပေမဲ့လည်း အဓိကလိုအပ်နေတာကတော့ ကိုယ်ချင်းစာနာတရားနဲ့ မျှဝေသုံးစွဲရေးဖြစ်ပါတယ်။ ဒါဟာအဓိကကျပါတယ်။ ဒီအကြောင်းအရာတွေကို ဆွေးနွေးတဲ့နေရာမှာ အရေးကြီးတဲ့ စကားရပ်တွေရှိပါတယ်။ ဒါတွေကတော့ အလုံအလောက်သုံးစွဲခြင်း၊ မျှဝေ သုံးစွဲခြင်း၊ အလွန်အကျွံသုံးစွဲခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ စတဲ့အချက်တွေကို ထည့်သွင်းစဉ်းစား ဖို့လိုပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် လူဦးရေတိုးတတ်မှုနဲ့ သယံဇာတသုံးစွဲမှုအပိုင်းမှာ ကိုယ်ချင်းစာနာစိတ်နဲ့ မျှဝေသုံးစွဲခြင်းက အဓိကကျ လာပါတယ်။ ဒီလိုမျိုး မညီမျှမှုများဟာ အပယ်ခံများနဲ့နိမ့်ကျသော ဆင်းရဲသားများကို ဒုက္ခရောက်စေပါတယ်။ မိတ်ဆွေအပေါင်းတို့ခင်ဗျာ၊ ကျွန်တော်ယခုတင်ပြခဲ့တဲ့အချက်များဟာ ကျွန်တော်တို့ကက်သလစ်သာသနာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်ရေးသားတော်မူ သောLaudato Si’ ဆိုတဲ့စာချွန်တော်ပါအကြောင်းအရာများကို ကိုးကားဖော်ပြခဲ့တာဘဲဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းလည်း သဘာဝ တရားနဲ့ သယံဇာတများကို ထိန်းသိမ်းနိုင်သော ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစေလို့ ကျွန်တော့်အနေနဲ့ ဆန္ဒပြုဆုတောင်းပေးလိုက်ရပါတယ်။
 ကျွန်တော် ဇော်နိုင်ဦးပါ။

Add new comment

9 + 2 =