ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ

ကာလဝမ်းရောဂါ (cholera)  ကြိုတင်ကာကွယ်ပါ
ကာလဝမ်းရောဂါဆိုတာ Vibrio cholerae ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုးကူးစက်တာကြောင့် ဖြစ်တာပါ။ 

ကာလဝမ်းရောဂါ ဘယ်လိုကူးစက်နိုင်သလဲ 
-----------------------------------
cholera ဘက်တီးရီးယားပိုးပါတဲ့ အစားအသောက်၊ ရေတို့ကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကာလဝမ်းရောဂါရှိသူရဲ့ မစင်၊ အန်ဖတ်တို့ကနေတဆင့် လည်း ကူးစက်နိုင်ပါတယ်။ 

ကာလဝမ်းရောဂါပိုး ကူးစက်ခံရတဲ့အခါ ဘယ်လို လက္ခဏာတွေ ပြတတ်သလဲ
-----------------------------------
ကာလဝမ်းရောဂါပိုးကူးစက်ခံရသူ ၁၀ ဦးမှာ တစ်ဦးက ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။

▶အရည်ဝမ်းလျှောခြင်း 
    ဆန်ဆေးရေလို အရည်ဝမ်းသွားတတ်တာမျိုးပါ။
 
▶အန်ခြင်း
   တချို့တွေမှာ ဝမ်းမလျှောခင် အရည်တွေ အန်တဲ့ လက္ခဏာကို စတင်ပြသ    
   တတ်ပါတယ်။  

▶ နုံးခွေခြင်း၊ သတိလစ်ခြင်း
     ခန္ဓာကိုယ်အရည်ဓာတ်ဆုံးရှုံးမှုကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ 
     သွေးပေါင်ရုတ်တရက်ကျပြီး သတိလစ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

▶ကြွက်တက်ခြင်း
    ရေဓာတ်သာမက သတ္တုဓာတ်တွေပါ ဆုံးရှုံးတဲ့အတွက် ကြွက်တက်စေနိုင်ပါ 
    တယ်။

ဘယ်သူတွေ ဖြစ်နိုင်ခြေ များသလဲ
---------------------------------
မသန့်ရှင်းတဲ့ရေ သောက်ရသူ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းသူ၊ သန့်ရှင်းမှုအားနည်းတဲ့ ဒေသ တွေမှာ နေထိုင်သူတွေက ကာလဝမ်းရောဂါ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပါတယ်။

ကာလဝမ်းရောဂါ ဖြစ်ရင် ဘယ်လို ကုသရမလဲ
--------------------------------------------
(၁) ဓာတ်ဆားရည် အလုံအလောက် သောက်ရပါမယ်။ ကာလဝမ်းရောဂါ အတွက် အရေးကြီးဆုံး ကုသမှုထဲမှာ ပါဝင်ပါတယ်။ 
(၂)  ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေး(Antibiotics)နဲ့ ဆေးပတ်လည်အောင် ကုရပါမယ်။
(၃) ကလေးတွေမှာဖြစ်ရင် ဇင့်ပါတဲ့ အားဆေးကိုပါ ဖြည့်စွက်တိုက်ကျွေးရပါမယ်။ 

ကာလဝမ်းရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ
-----------------------------------
✅အစာမစားခင်နဲ့ စားပြီးတဲ့အခါ၊ အိမ်သာတက်ပြီးတဲ့အခါတွေမှာ လက်ကို သေချာ ဆေးကြောရပါမယ်။
✅အစားအသောက်တွေကို ကောင်းစွာကျက်အောင် ချက်ပြုတ်ပြီးမှ စားရပါမယ်။
✅ယင်နားစာတွေကို လုံးဝ မစားသင့်ပါဘူး။ 
✅ရေသန့်သောက်ရပါမယ်။ မရရင် ရေကို ကျိုချက် သောက်သုံးရပါမယ်။
✅ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားရပါမယ်။
✅ယင်လုံအိမ်သာ သုံးစွဲရပါမယ်။

သတိပြုရန်
----------
ကာလဝမ်းရောဂါကို သေချာကုသမှုမခံယူရင် အသက်အန္တရာယ် ဆုံးရှုံးစေနိုင်တာကြောင့် လက္ခဏာတွေ ပြလာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားပြဖို့ အရေးကြီးပါတယ်။ 

 

Add new comment

11 + 3 =