ပယင်း(Amber)

ပယင်းထွက်ရာမြေ

       

မိတ်ဆွေအပေါင်းတို့ခင်ဗျာ  - - -

အပတ်စဉ်တိုင်း တင်ဆက်ပေးနေကျ ထိန်းသိမ်းကြစေသဘာဝအမွေဆိုတဲ့ ကဏ္ဍလေးရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။ ဒီတပတ်ကျွန်တော်တင်ပြမှာ ကတော့ ပယင်းထွက်ရှိရာ တနည်းအားဖြင့် ဟူးကောင်းချိုင့်ဝှမ်းဒေသ အကြောင်းဘဲဖြစ်ပါတယ်။

မိတ်ဆွေများ ခင်ဗျာ- ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်လို့ဆိုလိုက်ရင် မသိတဲ့သူနည်းမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများက ငယ်ရွယ်စဉ် စာသင်ခန်းတွေထဲမှာ သင် ကြားခဲ့ဖူးလို့ဘဲဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက သင်ကြားခဲ့ရတဲ့ အင်တော်ကြီးအိုင်၊ အင်းလေးအိုင်၊ ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင် နောက် ဧရာဝတီ၊ချင်းတွင်း၊သံလွင်၊စစ်တောင် စတဲ မြစ်ကြီးလေးသွယ် ဒါတွေဟာ အခြေခံသိကြတဲ့ ပထဝီ ဘာသာရပ်နှင့်ဆိုင်တဲ့ အကြောင်းအရာတွေဘဲဖြစ်ပါတယ်။ ဒီအထဲမှာ ဒီဆယ်စုနှစ်အတွင်း၊ ပယင်း နှင့်နာမည်ကြီးလှတဲ့ ဟူးကောင်းလွင်ပြင်လည်းပါဝင်ပါတယ်။ တနိုင်းမြို့ဟာ ဒီဘက်ခေတ်မှာ ထင်ရှားပါတယ်။ ပယင်းထွက်ရှိလို့ဘဲဖြစ်ပါတယ်။ ပယင်းထွက်ရှိတဲ့ အတွက်ကြောင့် လူမျိုးပေါင်းစုံ လူတန်းစားပေါင်းစုံ၊ လာရောက်နေထိုင်ကြပါတယ်။ ပယင်းမှော်များဟာ များပြားလှပါတယ်။ တခါတလေ ဆိုရင်တော့  တိုက်ပွဲများကြောင့် ပယင်းမှော်များအတွင်း ပိတ်မိနေကြတဲ့ ပယင်းတူးသူတွေလဲ ရှိတက်ပါတယ်။ သူတိုဘဝတွေဟာ တော်တော်ခက်ခက်ခဲခဲနှင့် အသက်မွေးကြရတာဖြစ်ပါတယ်။ မှော်အတွင်းမှာ နေထိုင်ဖို့ တူးဖေါ်ဖို့၊ နောက်ဆုံး အသက်ရှင်ရပ်တည်ဖို့အတွက် အခကြေးငွေ များစွာ ကုန်ကျပါတယ်။ ဒီပယင်းမှော်မှာ လီဆူး၊ ရခိုင်၊ ဗမာ၊ တရုတ်၊ ကချင်၊ -- စတဲ့ လူမျိုးအသီးသီးကို တွေ့ကြရပါ တယ်။ ပယင်းတူးဖော်တဲ့ နေရာမှာ အောက်ခြေအထိရောက်အောင် အောက်စီဂျင်ပေးပို့ပြီး လေးပေကျင်းကို အနက်ပေ ၁၈၀/၂၀၀ အထိတူးဖော်ကြတာဖြစ်ပါတယ်။ ပယင်းရဲ သဘောတရားကတော့ သစ်စေးဟာ နှစ်ပေါင်းများစွာ ကြာလာခဲ့တဲ့အခါမှာ အသွင်ပြောင်းပြီး ပယင်းဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

        ယခုအချိန်မှာပယင်းဟာ အလှဆင်ပစ္စည်းအနေနဲ့ လူကြိုက်များလှပါတယ်။ ပယင်းစျေး ကွက်ဟာလည်း တဖြည်းဖြည်းနဲ့ ကျယ်ပြန်လာခဲ့ပြီးကောင်းလာခဲ့ပါတယ်။ ယခင်မန္တလေးကျောက် ၀ိုင်းလို နေရာမျိုးမှာတောင်မှ ပယင်းစျေးကွက်ဟာနေရာရလာခဲ့ပြီပါတယ်။

 မိတ်ဆွေများ - ခင်ဗျာ ဟိုးအရင် နှစ်သန်းပေါင်းမြောက်များစွာအချိန်တုန်း က ဒီဟူးကောင်း ချိုင့်ဝှမ်းဒေသဟာ သစ်တောကြီးများ နေပေါက်မထိုးနိုင်အောင် ပေါက်ရောက်ခဲ့ပါတယ် ။ ဒီသစ်တောများကနေ ထွက်ရှိလာတဲ့ သစ်စေးဟာ မြေကြီးအတွင်းမှ ဖုံးအုပ်သွားခဲ့ပြီး နှစ်သန်းပေါင်းများစွာ ကြာလာခဲ့ပါတယ်။ ဒီလိုသဘာရဲ့ဖြစ်တည့်မူတွေ သဘာဝရဲ့နိုးဆော်မှုတွေ၊ဖိအားတွေ စတဲ့အချက်တွေကြောင့် နှစ်သန်းပေါင်းမျာစွာ ကြာလာတဲ့အခါမှာ အဖိုးတန်တဲ့ပယင် ဖြစ်လာခဲ့ပါတယ်။အချို့ပယင်းများက အကောင်ငယ် လေးများ ပါဝင်လာလို့ ပိုပြီး အဖိုးတန်ပါတယ်။ သစ်စေးဟာ စေးကပ်တဲ့သဘောရှိပါ တယ်။ သတ္တဝါများအတွက် ဒီသစ်စေးဟာ ထောင်ချောက်လိုဖြစ်နေပါတယ်။ ဒီသစ်စေးအတွင်းမှာ ကျခဲ့တဲ့သက်ရှိများ၊ အကောင်ငယ်လေးများ၊ အမွေးအတောင်များ မျိုးစေ့များဟာ မပျက်ဆီးဘဲနဲ့ ပယင်းအဖြစ်ကိုပြောင်းလဲလာတဲ့အချိန် နှစ်သန်းပေါင်းများစွာ ကြာတဲ့အထိပါလာခဲ့တာဖြစ်ပါတယ်။ ဒါဟာ တနည်းပြောရရင် ရုပ်ကြွင်းများဖြစ်ပြီး၊ အဖိုးအလွန်တန်လှပါတယ်။ ပယင်းဟာ သစ်စေး ဖြစ်တဲ့အတွက်၊ အခဲအကြီးကြီးရဖို့ခဲယဉ်းပါတယ်။ ဒီလို လက်ကောက်ဆိုဒ်လောက်အထိရနိုင်တဲ့ ပယင်း ခဲကြီးတွေဆိုရင်၊ အရည်အသွေးကလည်း ကောင်းမယ်ဆိုရင်၊ သိန်းပေါင်းများစွာ ပေးဝယ်ကြတယ်လို့ဆိုပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အဖိုး မဖြတ်နိုင်တဲ့ တွင်းထွက်ရတနာသယံဇာတတွေဘဲ ဖြစ်ပါတယ်။

        မိတ်ဆွေအပေါင်းတို့ခင်ဗျာ-- ဒီဒေသတွေဟာ မငြိမ်းချမ်းပါဘူး။ မကြာခဏဆို သလို တိုက်ပွဲများဖြစ်တတ်ပါတယ်။ ဒီလိုတန်ဖိုးကြီးလှတဲ့ပစ္စည်းများ၊ တွင်းထွက်များဟာ မငြိမ်းချမ်းတဲ့နေရာမှာ ရှိနေတဲ့အတွက်များစွာ ဆုံးရှုံးရပါတယ်။ ဘယ်တော့မှငြိမ်းချမ်းလေ မလဲမသိပေမဲ့၊ ဒီလို မငြိမ်းချမ်းတဲ့ နေရာမှာရှိတဲ့ နိုင်ငံတော်ရဲ သယံဇာတများဟာ လွယ်ကူစွာ ကုန်ဆုံးသွားနိုင်တာကတော့ သေချာလှပါ တယ်။ အလွယ်တကူဘဲစျေးကွက်အတွင်းကို ရောက်ရှိသွားပြီး၊ နိုင်ငံပြင်ပကို ရောက်ရှိသွားမှာဖြစ် ပါတယ်။ နိုင်ငံလည်း အကျိုးမရှိသလို၊ ဒေသခံပြည်သူများ၊ တကယ်လက်တွေ့ သက်စွန့်စံဖျား ကြိုးစားပြီးတူးဖော်ကြတဲ့ မှော်ထဲက ကျင်းသားများလဲ အမြတ်အစွန်းနည်းပါးကြပါတယ်။ တကယ်ကို နှမြောစရာကောင်း လှပါတယ်။ ဇီဝမျိုးစုံ၊ မျိုးကွဲများ စုံလင်လှတဲ့ ဟူးကောင်းဒေသဟာ တဖြည်းဖြည်းနဲ့ အရင်းအမြစ် များတဖြည်းဖြည်းချွေဖဲခံနေရပြီဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဘယ်သူတွေအမြတ်ထွက်ပြီး ဘယ်သူတွေခါးစည်းခံကြရသလဲဆိုတာ စောင့်ပြီးကြည့်ရုံဘဲရှိပါတော့တယ်။ တကယ်မှော်ထဲမှာ တူးဖေါ်ပြီး ရေမဆေးရောင်းသူများဟာ တန်ရာ တန်ကြေး ထက်နည်းပြီးရကြတာများပါတယ်။ ဒီလို ရေမဆေးများကို ဝယ်ပြီး ပြန်ရောင်းတဲ့ သူတွေကတော့ နည်းနည်းပိုမြတ်ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းတဆင့်ပြီး တဆင့်အမြတ်တင်ကာ နောက်ပိုင်း တရုတ်နိုင်ငံအထိ(ဒါမှမဟုတ်ရင်လဲ) နိုင်ငံခြားစျေးကွက်အထိ ဝယ်ယူ၊တင်သွင်းရောင်းနိုင်တဲ့ ပုဂ္ဂိုလ်များကတော့ အမြတ်ကြီးပါတယ်။  ဒီလိုဆင့်ကဲ အမြတ်စားမှုတွေကတော့ စီးပွားရေးလောကရဲ ထုံးစံအတိုင်းဘဲဖြစ်ပါတယ်။ မှော်ထဲမှာ အလုပ်ကို ပင်ပင် ပန်းပန်းလုပ်ကြတဲ့သူများဟာ ရတဲ့ငွေနဲ့ အရက်သောက်၊ လောင်းကစားလုပ်၊ မူးယစ်ဆေးဝါးသုံးစွဲ စတဲ့တွေနဲ့ငွေတွေကုန်ပြီး၊ တကယ်ကို လိမ္မာတဲ့သူတွေလောက်ဘဲ အိမ်ကို ပြန်ပါကြတာဖြစ်ပါတယ်။

မိတ်ဆွေများခင်များ - - ဟူးကောင်းဒေသကရတဲ့ပိုက်ဆံဟာ ဟူးကောင်းဒေသ တိုးတက်ဖို့အတွက်မဟုတ်ဘဲ၊ ဒီလို ငွေကို လွယ်လွယ်ရလွယ်တဲ့အတွက် အကျင့်စာရိတ္တပျက်ဆီးမှုတွေ ကပါ ထပ်ပြီးတိုးလာတာဖြစ်ပါတယ်။ လွယ်လွယ်ကူကူရတဲ့ ပိုက်ဆံ လွယ်လွယ်ကုန်သွားခဲ့သလိုဖြစ်ပါတယ်။ ပယင်းမှာ အရောင်ကွဲတွေ များစွာရှိပါတယ်။ လက်ဖမ်းစိမ်၊ ၀ါကြည်၊ ဒီဇယ်၊ ဝက်ဆီဖက်၊ လိမ္မော်နီ၊ ကြက်သွေး စသည်ဖြင့် အရောင်ပေါ်မှာမူတည်ပြီးတော့အမျိုးမျိုးခေါ်ကြပါတယ်။ ဒီလိုအဖိုတန်တဲ့ပယင်းများဟာ နည်းမျိုးမျိုးနဲ့ ပြည်ပကို ထွက်ခွာသွား လေ့ရှိပါတယ်။ တကယ်တော့ ဒီတန်ဖိုးမဖြတ်နိုင်တဲ့ ပယင်းခဲလေးတွေအတွင်းမှာ ဘူမိဗေဒပညာရှင်များ လေ့လာမှတ်သာစရာများစွာပါဝင်နေပါတယ်။ စီးပွားရေးသမားများအတွက်ကတော့၊ တန်ဖိုးဖြတ်ပြီး ဝယ်ယူအလှဆင် ပစ္စည်းမျှသာဖြစ်ပါတယ်။ ပညာရပ်များတန်ဖိုးမဲ့ပြီး သိန်းပေါင်းဘယ်လောက် နှင့်စျေးပြိုင်မလဲ ဆိုတဲ့ အတွေးတွေးက ပိုများပါတယ်။ သမိုင်းမတင်နိုင်ခင်ခေတ် -  - - နှစ်သန်းပေါင်းများစွာက ဇီဝမျိုးစုံတို့ရဲ့ ပြောင်းလဲဖြစ်တည်မှုဖြစ်စဉ်တွေ၊ ရုက္ခဗေဒဖြစ်စဉ်တွေကို ဒီပယင်းခဲလေးများအတွင်းမှာ လေ့လာနိုင်ပါတယ်။ ပညာရှင်များကလေ့လာပြီး ပြန်လည်ပြောပြနိုင်ပါတယ်။ ဒီလိုအဖိုးတန်တဲ့ပယင်ရတနာလေးများ ဆက်လက်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ဆက်လက်ထိန်းသိမ်းကြပါလို့လဲ တိုက်တွန်းလိုက်ရပါတယ်။

        မိတ်ဆွေအပေါင်းလဲ နောင်အနာဂါတ်မျိုးဆက်သစ်များအတွက် ဘာမှ မကျန် အခွံချည်း ဘဲကျန်တဲ့ ကမ္ဘာကြီးကို မထားခဲ့ဘဲ သယံဇာတများကို လက်ဆင့်ကမ်းအမွေကမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

        မိတ်ဆွေအပေါင်းသဘာဝတရားကို ထိန်းသိမ်းနိုင်ကြပါစေဗျာ  - - -

ကျွန်တော်ဇော်နိုင်ဦးပါ။

Add new comment

4 + 12 =