"တောရိုင်းတိရစ္ဆာန်နှင့် မျိုးတုန်းမှုအန္တရာယ် အပိုင်း (၂)"

"ထိန်းသိမ်းကြစေသဘာဝအမွေ" ရုပ်၊သံ အစီအစဉ်

ဒီတစ်ပါတ်မှာတော့
ဂေဟစနစ်တစ်ခုမှာ လူသားအပါအဝင် အားလုံးအတွက် မျှမျှတတရရှိရမှာဖြစ်လို့ တောပျော်သတ္တဝါများကို အလွန်အကျွံဖမ်းဆီးခြင်းကနေ ရှောင်ရှားရမယ်ဆိုတဲ့အကြောင်းကို
"တောရိုင်းတိရစ္ဆာန်နှင့် မျိုးတုန်းမှုအန္တရာယ် အပိုင်း (၂)" ခေါင်းစဉ်ဖြင့် တင်ဆက်ပေးလိုက်ပါတယ်။

တောရိုင်းတိရစ္ဆာန်ပြုန်းတီးမှုနှင့် အမဲလိုက်ခြင်း

       

မိတ်ဆွေအပေါင်းတို့ခင်ဗျာ - - -   အပတ်စဉ်တိုင်းတင်ဆက်ပေးနေတဲ့ ထိန်းသိမ်း ကြစေသဘာဝအမွေဆိုတဲ့ ကဏ္ဍလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီ။ ဒီအပတ်မှာတော့ တောရိုင်း တိရစ္ဆာန်များ ပြုန်းတီးရခြင်းနှင့်၊ အမဲလိုက်ခြင်းအကြောင်းကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

        မိတ်ဆွေအပေါင်းတို့ခင်ဗျာ၊ လူသားမျိုးနွယ် စဖြစ်တည် ကတည်းကနေ ကျွန်တော်တို့ လူသားများဟာ အမဲလိုက်ခြင်းကို စတင်ကျင့်သုံးခဲ့ကြရပါတယ်။ မွေးမြူ ရေးလုပ်ငန်းကို မလုပ်ခင်အထိ အမဲလိုက်ခြင်းဟာ ခေတ်အစားဆုံး၊ ဓလေ့တစ်ခုဖြစ်ခဲ့ပါတယ်။ နေ့စဉ်နှင့်အမျှ လိုအပ်နေတဲ့ စားသုံးစရာ အသားဓါတ်ကိုရရှိဖို့ရာ ဟိုးအရင်ကတည်းက လူသားများဟာ အမဲလိုက်ခြင်းနှင့်ဘဲ သားကောင်များကို ဖမ်းဆီးကာ စားသုံးခဲ့ကြပါတယ်။ မွေးမြူ ရေးကဏ္ဍတိုးတက်လာခဲ့ပြီး၊ လူသားတို့ဟာ တဖြည်းဖြည်း၊ အမဲလိုက်ခြင်းလုပ်ငန်းကို စွန့်လွှတ် လာခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ရိုးရာယုံကြည်မှုအတွက်ဘဲဖြစ်ဖြစ်၊ အစဉ်အလာကြောင့်ဘဲဖြစ်ဖြစ် မွေးမြူရေးလုပ်ငန်းများကို စိတ်မပါလို့ဘဲဖြစ်ဖြစ်၊ မိမိကိုယ်၌ကိုကဝါသနာကြီးမားလို့ဘဲဖြစ်ဖြစ်၊ တချို့လူတွေ့ ဟာအမဲလိုက်ခြင်းလုပ်ငန်းကို မစွန့်လွှတ်နိုင်ကြသေးပါဘူး။

အထူးသဖြင့် ယောကျ်ားလေးများဟာ၊ ၀ါသနာပိုကြီးတတ်ပါတယ်။ ကလေးငယ်ငယ် အရွယ်ကတည်းက လောက်စာလုံးလုံးတတ်ဖို့ လေး ခွပစ်တတ်ဖို့ကို သင်ယူကြပြီး၊ ဘာမှမရရင် တောင်ပုတ်သင်ညိုကို လိုက်ပစ်တတ်တဲ့ သဘာဝဘဲဖြစ် ပါတယ်။ ၀ါသနာကြီးသူတို့ကတော့၊ အသက်ကြီးတဲ့အထိကို ခေတ်မှီ၊ လက်နက်များအသုံးပြုပြီး၊ အမဲလိုက်ကြတာတွေ့ရပါတယ်။ အခြားသောနိုင်ငံတွေကို မပြောဘဲနဲ့ ကျွန်တော်တို့နိုင်ငံအတွက် ဘဲပြောရမယ်ဆိုရင်၊  ယခုအချိန်မှာ ဘယ်လက်နက်ကိုမှ ကိုင်ဆောင်ခွင့်မရှိသလို၊ အမဲလိုက်ခွင် ကိုလဲ တွင်တွင် ကျယ်ကျယ် ပေးထားတာမတွေ့ရပါဘူး။ ဒါပေမဲ့ ကမ္ဘာ့စျေးကွက်အတွင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက တွက်တဲ့ သားရဲတိရစ္ဆာန် ကုန်ကြမ်း များကနေရာ ယူနေဆဲဘဲဖြစ်ပါတယ်။ အချို့လဲ ၀ါသနာအရ လုပ်ကြတာရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီသားရဲ့ တိရစ္ဆာန်မှောင်ခိုစျေးကွက် မှာလုပ်ရှားနေကြတဲ့ ပုဂ္ဂိုလ်တော်တော်များများကတော့ ၀ါသနာဆိုတာထက်၊ စျေးကွက်တစ်ခုု အနေနဲ့ လှုပ်ရှားကြတာများမယ်လို့ထင်ပါတယ်။ ၀ါသနာအရ တောလိုက်ခြင်းထက်၊ စျေး ကောင်းရနိုင်သော ရှားပါးတောကောင်များကို အဓိကလိုက်ကြတာတွေ့ရပါတယ်။

ဒါကြောင့်လဲ မြန်မာ့တောတောင်များမှာတောကောင်များ တဖြည်းဖြည်း လုံးပါပါးလာ ခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော်သိသလောက် တင်ပြပေးရမယ်ဆိုရင်တော့ သင်းခွေချပ်၊ ပြောင်၊ ဆတ်၊ တောင်ဆိတ်၊ အာရှကျား၊ ကျားမင်း၊ အင်းကျား၊ ဘင်္ဂလားကျား၊ စတဲ့တိရစ္ဆာန်များဟာ အမဲလိုက်မှုကြောင့် မျိုးတုံးလုနီးနီးကို ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။  ယခင်သူတို့ကျက်စားရာ နေရာတိုင်း လိုလိုမှာ မတွေ့ရတော့ဘဲ၊ ကန့်သတ်မှုတွေ့ရှိ လာခဲ့ပါတယ်။ တကယ်တော့ အမဲလိုက် မုဆိုးတော်တော်များများ နှင့်ကျွန်တော်စကားပြောဖြစ်ခဲ့ဖူးပါတယ်။ သူတို့ရဲ့အကျိုးအမြတ်က နည်းပါးတယ်။ မှောင်ခိုလုပ်ငန်းနှင့်ရောင်းဝယ်ဖောက်ကား သူတို့သာ ပိုပြီးအမြတ်အစွန်း ရကြတာဖြစ်ပါတယ်။ ဒီလိုမှောင်ခိုစျေးကွက်ကောင်းနေမှုရယ်၊ နှစ်ပေါင်းများစွာ အမဲလိုက်ခဲ့မှုတွေ ကြောင့်ရယ် လက်ရှိမှာ သားရဲတိရစ္ဆာန်ပြုန်းတီးမှုတွေဖြစ်လာခဲ့ရတယ်လို့ ဒေသခံ များနှင့် မုဆိုးများကဆိုကြပါတယ်။ တိရစ္ဆာန်များ ပုန်းခိုကျက်စားနိုင်ရန် သူတို့နှင့်ကိုက်ညီတဲ့ တော တောင်ရေမြေ သစ်တောများက ပြုန်းတီးလာတာဟာလဲ အဓိကကျတဲ့အချက်ထဲမှာပါဝင်ပါတယ်။

        မိတ်ဆွေအပေါင်းတို့ခင်ဗျာ၊ - - -  ကျွန်တော်မြန်မာနိုင်ငံ သစ်တောကြီးများဟာ တန်ဖိုးကြီးမားလှသလို၊ ဒီသစ်တောများအတွင်းမှာ ကျင်လည်ကျက်စားနေကြတဲ့ သားရဲတိရစ္ဆာန် များဟာလဲ တန်ဖိုးကြီးမားလှပါတယ်။ ဒီလိုတန်ဖိုးကြီးကြီးနဲ့ သားကောင် ပစ္စည်းများ ကိုရောင်းလို့ ရလိမ့်မယ်လို့ အရင်ကမထင်ခဲ့ပါဘူးလို့၊ ချင်းမုဆိုးကြီးတစ်ဦးက ကျွန်တော်ကိုပြောဖူးပါ တယ်။ သူတို့ရိုးရာအလိုက် ရာသီအလိုက်အမဲလိုက်မှုတွေရှိခဲ့ပေမဲ့၊ ဒီလိုတောရိုင်းသတ္တဝါ အင်္ဂါ အစိတ် အပိုင်း ပစ္စည်းများကို ငွေကြေးအနေနဲ့ ရောင်းချခဲ့ရတာမရှိသလောက်ဘဲလို့ဆိုပါတယ်။

မိမိ တို့အိမ်မှာ အမှတ်တရ၊ ဂုဏ်ယူစရာအဖြစ် ချိတ်ဆွဲထားကြတာများပြီး၊ ဒါဟာ အစဉ်အလာ တစ်ခုလို ဖြစ်နေခဲ့တယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ ဒီတောကောင်ပစ္စည်းများကို ဝယ်ယူသူများဟာ၊ တော ရွာများအထိဆင်းကာ ဝယ်ယူခဲ့ကြတယ်လို့ဆိုပါတယ်။ သစ်တောတွက် ပစ္စည်းများနှင့် ဖမ်းမိသမျှ တောရိုင်းတိရစ္ဆာန်အားလုံးနီးပါးကို ဝယ်ယူကြပါတယ်။ ဟိုးအရင်က ဘိုးစဉ်၊ ဘောင်ဆက်၊ အမှတ် တရချိတ်ဆွဲထားခဲ့ကြတဲ့ တိရစ္ဆာန်ဦးချိုအမျိုးမျိုးဟာ သူတို့အတွက် အဖိုးတန်ခဲ့ပါတယ်။ ချင်းရိုးရာ ပစ္စည်းများအဖြစ် ထိန်းသိမ်းထားခဲ့ကြတဲ့ ကျားစွယ်များဟာ သိန်းကဏ္ဍန်း စျေးပေါက်ပါတယ်။ ဘင်္ဂလားကျားတစ်ကောင်ရခဲ့ရင် သိန်း အတော်များများ အေးဆေးရတယ်လို့ဆိုပါတယ်။ ဒါဟာ တောနေတောင်သူများအတွက် မုဆိုးအလုပ်ကို တွန်းပို့သလိုဖြစ်နေခဲ့ပါတယ်။ ဆတ်ဂျို၊ ပြောင်ဂျို၊ ဝက်ဝံသည်းခြေနှင့် အခြားဆင်တို့ ကျားတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများဟာ နီးစပ်ရာ၊ တဖက် နိုင်ငံစျေးကွက်မှာ စျေးကောင်းရတဲ့ ပစ္စည်းတွေဖြစ်နေပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ သစ်တောကြီးများဟာ သားရဲတိရစ္ဆာန်အပေါင်း ရှင်သန် ပေါက်ပွားရာ နေရာတွေဖြစ်ပါတယ်။ ဟိုတလော ကမှ သတင်းထဲမှာ တွေ့လိုက်ရတဲ့ ဆင်မုဆိုး များကလည်း အဖွဲ့လိုက်၊ အုပ်လိုက်လှုပ်ရှားကြ တယ်လို့ယူဆမိပါတယ်။       မှောင်ခိုစျေးကွက်ကျယ်ပြန့်နေသမျှတော့ သဘာဝတောတောင်များမှာ ကျက်စားကြတဲ့ တောကောင်များဟာ ဆက်လက်ပြုန်းတီးနေကြရအုံးမှာဖြစ်ပါတယ်။

မိတ်ဆွေများခင်ဗျာ - - -  တောလိုက်ခြင်းကို စီးပွားရေးအရဘဲဖြစ်ဖြစ်၊ ၀ါသနာအရဘဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ဘဲလိုက်လိုက်၊ဆက်လက်ပြီး မပြုလုပ်ဖို့ရန် ထိန်းသိမ်းသင့်တယ်လို့ ထင်မိပါတယ်။ တနေ့ထက်တနေ့ ရှားပါးလာတဲ့ တောကောင်များကို စာနာထောက်ထားသောအားဖြင့် ဆင်ခြင် သင့်လှပါတယ်။ ကျွန်တော်တို့ ငယ်စဉ်ဘဝမှာတော့ ယောကျ်ားကလေးများဟာ ကြီးကြီးမားမား  တောကောင်များကို မပစ်ဘူးရင်တောင်မှ လေးခွကို ကတော့ ကိုင်ဘူးကြမှာသေချာပါတယ်။ လက်မှမ်းမီ  ရာသတ္တဝါများကို ပစ်မိကြမှာ လဲအမှန်ပါဘဲ။ ဒါပေမဲ့ တဖြည်းဖြည်းဆင်ခြင်ပြီး၊ ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ၀ါသနာအရ လုပ်ဆောင်လိုက်မှု၊ သဘောတရားအရ အရေမစိုက် လုပ်ဆောင်လိုက်မှုဟာ သဘာဝပတ်ဝန်းကျင်ရဲ့ သားရဲတိရစ္ဆာန်ကဏ္ဍကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုရှားပါးမျိုး စိတ်ဝင်၊ တိရစ္ဆာန်များဆိုရင်ပိုပြီး ဆင်ခြင်သင့်လှပါတယ်။ နိုင်ငံတော်အစိုးရတာဝန်ရှိသူများဘက်က လဲ ဥပဒေများချမှတ်ပြီး၊ စီမံကြပ်မှတ်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်များအတွင်းကမှ ချင်းတောင် တန်းမှာရှိသော လိုင်စင်မရှိသော လက်နက်များကို ပြန်လည်အပ်နှံခိုင်တာကို တွေ့ကြရပါတယ်။ တောကောင်များရှားပါးလာမှုကြောင့်လိုဆိုပါတယ်။ ဒီလိုဂေဟာစနစ်တစ်ခုမှာ လူသားအပါအဝင် အားလုံးအတွက် မျှမျှတတရှိရမှာဖြစ်လို့ အခြားသော သတ္တဝါများကိုလဲ အလွန်အကျွံဖမ်းယူခြင်းမှ ရှောင်ရှားကြပါဆို့လို့ တိုက်တွန်းလိုက်ရပါတယ်။

        ချစ်သောမိတ်ဆွေ အပေါင်း သဘာဝတရားကို မြတ်နိုးပြီး တောပျော်သတ္တဝါလေးများကို ထိန်းသိမ်း နိုင်ကြပါစေဗျာ။

ကျွန်တော်ဇော်နိုင်ဦးပါ။

Add new comment

1 + 2 =