ဆွဲဆောင်မှုရှိခြင်း နှင့် အောင်မြင်ခြင်း

ဆွဲဆောင်မှုရှိခြင်း နှင့် အောင်မြင်ခြင်း

ထိန်းသိမ်းကြစေ သဘာဝအမွေ

ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်လေးမှာတော့ "ဆွဲဆောင်မှုရှိခြင်းနှင့်အောင်မြင်ခြင်း" ဆိုတဲ့ ခေါင်းစဉ် လေးနဲ့ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

လူမှုဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်တဲ့သူဖြစ်ချင်ရင် တခြားသူတွေကို ဆွဲဆောင်နိုင်မှုရှိစေဖို့၊ တစ်ဦးနဲ့တစ်ဦး ဆွဲဆောင်မှုရှိခြင်း (Interpersonal Attraction) ဆိုတဲ့အချက်က အရေးပါလှပါတယ်။ “ဆွဲဆောင်မှုရှိခြင်း ဆိုတာ ကတော့ တခြားသူတွေက လူတစ်ဦးအပေါ်မှာ ဘာကြောင့် နှစ်သက်ရတာ ဒါမှမဟုတ် မနှစ်သက်ရတာ ဖြစ်ရသလဲဆိုတာကို လေ့လာတာပဲဖြစ်ပါတယ်”။ တခြားသူတွေအပေါ်မှာ ဆွဲဆောင်မှုရှိစေတဲ့အချက်တွေကို စိတ်ပညာရှင်တွေက လေ့လာကြတဲ့အခါ အချက်လေးချက်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီအချက် လေးချက်ကို အောက်မှာဖော်ပြ ဆွေးနွေးသွားမှာ ဖြစ်တာကြောင့် လက်တွေ့ ဘဝနယ်ပယ်မှာ လိုအပ်သလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၁ ရုပ်ရည်ချောမောခြင်း (Physical Appearance)

ရုပ်ရည်ချောမောသန့်ပြန့်တဲ့သူတွေက ရုပ်ရည်မလှပတဲ့သူတွေထက် ဆွဲဆောင်မှု ပိုရှိပါတယ်။ စိတ်ပညာရှင်တွေရဲ့ လေ့လာမှုတစ်ခုမှာ ကပွဲတစ်ခုဖန်တီးပြီး တွဲဖက်ကမယ့်သူတွေကိုလည်း ရုပ်ရည်ချော မော သန့်ပြန့်သူတွေ ပါဝင်အောင် ရွေးချယ်ထားပါတယ်။ ပြီးတော့မှ စမ်းသပ်ခံတွေကို ကျပန်းတွဲ ပေးပါတယ်။ ကပွဲပြီး တဲ့အခါ စမ်းသပ်ခံတွေကို ကိုယ့်ရဲ့အတွဲဖော်ကို ဘယ်လောက်နှစ်သက် သလဲဆို တာနဲ့ နောင်အနာဂတ်မှာ ထပ်ပြီး တွဲကဖို့ ချိန်းဆိုလိုခြင်း ရှိ၊ မရှိ မေးမြန်း၊ ခဲ့ပါတယ်။ အဲဒီအခါမှာ ရုပ်ရည် ချောမောသန့်ပြန့်သူနဲ့ တွဲကရတဲ့ စမ်းသပ်ခံတွေက သူတို့အတွဲဖော်ကို နှစ်သက်ကြတာနဲ့ အနာ ဂတ်မှာလည်း ထပ်ပြီးကချင်လို့ ချိန်းဆို လိုပါကြောင်း ဖြေဆိုကြတာကို တွေ့ခဲ့ရပါတယ်။ ရုပ်ရည် ချောမောသန့်ပြန့်တာက တခြားအရာတွေကိုလည်း လွှမ်းမိုးနေတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ စိတ် ပညာရှင် Dion နဲ့ အပေါင်းအပါတွေရဲ့ လေ့လာမှုအရ ရုပ်ရည်ချောမော သန့်ပြန့်သူတွေက ပိုပြီး ပျော်စရာကောင်းတဲ့ဘဝတွေ၊ ပိုပြီးအောင်မြင်တဲ့ဘဝတွေကို ရကြလို့ တခြားသူတွေက အားကျစိတ် ဖြစ်ရ ကြောင်းကို လူအများစုရဲ့ ဖြေဆိုမှု စစ်တမ်းတွေအရ သိရှိခဲ့ရပါတယ်။ ဒါကြောင့် တခြားသူတွေကို ဆွဲဆောင်နိုင်သူ ဖြစ်ချင်ရင် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့အတူ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင်ကာ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြုပြင်နေထိုင်တတ်ဖို့ အလွန်အရေးကြီးလှပါတယ်။

၂။ အစွမ်းအစရှိခြင်း၊ ကျွမ်းကျင်ခြင်း (Competence)

လူမှုဆက်ဆံရေးနယ်ပယ်မှာ အတတ်ပညာတစ်ခုအပေါ် စွမ်းရည်ရှိသူတွေ၊ ကျွမ်းကျင်သူတွေက အစွမ်းအစမရှိသူ၊ ကျွမ်းကျင်မှုမရှိသူတွေထက် ပိုပြီး ဆွဲဆောင်နိုင်စွမ်း ရှိကြပါတယ်။ စာသင်ခန်းထဲမှာ စာသင်ပေးကြတဲ့ ဆရာ၊ ဆရာမချင်း အတူတူပေမယ့် သင်ကြားရတဲ့ဘာသာရပ်ပေါ်မှာ နှံ့စပ်ကျွမ်းကျင်ပြီး ကျောင်းသားတွေနားလည်အောင် သင်ပြနိုင်တဲ့စွမ်းရည်ရှိတဲ့သူ ဆရာ၊ ဆရာမက ပိုပြီးဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ အဲဒီလို ဆွဲဆောင်နိုင်ရင် ကလေးတွေရဲ့ ချစ်ခင် လေးစားမှုကို ရစေပါတယ်။ သူတို့ ချစ်ခင်လေးစားတဲ့ ဆရာ၊ ဆရာမရဲ့ ပြောဆို ဆုံးမစကားကိုလည်း လေးစားလိုက်နာလာကာ လူတော်လူကောင်းတွေ ဖြစ်စေ ပါတယ်။ လုပ်ငန်းခွင်မှာလည်း လုပ်ငန်းကိုကျွမ်းကျင်ပိုင်နိုင်သူက တခြားသူ တွေထက် ဆွဲဆောင်မှု ပိုကောင်းပါတယ်။ ဒါကြောင့် လူမှုဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်ချင်ရင် မိမိရဲ့အစွမ်းအစကို ကြိုးစားဖော်ထုတ်ဖို့ လိုသလို ဘယ်ပညာ ရပ်ကိုမဆို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင်သင်ကြားဖို့ လိုပါတယ်။

२ (Proximity)

လူမှုဆက်ဆံရေးနယ်ပယ်မှာ လူတွေအနေနဲ့ မိမိနေထိုင်ရာနေရာနဲ့ အနေ နီးမှုကလည်း ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ အဆောင်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အများစုဖြေဆိုမှုအရ မိမိနဲ့ အဆောင်နေသူတွေက ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ဖြေကြပါတယ်။ တိုက်ခန်း တွေမှာနေသူတွေကို လေ့လာတဲ့အခါမှာလည်း မိမိရဲ့တိုက်ခန်းအနီးမှာနေတဲ့ အိမ်နီးချင်းတွေက တိုက်ခန်းရဲ့ အဝေးမှာ နေတဲ့သူတွေထက် ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ဖြေဆိုကြတာကို တွေ့ရပါတယ်။ ဒါကြောင့် လူမှုဆက်ဆံရေးမှာ အနေနီးသူတွေက ပိုပြီးဆွဲဆောင်မှုရှိတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ရပါတယ်။

၄ တူညီမှု (Similarity)

များပြားလှတဲ့ သုတေသနပြုမှုရဲ့ အထောက်အထားတွေအရ လူမှုဆက်ဆံ ရေးနယ်ပယ်မှာ လူတွေအနေနဲ့ မိမိရဲ့ယုံကြည်မှု၊ သဘောထားနဲ့ တန်ဖိုးထားမှု တွေနဲ့ တူညီနေတဲ့ တခြားသူတွေကို ပိုပြီးနှစ်သက်ကြတာကို တွေ့ရပါတယ်။ ဥပမာ-မိမိနဲ့ အသက်အရွယ်တူ၊ အတန်းတူသူတွေကို ပိုပြီးနှစ်သက်ခင်မင်ကြသလို ကိုးကွယ်တဲ့ဘာသာတရား တူညီသူတွေကိုလည်း ပိုပြီးနှစ်သက်ခင်မင်ကြပါတယ်။ ပြီးတော့ မိမိနဲ့ပညာအရည်အချင်းတူသူတွေကို ပိုပြီးသဘောကျသလို စီးပွားရေး အဆင့်အတန်းတူတွေကိုလည်း ပိုပြီးနှစ်သက်ကြပါတယ်။ ဒါကြောင့် လူမှုဆက်ဆံ ရေးနယ်ပယ်မှာ လူတွေတစ်ဦးနဲ့တစ်ဦး တူညီမှုဆိုတဲ့အချက်ကပဲ ဆွဲဆောင်မှုကို ပိုအားကောင်းစေပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေကတော့ စိတ်ပညာရှင်တွေ လေ့လာ ခဲ့တဲ့ ဆွဲဆောင်မှုဆိုင်ရာ အချက်တွေဖြစ်ပါတယ်။ လူအများကို ဆွဲဆောင်နိုင်ရင် အဲဒီလူက အောင်မြင်မှုကိုရယူနိုင်ပါတယ်။ မြန်မာ့လူမှုပတ်ဝန်းကျင်မှာ ဆွဲဆောင်မှု ရချင်ရင်တော့ တရားမျှတမှုရှိတာ၊ စာနာစိတ်ရှိတာနဲ့ ကိုယ်ကျင့်တရား ကောင်း မွန်တာ စတဲ့အချက်တွေကလည်း ဖြည့်စွက်ပါမှ ပိုမိုပြည့်စုံလိမ့်မယ်လို့ စာရေးသူ အနေနဲ့ ယူဆမိပါတယ်။ မြန်မာ့လူမှုပတ်ဝန်းကျင်ကို ဖွံ့ဖြိုးသာယာစေချင်ရင်တော့ အများပြည်သူကြားမှာ ကောင်းတဲ့သဘောထားတွေ ပိုမိုခိုင်မြဲအောင် ဆောင်ရွက် ဖို့နဲ့ မကောင်းတဲ့သဘောထားတွေကို ဖယ်ရှားပြုပြင်ပြောင်းလဲအောင် ဆောင်ရွက် နိုင်ဖို့လိုပါတယ်။ ဒါကြောင့် သဘောထားတွေပြောင်းလဲစေဖို့၊ အရည်အချင်းရှိရှိ ဆွဲဆောင်နိုင်သူတွေ များများပေါ်ထွက်လာပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။

Present & Edit : Pinky Thiri Kyaw

Credit : စိတ်အတောင်ပံဖွင့်မြင့်မြင့်ပျံမယ်

Add new comment

1 + 6 =