စိတ်ကျန်းမာရေး ကြိုတင်ကာကွယ်ပေးရအောင်

စိတ်ကျန်းမာရေး ကြိုတင်ကာကွယ်ပေးရအောင်

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာတော့ "စိတ်ကျန်းမာရေး ကြိုတင်ကာကွယ်ပေးရအောင်" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

ဒီနေ့ခေတ် ကမ္ဘာ့နိုင်ငံအသီးသီးမှာရော မြန်မာလူမှုပတ်ဝန်းကျင်မှာပါ လေ့လာကြည့်ရင် ထူးထွေဆန်းပြားတဲ့ မှုခင်းစုံလင်တွေကို ကျူးလွန်ဖြစ်ပွားနေ ကြတာကို တွေ့မြင်ရပါတယ်။ အဲဒီမှုခင်းတွေဖြစ်ရတဲ့ အကြောင်းရင်းကို စိတ်ပညာ ရှင်တွေ လေ့လာကြတဲ့အခါ စိတ်ကျန်းမာရေးချို့တဲ့မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပုံမှန် ဖွံ့ဖြိုးတိုးတက်မှု မရှိခြင်း စတဲ့ အချက်တွေကို တွေ့ရှိကြပါတယ်။

ဒါကြောင့် လူမှုအဖွဲ့အစည်းမှာ စိတ်ကျန်းမာရေး ချို့တဲ့မှုတွေကို ကြိုတင် ကာကွယ်ပေးဖို့နဲ့ စိတ်ကျန်းမာရေး ကောင်းအောင် မြှင့်တင်ပေးဖို့အချက်တွေကို လေ့လာကြရင်းနဲ့ လူထုအဖွဲ့အစည်းဆိုင်ရာ စိတ်ပညာ (Community Psychology) ဆိုတဲ့ လေ့လာစရာနယ်ပယ်သစ်လေးကို မွေးဖွားပေးခဲ့ကြပါတယ်။ အဲဒီပညာရပ်ကတော့ လူမှုဝန်း ကျင်ကို အကောင်းဘက်ကို ဆောင်တဲ့ ပြောင်းလဲ မှုတွေ ပြုလုပ်ပေးပြီး စိတ်ကျန်းမာရေးကို မြှင့်တင်ပေးဖို့ အဓိထားလေ့လာကြ ပါတယ်။ စိတ်ပညာရှင်တွေရဲ့ လေ့လာတဲ့နယ်ပယ်တွေ အများအပြားရှိတဲ့အထဲ ကမှ အရေး အပါဆုံးအမြင်ကတော့ ဂေဟဗေဒဆိုင်ရာအမြင် (Ecological Perspective) ဖြစ်ပါတယ်။ အဲဒီအမြင်ကတော့ “စိတ်ကျန်းမာရေးဆိုတာ လူအချင်းချင်းဆက်ဆံတဲ့ ပတ်ဝန်းကျင်နဲ့ လူနဲ့ ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်တို့ရဲ့ တုံ့လှယ်ဆက်နွှယ်မှုရဲ့ အကျိုးသက်ရောက်မှုပေါ်မှာ မူတည်နေတယ်” ဆိုတဲ့ အမြင်ကို အဓိကထား လေ့လာပါတယ်။ နောက်ထပ်လေ့လာမှုနယ်ပယ်ကတော့ စိတ်ကျန်းမာရေးကို ချို့တဲ့မှုမရှိအောင် ကြိုတင် ကာကွယ်ပေးနိုင်တဲ့ အချက်တွေကို လေ့လာကြပါတယ်။ မြန်မာ့လူမှုပတ်ဝန်းကျင်မှာလည်း မှုခင်းနည်းပါးကာ စိတ် ကျန်းမာတဲ့ လူမှုပတ်ဝန်းကျင် ဖန်တီးနိုင်ဖို့ ဒီနေရာမှာ ဆွေးနွေးချင်ပါတယ်။

စိတ်ကျန်းမာရေးကို မြှင့်တင်ပေးဖို့ ကြိုတင်ကာကွယ်မှု (၃) မျိုး ရှိတယ်လို့ စိတ်ပညာရှင်တွေဆိုပါတယ်။ အခြေခံ အဆင့်ကာကွယ်မှု၊ ဒုတိယအဆင့် ကာကွယ် မှုနဲ့ တတိယအဆင့်ကာကွယ်မှုတို့ ဖြစ်ပါတယ်။ အခြေခံအဆင့် ကာကွယ်မှု မှာတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ စိတ်ဖိစီးမှုတွေမဖြစ်အောင် ကြိုတင် ကာကွယ်ဖို့ ကြိုးပမ်း တဲ့အချက်တွေဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ စိတ်ရောဂါ ဖြစ်ဖို့ အလားအလာရှိနေတဲ့သူတွေကို အရှိန်မမြှင့်မီ ကြိုတင်စစ်ဆေးဆွေးနွေးကာ ကာကွယ်ပေးဖို့ ကြိုးပမ်းတဲ့အချက်တွေ ဖြစ်ပါတယ်။ ဥပမာ-လူမှု ပြဿနာတွေနဲ့ စိတ်ဖိစီးမှုများနေတဲ့သူကို အဲဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် စိတ်ဓာတ် ခွန်အားရှိအောင် ဆွေးနွေးအကြံပေးကူညီခြင်း (Counselling) လုပ်ပေးခြင်း မျိုးကို ဆိုလိုပါတယ်။ တတိယအဆင့်ကတော့ စိတ်ရောဂါ ဖြစ်သွားတဲ့သူတွေရဲ့ ဘဝကို ရေရှည်ခံစားရမယ့် ဒုက္ခတွေက လျော့နည်း ကင်းဝေးအောင် ကူညီ စောင့်ရှောက်ပေးဖို့ ကြိုးပမ်းတဲ့အချက်တွေ ဖြစ်ပါတယ်။ ဥပမာ−အကျဉ်းထောင် တွေနဲ့ ဆေးရုံတွေမှာ နှစ်ရှည်ပြစ်ဒဏ်ခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့သူ တွေကို စိတ်ကျန်းမာရေး ပြန်လည်မြှင့်တင်ပေးတဲ့ အစီအစဉ်တွေ ဖြစ်ပါတယ်။ အဆင့် (၃) ဆင့်ထဲမှာ အမှန်တကယ် ကြိုတင် ကာကွယ် တဲ့အဆင့်ကတော့ အခြေခံအဆင့်ဖြစ်တာကြောင့် အခြေခံအဆင့်ကို လူမှုဝန်းကျင်မှာ အမှန်တကယ် လုပ်ဆောင် နိုင်ရင် စိတ်ကျန်းမာရေးကောင်းမွန်လာနိုင်ပြီး စိတ်ကျန်းမာရေး ချို့တဲ့ မှုကြောင့် ဖြစ်ပေါ်လာတဲ့မှုခင်းတွေလည်း လျော့ပါးလာနိုင်ပါတယ်။

အခြေခံအဆင့်ကာကွယ်မှုမှာ စိတ်ပညာရှင်တွေရဲ့ လေ့လာမှုအရ စိတ် ကျန်းမာရေးကို ကာကွယ်နိုင်ဖို့ အချက် (၅) ချက်ရှိတယ်လို့ ဆိုပါတယ်။ အခြေခံ အဆင့်ကာကွယ်မှု အစီအစဉ်ရဲ့ ရည်မှန်းချက်ကတော့ လူတွေအတွက် အန္တရာယ် ဖြစ်စေတဲ့အချက်တွေကို လျော့ပါးအောင် တိုက်ဖျက်ခြေမှုန်းခြင်းနဲ့ စိတ်ကျန်းမာ ရေးကို ကာကွယ် ပေးတဲ့အချက်တွေကို အားကောင်းလာအောင် ကြိုးပမ်းခြင်းတို့ ဖြစ်ပါတယ်။

အခြေခံအဆင့်ရဲ့ ပထမဆုံးအချက်ကတော့ လူမှုပတ်ဝန်းကျင်မှာ မိသားစုဝင်အချင်းချင်း ချစ်ခင် တွယ်တာ မှုတွေကြောင့် စိတ်လုံခြုံမှုရှိစေတဲ့အချက်ကို သိမြင်လာအောင် တိုက်တွန်းအားပေးဖို့နဲ့ မိသားစုဝင်အချင်းချင်း ရန်လိုအကြမ်း ဖက်မှုတွေ လျော့နည်းလာအောင် ပညာပေးဖို့ ဖြစ်ပါတယ်။ မိမိရဲ့ လူမှုပတ်ဝန်း ကျင်ကို လေ့လာကြည့်ရင် သိမြင်နိုင်ပါတယ်။ မိဘဘိုးဘွားတွေရဲ့ ချစ်ခင်မှု သံယောဇဉ်တွေကြောင့် မျိုးဆက် သစ် ကလေးတွေမှာ စိတ်လုံခြုံမှု ရရှိကာ စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှုကလည်း ပုံမှန်ဖြစ်စေပါတယ်။ ဒါကြောင့် ကလေး တွေအတွက်ရော လူကြီးတွေအတွက်ပါ မိဘ (သို့မဟုတ်) အုပ်ထိန်းသူတွေရဲ့ ထိတွေ့မှုသံယောဇဉ် ချစ်ခြင်း မေတ္တာမရတဲ့ ကလေးတွေကတော့ စိတ်လုံခြုံမှုမရကြဘဲ စိတ်အလိုမကျ ဖြစ်ကာ ဒေါသကြီးခြင်း၊ ရန်လို အကြမ်း ဖက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီလို ကလေးတွေ၊ လူငယ်တွေနဲ့ အဲဒီလိုဘဝနဲ့ ကြီးပြင်းလာတဲ့ လူကြီးတွေက စိတ် ကျန်းမာရေးချို့တဲ့လာကြကာ လူမှုပတ်ဝန်းကျင်မှာ မှုခင်းအမျိုးမျိုး ဖြစ်ပေါ်အောင် ပြုလုပ် တတ်ကြပါတယ်။ အရေးအကြီးဆုံးကတော့ မိသားစုဝင်အချင်းချင်း ချစ်ခင် လေးစားကြကာ ပျော်ရွှင်စွာ နေထိုင် ကြရင် စိတ်ကျန်းမာရေးကို မြှင့်တင်ပေးရာ ရောက်တယ်လို့ ဆိုချင်ပါတယ်။

အခြေခံအဆင့်ရဲ့ ဒုတိယအချက်အနေနဲ့ကတော့ လူကြီးမိဘ၊ ဆရာသမား တွေအနေနဲ့ ဘဝမှာ ပြဿနာ တွေနဲ့ ကြုံ တွေ့လာရင်အဲဒီပြဿနာတွေကို ကလေး ကိုယ်တိုင် ဖြေရှင်းတတ်အောင် ကျွမ်းကျင်မှုရှိအောင် သင်ကြား ဆုံးမ ပေးကြဖို့ လိုပါတယ်။ လူတိုင်းကိုယ်စီ ကိုယ့်တာဝန်ကျေဖို့ ကိုယ်တာဝန်ယူထားတဲ့ အရာက ပြဿနာဖြစ်လာရင် ကိုယ်တိုင်ဖြေရှင်းတတ်စေဖို့ ကလေးဘဝတည်းက အသေး အဖွဲ ပြဿနာလေးကစတင်ကာ သွန်သင်ပြသ လမ်းညွှန်ကြဖို့ လိုပါတယ်။ ငယ်ရွယ်စဉ်ကတည်းက ကိုယ့်တာဝန်ကိုယ်သိ ကိုယ့်ပြဿနာကိုယ်ရှင်းတတ်လာ ပါတယ်။ တခြားသူတွေနဲ့ အတူတကွ နေထိုင်ရင်း တခြားသူတွေရဲ့ အကူအညီကို ယူခြင်းနဲ့ တခြားသူတွေကိုလည်း ပြန်ကူညီကာ ကိုယ့်ရဲ့အပြုအမူ အနေအထိုင် အပြောအဆိုကို အများနဲ့ လိုက်လျောညီထွေဖြစ်အောင် ညှိယူနိုင်မှု ကျွမ်းကျင် လာမှာဖြစ်ပြီး စိတ်ကျန်းမာရေးကိုလည်း ကာကွယ်ပေးရာ ရောက်ပါတယ်။

တတိယအချက်ကတော့ စိတ်ဖိစီးမှုနဲ့ ကြုံတွေ့လာရင် ကျွမ်းကျင်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်အောင် ကြိုးပမ်းရင်း ဘဝတွေကိုမြှင့်တင်ပေးရမှာဖြစ်ပါတယ်။စိတ်ဖိစီးမှုများနေတဲ့သူရဲ့ အဓိကစိတ်ဖိစီးမှု ဖြစ်စေတဲ့အရာက ဘာလဲဆိုတာ အရင်သိအောင် ဆွေးနွေးညှိနှိုင်းပေးဖို့ လိုအပ်ပါတယ်။ နေ့စဉ် ရင်ဆိုင်ကြုံတွေ့ နေရတဲ့ အချက်ထဲ ကမှ အရေးအကြီးဆုံးအချက်ကို ရှာဖွေပေးကာ ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ ကူညီဆွေးနွေးရင်း အကြံပေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေး မြှင့်တင်ပေးတဲ့ လူမှုပတ်ဝန်းကျင် ဖြစ်စေချင်ရင် ဆွေးနွေးပညာပေးမှု စိတ်ပညာ (Counselling Psychology) ဆိုတာ လူသိများလာပြီး ပြန့်ပွားလာဖို့ လိုအပ်လှပါတယ်။

နောက်တစ်ချက်အနေနဲ့ကတော့ ကောင်းမွန်တဲ့ပတ်ဝန်းကျင်ဖြစ်အောင် ပြောင်းလဲပေးဖို့ ဖြစ်ပါတယ်။ ခိုးဆိုး တိုက်ခိုက် လုယက်နေတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်မှာ တကယ်တော့ အပြစ်မရှိပါ။ သူ့ရဲ့ လူမှုပတ်ဝန်းကျင်ကို အတုခိုးရင်း ကြီးပြင်းရတာမို့ လူကြီးမိဘတွေက ရှေ့ကလုပ်ပြ နေကြတာကို အတုခိုးကာ သူ့အတွက် “ဒါဟာ လုပ်သင့်တဲ့ အမှန်တရား” လို့ နားလည်ထားလို့ဖြစ်ပါတယ်။ ဒါကြောင့် ဆိုးရွားတဲ့လူမှုပတ်ဝန်းကျင်တွေ မဖြစ်အောင် စာသင်ကျောင်းတွေ ထားပေးခြင်းဖြင့် ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်အဖြစ် ပြောင်းလဲပေးပြီး စိတ်ကျန်းမာရေးကို ကာကွယ်ပေးနိုင် တယ်လို့ ဆိုနိုင်ပါတယ်။ ဥပမာ-သဘာဝဘေးဒဏ်သင့်တဲ့ လူမှုပတ်ဝန်းကျင်ကိုလည်း ပြောင်းရွှေ့ပေးတာမျိုးတွေကလည်း စိုးရိမ်သောကတွေကို လျှော့ချပေးနိုင်လို့ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးရာရောက်ပါတယ်။

အခြေခံအဆင့်ရဲ့ နောက်ဆုံးအချက်ကတော့ အကူအညီလိုအပ်တဲ့သူ တွေရဲ့ ဘဝကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ ဒါကတော့ တစ်ဦးချင်း၊ မိသားစုဝင် အချင်းချင်း ဆောင်ရွက်လို့ရတဲ့ ကိစ္စမျိုးမဟုတ်တော့ဘဲ နိုင်ငံတော် အုပ်ချုပ် သူအစိုးရ လူမှုဝန်ထမ်းအဖွဲ့အစည်း၊ ပရဟိတအဖွဲ့အစည်းတွေရဲ့ စုပေါင်းအင်အားနဲ့ မြှင့်တင်ပေးမှ ရမယ့် အစီအစဉ်တွေဖြစ်ပါတယ်။

ဥပမာ-သက်ကြီးရွယ်အိုဘဝမှာ ပြုစုစောင့်ရှောက်ပေးမယ့်သူ မရှိသူတွေရဲ့ဘဝကို စိတ်ဓာတ်မကျအောင် မြှင့်တင်ပေးဖို့ လိုပါတယ်။ မြန်မာပြည်မှာ ဘိုးဘွားရိပ်သာတွေ ရှိနေတာဟာ ကောင်းမွန်တဲ့ လက္ခဏာတွေပါ။ နောက်ထပ်မြှင့်တင်ပေးရမှာက ဆင်းရဲခြင်းဒုက္ခကို ခံစားနေသူတွေရဲ့ဘဝကို မြှင့်တင်ပေးဖို့ပါ။ ဆင်းရဲခြင်းရဲ့ အကြောင်းရင်းကို ရှာကြည့်တော့လည်း ပညာမတတ်ခြင်းဆိုတဲ့ အဖြေကို တွေ့ရပါတယ်။ ဒါကြောင့် ဝေးလံ ခေါင်ဖျားတဲ့ဒေသမှာလည်း အခြေခံစာသင်ကျောင်းတွေ ရှိနေဖို့ လိုအပ်လှပါတယ်။ ပြီးတော့ အိုးမဲ့အိမ်မဲ့တွေရဲ့ ဘဝကိုလည်း မြှင့်တင်ပေးကြမှ မှုခင်းကင်းစင်ပြီး စိတ်ကျန်းမာတဲ့ လူမှုဝန်းကျင်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး တိုင်းရင်းသားမျိုးနွယ်စုတွေမှာ လူဦးရေနည်းပါးတဲ့ လူမျိုးစုတွေရဲ့ ဘဝကိုလည်း မေ့မထားဘဲ မြှင့်တင်ပေးဖို့ လိုပါတယ်။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းတဲ့ သူတွေရဲ့ဘဝကိုလည်း မြှင့်တင်ပေးကြဖို့ လိုပါတယ်။ အဲဒီလိုမျိုးတွေမှာ စိတ်အား ငယ်တတ်တဲ့ သဘောထားမျိုး ရှိတတ်ပြီး သူတို့ရဲ့ဘဝပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည်လည်း မရှိတတ်လို့ သူတို့ဘဝတွေကို မြှင့်တင်ပေးဖို့လည်း လိုအပ်ပါတယ်။

စိတ်ကျန်းမာရေးကို ကြိုတင်ကာကွယ်ပေးမယ့် အစီအစဉ်တွေမှာ နောက်ထပ်ရည်မှန်းချက်တွေကတော့ လူမှုပြဿနာတွေကို လျော့နည်းအောင် ဆွေးနွေး အကြံပေးဖို့၊ ပညာပေးဖို့ အစီအစဉ်တွေ ဖြစ်ပါတယ်။ ဥပမာ-ကလေးသူငယ်တွေကို အလွဲသုံးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှု (Child abuse and harmful effects) စတဲ့ အချက်တွေလျော့နည်း နည်းပါးအောင်လုပ်တဲ့ အစီအစဉ်တွေ ဖြစ်ပါတယ်။ ဂေဟဗေဒဆိုင်ရာ အမြင်အရ စိတ်ပညာရှင်တွေနဲ့ အခြားပညာရှင် တွေအနေနဲ့ မိဘအုပ်ထိန်းသူတွေကို ခေါ်ယူကာ ဆွေးနွေးအကြံပေးခြင်း (Counselling) လုပ်ပေးဖို့က အရေးပါလှပါတယ်။ ပြီးတော့ ဆင်းရဲခြင်းရဲ့ နောက် ဆက်တွဲ ဆိုးကျိုးတွေကို ခံစားနေရတဲ့ ဘဝတွေကို မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ ဆွေးနွေးအကြံပေးခြင်းအားဖြင့် အုပ်ထိန်းသူ မိဘတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ မှားယွင်းနေတဲ့အချက်တွေ၊ အတွေးအခေါ်တွေကို ပြုပြင်ပြောင်းလဲ ပေးနိုင်ပါတယ်။

လူကြီးမိဘတွေအနေနဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ကလေးတွေကို ပေးခြင်းဖြင့် မိသားစု သံယောဇဉ် နှောင်ကြိုးတွေကြောင့် စိတ်လုံခြုံမှုရကာ စိတ် မာမှုကို အထောက်အကူပြုရာရောက်စေပါတယ်။ နွေးထွေးတဲ့ မိသားစု အတွင်းမှာ ကြီးပြင်းရတဲ့ကလေးတွေမှာ စိုးရိမ်သောက၊ စိတ်ဖိစီးမှုတွေ လျော့နည်း စေတာကြောင့် မိသားစုကိုချစ်တဲ့စိတ်ကပဲ လူမှုပတ်ဝန်းကျင်ကို ဒုက္ခပေးမယ့် ပြစ်မှုတွေ၊ မှုခင်းတွေမဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါကြောင့် ဆွေးနွေးခဲ့တဲ့အချက်တွေကို လိုက်နာဆောင်ရွက်ကြရင်း မိသားစုဝင်တိုင်း ကိုယ်စီကိုယ်စီ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေ ပေးဝေကြကာ စိတ်ကျန်းမာရေးကို ကာကွယ် ရှောက်နိုင်ကြရင်ဖြင့် မှုခင်းကင်းစင်ပြီး ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ မြန်မာ့လူမှုပတ်ဝန်းကျင်ကို တွေ့မြင်ရမှာ ဧကန်မလွဲပါလို့ ဆိုချင်ပါတယ်။

Present & Edit : Pinky Thiri Kyaw

Credit : စိတ်အတောင်ပံဖွင့်မြင့်မြင့်ပျံမယ်

Add new comment

2 + 17 =