ကိုယ့်အမှိုက်ကိုယ်သယ် ချစ်စဖွယ်ဓလေ့

ကိုယ့်အမှိုက်ကိုယ်သယ် ချစ်စဖွယ်ဓလေ့

ထိန်းသိမ်းကြစေ သဘာဝအမွေ

ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ "ကိုယ့်အမှိုက်ကိုယ်သယ် ချစ်စဖွယ်ဓလေ့" ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့စိတ်နေသဘောထားကို လေ့လာအကဲခတ်ချင်ရင် သူ့ရဲ့ပြုအမူ၊ အနေအထိုင် စတဲ့ အမူအကျင့် တွေကို စောင့်ကြည့်တာနဲ့ ခန့်မှန်းသိရှိ နိုင်ပါတယ်။

လူတစ်ယောက်ရဲ့ အတွေးအခေါ်၊ အမြော်အမြင်ရှိမှု မရှိမှု၊ စာပေ ဗဟုသုတရှိမှု မရှိမှုနဲ့ အတ္တကြီးမှု၊ ပရဟိတစိတ်ရှိမှု စတာတွေကို သိချင်ရင် အဲဒီလူရဲ့ အမှိုက်သိမ်းဆည်းမှု၊ အမှိုက်စွန့်ပစ်မှုကို လေ့လာတာနဲ့ သိနိုင်တယ် ဆိုရင် ယုံနိုင်ပါ့မလား။ “အမှိုက်ဆိုတာ အသေးအဖွဲပြဿနာပါ” လို့တော့ မထင်လိုက်စေချင်ပါ။ အမှိုက်ကစလိုက်တာနဲ့ အဖိုးတန် ရှေးဟောင်းအမွေအနှစ် နန်းပြာသာဒ်တွေတောင် ပြာကျသွားနိုင်ပါတယ်။ အမှိုက်စွန့်ပစ်မှုက လူတစ်ယောက်ရဲ့ စိတ်မနောကို ဖော်ပြသလို ခရီးသွားတွေများတဲ့ဒေသတွေမှာတော့ နိုင်ငံခြားသားတွေနဲ့ အများပြည်သူတွေ သွားလာတာများလို့ လူတစ်ယောက်ရဲ့ စည်းကမ်းရှိမှု၊ အမှိုက်ပစ်မှုက နိုင်ငံနဲ့လူမျိုးကိုပါ ကိုယ်စားပြုသွားတယ်ဆိုတာလေးကိုသတိထားမိစေဖို့ဒီအကြောင်းအရာလေးကို တင်ဆက် ပေးလိုက်ရခြင်းဖြစ်ပါတယ်။

 အမှိုက်ပုံးတွေရှိလျက်နဲ့ ကိုယ်လက်ကလွတ်ရင် ပြီးရော ဆိုပြီး အတ္တကြီး၊ အပျင်းကြီးပြီး တွေ့ကရာနေရာမှာအမှိုက်တွေချထားတဲ့ အကျင့်တွေက စိတ်ဓာတ်အောက်တန်း ကျကြောင်း ပြသနေတာဖြစ်ပါတယ်။

မျိုးဆက်သစ်ကလေးတွေကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာပေးမှုတွေကြောင့် တချို့ကလေးတွေက အသိအမြင်တွေ ဖွံ့ဖြိုးတိုးတက်နေပါတယ်။

ကလေးဘဝက မိဘတွေ ရှေ့ဆောင်လမ်းပြ လုပ်ဆောင်ပြတာလေး နမူနာပြချင်ပါတယ်။မိသားစုတစ်စု ဘုရားဖူးအဖြစ် ဘယ်ကိုခရီးထွက်ထွက် လမ်းမှာ၊ ဘုရားမှာသောက်ပြီးတဲ့ အမှိုက်တွေကို ပြန်စုပြီး ကိုယ့်ရဲ့ ဆွဲခြင်းတွေ၊ အိတ်တွေထဲကို ပြန်ထည့်ရပါတယ်။ ဘယ်နေရာကိုမှ အမှိုက်မချခဲ့ပါ။ ခရီးကနေ အိမ်ကိုပြန်ရောက်ပြီဆိုမှ အမှိုက်တွေကိုစုပြီး စနစ်တကျ ပစ်စေခဲ့ပါတယ်။  မိဘတွေ ကရှေ့ကလုပ်ပြပါတယ်။ ပြီးတော့ အစ်ကို၊ အစ်မတွေက လမ်းပြလုပ်ပြပါတယ်။ဒါလေးတွေကိုမြင်ပြီး ဘယ်ကို ခရီးထွက်ထွက် အမှိုက်တွေကို ဘယ်မှ  မပစ်ဘဲ ကိုယ့်အမှိုက်ကိုယ်သယ်တဲ့ ချစ်စဖွယ်ဓလေ့လေးကို မမွေးဖွားပေးခဲ့ပါတယ်။ အခုချက်ချင်းပစ်မှရမယ့် အမှိုက်စိုတွေကိုတော့ နေရာဒေသကို သေချာလေ့လာပြီး အမှိုက်ပုံးရှိရာနေရာ ဒါမှမဟုတ် ဒေသခံတွေကိုမေးကြည့်ပြီး စနစ်တကျ ပစ်လေ့ရှိပါတယ်။

မိသားစုတိုင်းအနေနဲ့ အဲဒီလိုလေးတွေးပြီး စနစ်တကျ အမှိုက်ပစ်ကြရင် သဘာဝပတ်ဝန်းကျင်ကြီးက သာယာလှပနေမှာပါလို့ ဆိုချင်ပါတယ်။နိုင်ငံကြီးသားမပီသတဲ့စိတ်ဓာတ်ကို ဖော်ပြတဲ့ အမူအကျင့် တွေထဲမှာ စွန့်ပစ်မှုကလည်း ပါဝင်နေတာမို့ လူတိုင်းသတိထားသင့်တဲ့အချက်ဖြစ်ပါတယ်။ နိုင်ငံတကာ လှည့်လည်နေတဲ့ နိုင်ငံခြားခရီးသွား တွေအနေနဲ့ သူတို့ကိုယ်တိုင်ကလည်း အမှိုက်ကို စနစ်တကျ ပစ်တတ်ကြသလို အမှိုက်ကို စနစ်တကျ မပစ်တတ် တဲ့သူတွေကိုလည်း အထင်သေးတတ်ကြပါတယ်။

ဥပမာ-ချောင်းသာ ကမ်းခြေဆိုရင် သင်္ကြန်ကာလတွေမှာ အမှိုက်တွေ ပိုရှုပ်လာတတ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ချောင်းသာကမ်းခြေကိုရောက်တုန်းက အရင်တစ်ခေါက်ကလောက်အမှိုက်မများလို့ တော်သေးရဲ့လို့ ဆိုချင်ပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို လိုချင်ကြတယ်ဆိုရင်တော့ မိသားစုတိုင်းအနေနဲ့ ကိုယ့်အမှိုက်ကိုယ်သယ် ချစ်စဖွယ်ဓလေ့လေးတွေကို မွေးဖွားပြုပြင်လုပ်ဆောင်ကြရအောင်လို့ တိုက်တွန်းလိုက်ပါရစေ။

Present & Edit - Pinky Thiri Kyaw

Add new comment

7 + 13 =