ကလေးသူငယ်များအခွ့င်အရေး

ကလေးသူငယ်များအခွ့င်အရေး

ကလေးငယ်များရဲ့အခွင့်အရေးဆိုတာ ဘယ်နေရာမဆို ရှိပါတယ်။ တကယ်တော့ ကလေးငယ်လေး တွေအတွက်တင်မကဘဲနဲ့ လူကြီးတွေအတွက်ပါ ပါဝင်ပါတယ်။ ကလေးပေါက်စလေးတွေတင်မကဘဲနဲ့ အရွယ်မရောက်သေးတဲ့ လူအားလုံးကို ကာကွယ်ပေးပါတယ်။ ကာကွယ်ခြင်း၊ ပြုစုပျိုးထောင်ခြင်းတွေလဲ ပါဝင်ပါတယ်။ ကလေးငယ်လေးများအတွက် အခွင့်အရေးဆိုတဲ့အထဲမှာ အခြေခံအစားအစာလိုအပ်ချက်၊ နိုင်ငံအလိုက် ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ နောက်တစ်ခုကတော့ ကလေးသူငယ်များ မှုခင်းကိစ္စကြုံတွေ့ရသောအခါ ရရှိနိုင်သော အခွင့်အရေးများ အကာအကွယ်ပေးမှု၊ ဒါ့အပြင် ကလေးငယ်များကို ကျား၊မ ခွဲခြားမှု၊ လူမျိုး၊ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်စတဲ့ အချက်တွေကို လိုက်နာစောင့်ထိန်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မသန်စွမ်းတဲ့ ကလေးငယ်လေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ လူမျိုးစုမျိုးနွယ်ဝင်တွေကို ခွဲခြားမှုမရှိအောင် တနူ်းတူညီတူထားရှိဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ကလေးသူငယ်များအခွင့်အရေးချိုးဖောက်မှုများမှာ ပုံစံအမျိုးမျိုးရှိပါတယ်။ အချို့ကလေးစစ်သားများအဖြစ် အသုံးချခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ ရောင်းစားခံရခြင်း၊ အချို့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရခြင်း၊ တစ်ချို့ ရွှေ့ပြောင်းသွားလာနေရတဲ့ကလေးငယ်များကို အလွဲသုံးစားပြုလုပ်ခြင်း၊ အလုပ်လုပ်ကြရတဲ့ကလေးသူငယ်များ အတွက် ကာကွယ်ပေးမှု၊ ဒီကာကွယ်ပေးမှုတွေထဲမှာ ကလေးငယ်စစ်သားများလည်း ပါဝင်ပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၇ နိုင်ငံထက်မက စစ်ပွဲများမှာ ကလေးသူငယ်များ ပါဝင် တိုက်ခိုက်နေကြပါတယ်။ တိုက်ပွဲဆိုတဲ့ နေရာမှာ တကယ့်တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ရတဲ့ကလေးစစ်သားငယ်လေးတွေရှိသလို၊ အချို့လည်း တိုက်ပွဲ အတွင်းမှာ အထောက်အပံ့ပေးရတဲ့ လုပ်ငန်းတွေဖြစ်တဲ့ သူလျိုလုပ်တဲ့လုပ်ငန်းတွေ၊ အစားအသောက် ပြင်ဆင် ချက်ပြုတ်တဲ့လုပ်ငန်းတွေ၊ အထမ်းသမားလုပ်ငန်းများ၊ စာပို့စာယူလုပ်ငန်းများ၊ စတဲ့လုပ်ငန်းတွေကို လုပ်ဆောင် ကြရတာများပါတယ်။ အချို့ဆိုရင် စစ်ပွဲများမှာ လိင်ပိုင်ဆိုင်ရာ၊ ကျေးကျွန်တွေအဖြစ် အဓမ္မ စေခိုင်းခံရတာတွေလည်း ရှိပါတယ်။

ဒီလိုအရွယ်မရောက်သေးခင် ကလေးလူမမယ်ဘဝကတည်းက စစ်တပ်ထဲရောက်ကြရသူတွေဟာ နည်းအမျိုးမျိုးနဲ့ ခေါ်ဆောင်ခြင်းခံကြရတာဖြစ်ပါတယ်။ ဖျားယောင်းသွေးဆောင်ပြီးတော့ပဲဖြစ်ဖြစ်၊ အဓမ္မလူသစ် စုဆောင်းတဲ့ နည်းတွေနဲ့ပဲဖြစ်ဖြစ်၊ အချို့လည်း ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဒီလိုအဖွဲ့အစည်းများထဲကို ဝင်ရောက်လာကြတဲ့သူတွေလည်းရှိပါတယ်၊ အချို့ကျတော့လည်း ခိုကိုးရာမဲ့ပြီး ဦးလေး၊ အဒေါ်၊ ဆွေမျိုးတွေက ထည့်ပေးလို့ ရောက်လာကြတာတွေလည်း ရှိပါတယ်။

စစ်ပွဲများဖြစ်ရာ နေရာတွေမှာဆိုရင် ကလေးသူငယ်များဟာ မိမိတို့ဘဝအသက်ရှင်ရပ်တည်ဖို့အတွက် စစ်ပွဲများအတွင်းကို ဝင်ရောက်ကြရတာလည်း ရှိပါတယ်။ မိမိတို့ကိုယ်ကို ကာကွယ်ဖို့၊ လက်စားချေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဝင်ကြတာများပါတယ်။ ဒီလိုနဲ့ပဲ ကလေးငယ်ပေါင်းများစွာဟာ လက်နက်ကိုင်အဖွဲ့အသီးသီး ကို ဝင်ရောက်လာခဲ့ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးသူငယ်များဟာ သေသေချာချာ အသိစိတ်နှင့် လွတ်လပ်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရှင်းရှင်းလင်းလင်းဝင်ရောက်တာဟာ ရှားပါတယ်။ ကလေးငယ်များကို အလွဲသုံးစားမှုပြုလုပ်တာတွေထဲမှာမှ ကလေးစစ်သားများအဖြစ် အသုံးချခြင်းဟာ အဆိုးဝါးဆုံးလို့ ဖော်ပြထားပါတယ်။ ဒါဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ခုံရုံးများကလည်း စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ကွန်ဗင်းရှင်းအမှတ်(၁၈၂)မှာ၊ တိုက်ပွဲဖြစ်ပွားရာဒေသအတွင်း ကလေးသူငယ်များကို စစ်သားအဖြစ် စုဆောင်းမှု၊ အဓမ္မလူသစ်စုဆောင်းမှုတွေဟာ ကလေးသူငယ်များကို အဆိုးဆုံး ခိုင်းစေမှုတစ်ရပ်ဖြစ်တယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခဒေသအတွင်း ကလေးငယ်များနှင့် ပတ်သက်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကတော့ အသက်(၁၈)နှစ်အောက်၊ ကလေးငယ်များကို စစ်သားအဖြစ် စုဆောင်းခြင်းကို တားမြစ်ထားပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းများကို ဝင်ရောက်ခြင်းကိုလည်း တားမြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ပြီးခဲ့တဲ့နှစ်အနည်းငယ်ကစလို့ အချို့သော နိုင်ငံများမှာ ကလေးသူငယ်များကို အခြေခံပြီးဖြစ်တဲ့ ဥပဒေချိုးဖောက်မှုများကို ဖြေရှင်းပေးခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများမှ စစ်သားကလေးငယ် စစ်မှုထမ်းသူများကို လွှတ်ပေးခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ စတဲ့အချက်တွေ ပြုလုပ်လာခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂကလည်း လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းကာ ကလေးငယ်များစုဆောင်းနေမှုကို အဆုံးသတ်ဖို့နဲ့ ရှေ့လုပ်ငန်းစဉ်အစီအမံများကို ရေးဆွဲပြီး၊ ကလေးစစ်သားစေခိုင်းမှုကို ပပျောက်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ကလေးငယ်များနှင့် မိသားစုများ ပြန်လည်ပေါင်းစည်းရေးကိုလည်း၊ ကမ္ဘာတစ်ဝှမ်းဆောင်ရွက် အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒီစစ်သားတွေအဖြစ်နေခဲ့တဲ့ ကလေးသူငယ်များကိုလည်း လူ့အဖွဲ့အစည်းမှာ ပြန်လည်ဝင်ဆံ့ဖို့ ကြိုးစားနေကြပါတယ်။ ဒါတွေကတော့ စစ်သားငယ်လေးများအဖြစ် စေခိုင်းခံရတဲ့ကလေးများနဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကလေးငယ်များ လူကုန်ကူးခံရမှုပဲဖြစ်ပါတယ်။ ကလေးငယ်များဟာ ငယ်ရွယ်တာ တစ်ကြောင်း၊ အားကိုးမဲ့တာက တစ်ကြောင်း စောင့်ရှောက်မှုအောက်မှာ မရှိတာတစ်ကြောင်းကြောင့်၊ အချို့ လောဘသားတွေရဲ အနိုင်ကျင့် အမြတ်ထုတ်မှု-ကို ခံကြရပါတယ်။ တစ်ချို့ကတော့ တမင်ကို ရည်ရွယ်ပြီး လုပ်ဆောင်ကြတာလဲ ရှိပါတယ်။ ကလေးငယ်များ ဘယ်လောက်အထိ လူကုန်ကူးခံရသလဲဆိုတာကို မသိနိုင်ပေမဲ့ စစ်တမ်းကောက်ယူတဲ့သူတွေရဲ ပြုစုထားတဲ့ စစ်တမ်းတွေ ရှိပါတယ်။ ၂ဝဝ၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ ခန့်မှန်းချက်အရ ကလေးငယ် ၉၈ဝဝဝဝ ကနေ ၁၂၂၅ဝဝဝ အကြားမှာ လူကုန်ကူးခံရပြီး၊ အဓမ္မလုပ်သားများအဖြစ် စေခိုင်းခံနေရတယ်လို့ သိရပါတယ်။ ဒီအထဲမှာ ယောကျင်္ားလေး၊ မိန်းကလေး နှစ်မျိုးစလုံး ပါဝင်နေပါတယ်။

ဒါပေမယ့် ၂၀၁၀ ပြည့် မေလအတွင်းမှာ ကျင်းပတဲ့ ကလေးလုပ်သားများနှင့် ပတ်သက်တဲ့ အစည်းအဝေး တစ်ခုမှာ ကမ္ဘာတစ်ဝှမ်းမှာ စီမံကိန်းများရေးဆွဲပြီး ချမှတ်ဖို့ ဝိုင်းဝန်းတိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမယ့် ကလေးသူငယ်များကို လူကုန်ကူးစေခိုင်းမှုတွေကတော့ ဆက်ပြီးရှိနေဆဲပဲဖြစ်ပါတယ်။

နောက်တစ်ခု ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ် ခံရခြင်းတွေပဲဖြစ်ပါတယ်။ အရွယ် မရောက်သေးတဲ့ ၁၈နှစ်အောက် ကလေးငယ်တစ်ဦးဦးကို လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်ခံရခြင်းတွေပဲဖြစ်ပါတယ်။ အရွယ်မရောက်သေးတဲ့ ၁၈ နှစ်အောက် ကလေးငယ်တစ်ဦးဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဟာ စော်ကားခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အမျိုးသမီးငယ်များသာမကပဲနဲ့ အမျိုးသားငယ်များလည်း ပါဝင်ပါတယ်။ မြီးကောင်ပေါက် လို့ခေါ်တဲ့အရွယ်တွေလည်း ပါဝင်ပါတယ်။ ကလေးငယ်များနှင့် ပျော်ပါးလို၍ ခရီးအတူထွက်ခြင်း၊ ကလေးငယ် ညစ်ညမ်းပုံများ ထုတ်ဝေခြင်း၊ အများရှေ့မှာ ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ ကပြမှုများ ပြုလုပ်စေခြင်း၊ ကလေးပြည့်တန်ဆာများအဖြစ် လမ်းများ၊ တည်းခိုခန်းများ၊ ဟိုတယ်များ၊ အရက်ယမကာဆိုင်များ စတဲ့နေရာတွေ မှာ အသုံးချခံရတာတွေပဲဖြစ်ပါတယ်။ ဒီအချက်တွေဟာ ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ကုန်ကူးခြင်းပါ။

ယခုခေတ်မှာ အကြောင်းအမျိုးမျိုးကြောင့် ခိုကိုးရာမဲ့တဲ့ ကလေးငယ်များဟာ လောဘသားကောင်တွေရဲ့ ခေါင်းပုံဖြတ်မှုကို ခံကြရတာ များပါတယ်။ မိတ်ဆွေများရဲ ဘဝတစ်လျှောက်မှာလည်း ဒီလိုကလေးငယ်တွေ တွေ့ခဲ့ရင် လျစ်လျူမရှုမိပါစေနဲ့ ကယ်တင်ဖြစ်အောင် ကယ်တင်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ မိမိတို့ရဲ့ အနီးအနားမှာ ရှိတဲ့ ခိုကိုးရာမဲ့တဲ့ ကလေးငယ်များကိုလည်း ကယ်တင်ကြပါ။ ထောက်ပံ့ကြပါ။ တကယ်လို့ မိမိကိုယ်တိုင် မကယ်တင်၊ မစောင့်ရှောက်နိုင်အုံးတောင်မှ ကယ်တင်နိုင်သူ၊ သက်ဆိုင်တဲ့သူတွေ၊ တတ်နိုင်တဲ့သူတွေ ဆီကို ဆက်သွယ်ပေးနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူပရိသတ်များလည်း ကလေးငယ်လေးတွေကို စောင့်ရှောက်ခြင်းဖြင့် အနာဂါတ်တိုင်းပြည်ကို ကယ်တင်နိုင်ကြပါစေ။