ကမ္ဘာမြေကြီးအတွက်တောင်းဆု

ကမ္ဘာမြေကြီးအတွက်တောင်းဆု

အားလုံးစုံကို တတ်နိုင်တော်မူသော အိုအဖဘုရားသခင်၊ ကိုယ်တော်သည် စင်္ကြာဝဠာကြီးအတွင်း နှင့် ဖန်ဆင်းခံ သတ္တဝါငယ်လေးများ အတွင်း၌ပင် တည်ရှိတော်မူပါသည်။

ဤဖြစ်တည်ခြင်းအားလုံးကို နူးညံ့သိမ်မွေ့ခြင်းဖြင့် ကိုယ်တော်သည် ထွေးပိုက်တော်မူသည်။

ဘဝနှင့် လှပခြင်းတရားတို့ကို ကာကွယ်နိုင်ကြရန် ကျွန်ုပ်တို့အပေါ်သို့ ကိုယ်တော်ရှင်၏ ကြီးမြတ်သောချစ်ခြင်းမေတ္တာတော်ကိုသွန်းလောင်းတော်မူပါ။

တဉီးတစ်ယောက်ကိုမျှ ထိခိုက်ခြင်းမပြုပဲလျှက် ၊ ညီအကိုမောင်နှမစိတ်ထား၍ ချစ်ခင်စွာ ယှဉ်တွဲနေထိုင်နိုင်ရန် ကျွန်ုပ်တို့စိတ်နှလုံးအား ငြိမ်သက်ခြင်းနှင့်ပြည့်ဝစေတော်မူပါ။

အိုနွမ်းပါးသူတို့၏ ဘုရားရှင်၊ ကိုယ်တော့် မျက်မှောက်တော်တွင် အဖိုးထိုက်လှသော၊ ဒီကမ္ဘာကြီးမှ အမေ့လျော့ခံရသူများ၊ စွန့်ပယ်ခံရသူများကို ကယ်တင်နိုင်သူများဖြစ်နိုင်ရန် ကျွန်ုပ်တို့ကို ကူညီမစတော်မူပါ။

ကျွန်ုပ်တို့ဘဝထဲသို့ ကုသခြင်းများဆောင်ယူလာပေးတော်မူပါ သို့မှသာ ကမ္ဘာကြီးကို သားကောင်ကဲ့သို့ ထားမည့်အစား၊ ကျွန်ုပ်တို့သည် ကာကွယ်မှုပေးနိုင်ပါလိမ့်မည်။ ဖျက်ဆီးခြင်းနှင့် မီးခိုးမှိုင်းများအစား၊ လှပခြင်းကို ဖန်တီးပေးနိုင်ကြပါလိမ့်မည်။

ဆင်းရဲနွမ်းပါးသူများနှင့် ကမ္ဘာကြီးအပေါ်အမြတ်ထုတ်ကာ ကိုယ်ကျိုးအတွက်သာကြည့်သူများ၏ နှလုံးသားကို တို့ထိကာပြောင်းလဲ စေတော်မူပါဘုရား။

ဖန်ဆင်းခံ သတ္တဝါ အားလုံးနှင့်အတူတကွ၊ ကိုယ်တော်ရှင်၏ မေတ္တာရောင်ခြည်အလင်းတော်ဆီသို့ ဉီးတည်လျှောက်လှမ်းနေကြ
သည့် ကျွန်ုပ်တို့ အား၊ စည်းလုံးညီညွတ်စွာ အတူတက်လှမ်းနေကြသည်ကိုသိမှတ်နိုင်ရန်၄င်း၊ ကြောက်ရွံ့ရိုသေခြင်း၊ ဆင်ခြင်သုံးသပ်ခြင်းတို့ဖြင့် ပြည့်ဝနေစေရန်သော်၄င်း၊ အရာရာတိုင်း၌ တန်ဖိုးရှိကြောင်းကိုလည်း ရှာဖွေတွေ့ရှိနိုင်ရန် သွန်သင်တော်မူပါ။

နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့နှင့်အတူရှိသည့်အတွက် ကိုယ်တော်ဘုရားရှင်အား ကျေးဇူးတင်ပါသည်။

ငြိမ်သက်ခြင်း၊ ချစ်ခြင်း၊ တရားမျှတခြင်းရရှိရန် ရုန်းကန်နေကြသည့် ကျွန်ုပ်တို့အား၊ လိုအပ်သော ခွန်အားကျေးဇူးတော်ကို ပေးသနားတော်မူပါမည့်အကြောင်း တောင်းလျှောက်ကြပါသည်ဘုရား။
အာမင်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်ထုတ်ဝေခဲ့သည့် Laudato Si ကျွန်ုပ်တို့၏ ဘုံအိမ် အားစောင့်ရှောက်ခြင်းဟူ သည့် စာချွန်တော်၏ နောက်ဆုံးပိုင်းတွင် တွေ့ရမည်ဖြစ်သော ဆုတောင်းမေတ္တာကိုဆီလျှော်အောင်ဘာသာပြန်ဆိုထားပါသည်။

ဘာသာပြန်ဆိုသူ။ ။ စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Add new comment

6 + 0 =