St. Alberto Hurtado, S.J, -ရဟန္တာ အယ်လ်ဘတ်ဒို ဟူဒါတို

သြဂုတ်လ: (၁၈) ရဟန္တာ အယ်လ်ဘတ်ဒို ပွဲနေ့

St. Alberto Hurtado, S.J, -ရဟန္တာ အယ်လ်ဘတ်ဒို ဟူဒါတို (၁၉၀၁ - ၁၉၅၂)သည် ချီလီနိုင်ငံသားဖြစ်ပြီး ယေဇူးအသင်းဂိုဏ်းဝင် ဂျက်ဇွစ်ဘုန်းတော်ကြီး တစ်ပါးဖြစ်သည်။ သူအသက် (၄)နှစ်အရွယ်တွင် သူ၏ဖခင်ကွယ်လွန်ခဲ့သဖြင့် စီးပွားရေးအခက်အခဲများနှင့် ကြုံတွေ့ခဲ့ရ၏။ သူသည် ဆင်းရဲသားများကို ကာကွယ်ရင်း အမှန်တရားဘက်တွင် ခိုင်မာစွာရပ်တည်ပေးရေးအတွက် ဥပဒေပညာကို ကျွမ်းကျင်သည့် ရှေ့နေတစ်ဦးဖြစ်သည့်အပြင် လူမူရေးလုပ်ငန်းများကို စိတ်အားထက်သန်စွာ လုပ်ဆောင်သူလည်း ဖြစ်သည်။ ထို့အပြင် သူကိုယ်တိုင်ဆင်းရဲသည့် မိသားစုမှဆင်းသက်လာခြင်းဖြစ်ကာ (၁၉၄၄)ခုနှစ်တွင် ချီလီနိုင်ငံ၌ စွန့်ပစ်ခံလေးလွင့်နေသည့် ကလေးများကို ထိရောက်စွာ အထူးကူညီးပေးခဲ့သည်။

-ချီလီနိုင်ငံတွင် စွန့်ပစ်ခံရသည့် ကလေးများအတွက် နေစရာ အိုးအိမ်သစ်များကို တည်ဆောက်ပေးသည့် ဟိုကာဒီခရစ်တိုဟု ခေါ်သည့် လူမှုရေးအဖွဲ့အစည်းအပေါ်၌လည်း သြဇာညောင်းခဲ့သူ တစ်ဦးဖြစ်သည်။ ထို့အပြင် (၁၉၄၇)ခုနှစ် ချီလီကုန်သွယ်ရေးအသင်း ဖွဲ့စည်းရာ၌ အဓိကပါဝင်ကူညီခဲ့ပြီး အရေးကြီးစာအုပ်စာပေများကို ရေးသားကာ “မန်ဇာဂျေ” ဂျာနယ်ကို တည်ထောင်ခဲ့သည်။ တစ်နိုင်ငံလုံးဆိုင်ရာ လူငယ်တာဝန်ခံ အဖြစ်လည်း တာဝန်ယူခဲ့သည်။ လူငယ်များအကြားတွင် သူ့ကို တရားဟောပြောကောင်းမွန်သူ၊ လူငယ်များ ဥပုသ်စောင့်ရာတွင် ဦးဆောင်ပေးသူအဖြစ် သိရှိလာကြသည်။ သူသည် အကူအညီလိုအပ်နေသည့် လူငယ်များအတွက် နှစ်ပေါင်းများစွာ ကြိုးစားကူညီရင်း အသက် (၅၁)နှစ်အရွယ်တွင် ကင်ဆာရောဂါဖြင့် ပျံလွန်တော်မူ၏။ ထို့ကြောင့် ချီလီနိုင်ငံတစ်ဝှမ်းရှိ ကက်သလစ်ဘာသာသူများက သူ့ကို ရဟန္တာတစ်ပါးကဲ့သို့ လေးစားကြည်ညိုခဲ့ကြသည်။ (၂၀၀၅)ခုနှစ်၌ (၁၆)ကြိမ်မြောက် ပုပ်ရဟန်းမင်းကြီး ဘဲနဒစ်က အောက်တိုဘာလ (၂၃)ရက်တွင် သူ့ကို ရဟန္တာအဖြစ် တင်မြောက်ခဲ့သည်။

-စိန်အယ်လ်ဘတ်ဒို ဟူဒါတို အောက်ပါအတိုင်းပြောဆို ခဲ့သည်။ “တမန်တော်တစ်ဦးဖြစ်ဖို့အတွက် သင့်အင်္ကျီပေါ်မှာ ရာထူးတံဆိပ်တပ်ပြီး ၀တ်ဆင်ဖို့ မလိုပါဘူး။ အမှန်တရားကို ချစ်မြတ်နိုးပြီး သခင်ခရစ်တော်လို အမှန်တရားကို လက်တွေ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ မီးရှူးတိုင်ကိုင်ပြီး အလင်းပိုင်ဆိုင်ဖို့လည်း မလိုအပ်ပါဘူး၊ ကိုယ်ကိုယ်တိုင် အလင်းဖြစ်ဖို့ လုပ်အပ်ပါတယ်။” သူ့၏ ချစ်ခြင်းမေတ္တာနှင့် အများအတွက် ပေးဆပ်အစေခံသည့် ပါရမီများကို အတုယူရင်း ကပ်ရောဂါကြောင့် အမျိုးမျိုး ဒုက္ခကြုံနေရသူများအတွက် အလင်း ဖြစ်နိုင်အောင် ခွန်အားယူကြပါစို့။

-အိုအိမ်မဲ့ ဆင်းရဲသားများနှင့် လူငယ်များအတွက် အသက်ဆုံးတိုင် ကြိုးစားကူညီပေးခဲ့သည့် ရဟန္တာ စိန်အယ်လ်ဘတ်ဒို ဟူဒါတို၊ ကျွန်ုပ်တို့ အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။

#AMDG #sj #Jesuit #jesuitsaint #saintoftheday #stalbertohurtado #holy

Add new comment

3 + 11 =