Mary Magdalene (John 20: 1-2, 11-18)

သူလိုလူ - ၄ {Mary Magdalene (John 20: 1-2, 11-18)}

တကယ်တော့ The Apostle to the Apostlesရယ်လို့ ကက်သလစ်သာသနာတော်ကြီးမှ တင်စားဂုဏ်ပြုချီးမြောက်ခြင်းခံရတဲ့ St.Mary Magdaleneရဲ့ ပွဲနေ့က 22'Julyက ပြီးသွားခဲ့ပါပြီ။

ဒါပေမယ့် သူမရဲ့ပွဲနေ့ဖြစ်စေ၊ပွဲနေ့မဟုတ်သည်ဖြစ်စေ၊ St.Mary Magdaleneဟာ ကိုယ့်ရဲ့အာရုံထဲမှာ မကြာခဏဆိုသလို လွှမ်းမိုးထားနိုင်ပြီး၊ သူမရဲ့အကြောင်းကိုလည်း ခဏခဏ စဥ်းစားထောက်ရှုမိပါတယ်။

အထူးသဖြင့် ခရစ်တော်ဘုရားရှင်ရဲ့ ပြန်ရှင်ထမြောက်တော်မူခြင်း သတင်းကောင်းကို ပထမဆုံး ဦးဦးဖျားဖျား မြင်တွေ့သိရှိခွင့်ရတဲ့သူဟာ St.Mary Magdaleneပဲဖြစ်ပါတယ်။

သမိုင်းကိုပြောင်းလဲထင်ရှားစေတဲ့ ဒီလို ပြန်ရှင်ထမြောက်တဲ့သီတင်းကောင်းကို ဘာဖြစ်လို့ St.Mary Magdaleneကိုမှ ခရစ်တော်ဘုရားရှင်က ဦးဦးဖျားဖျား ဖော်ပြတော်မူခဲ့ပါသလဲ။

ကိုယ်တော်ရှင် ရွေးချယ်ကောက်နှုတ်ထားတဲ့ တစ်ခြားတပည့်တော်ကြီးများ တစ်ပါးမှမဟုတ်ခဲ့လေဘဲ Why Mary Magdalene?။

ဒီလိုမျိုး ဦးဦးဖျားဖျား ထူးခြားအခွင့်အရေး Privilegeကို ပေးခဲ့ရလောက်တဲ့ နောက်ကွယ်က အကြောင်းရင်းက ဘာတွေဖြစ်မလဲ။

တကယ်တော့ ကက်သလစ်သာသနာတော်နဲ့ ခရစ်ယာန်အယူဝါဒကို အမျိုးစုံ တိုက်ခိုက်ထိုးနှက်၊နာမည်ဖျက်ကြတဲ့အထဲမှာ ခရစ်တော်ဘုရားဟာ Celibacy manတစ်ယောက်မဟုတ်ခဲ့ဘူးဆိုတဲ့အချက်လည်း ပါဝင်ခဲ့ပါတယ်။

စိတ်ကူးယဥ်တွေအဆန်းထွင်ပြီး၊ ဇာတ်လမ်းတွေဆင်လို့ The Da Vinci Codeတို့လို့ Hollywood ဇာတ်ကားတွေနဲ့ ဝါဒဖြန့်ဖို့လည်း ကြိုးစားခဲ့ကြပါတယ်။

တကယ်တမ်းက ခရစ်တော်ဘုရားရဲ့ နောက်တော်ပါးကနေ နေ့နေ့ညည၊ ဖဝါးထပ်ချပ်မကလိုက်ပါပြီး အစေခံခြင်းဆိုင်ရာ ဝေယျာဝစ္စ ဝတ်ကြီးဝတ်ငယ်တွေကို ပြုစုဖြည့်ဆည်းအစေခံနေကြတဲ့ နောက်လိုက်နောက်ပါ Female diciplesတွေ အများကြီးရှိခဲ့ပါတယ်။

အဲဒီထဲမှာ Mary Magdaleneလည်း တစ်ယောက်အပါအဝင် ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ကျမ်းစာထဲမှာတော့ Mary Magdaleneရဲ့ နာမည်တစ်ခုပဲ မကြာခဏ ဖော်ပြခြင်းခံနေရလေတော့ လိုရာဆွဲတွေးပြီး၊ လိုသလိုကောက်ချက်ချချင်စရာတွေ ပေါ်ပေါက်လာခဲ့ခြင်းပဲဖြစ်ပါတယ်။

တကယ်တော့လည်း Mary Magdaleneဟာ ခရစ်တော်ဘုရားရဲ့အနားမှ တစ်ဖဝါးမှ ခွါခဲ့ပုံမရပါဘူး။

ဒုက္ခစရိယာလမ်းတစ်လျှောက်မှာ ရင်အကွဲခံပြီး အစမှအဆုံးထိတိုင်အောင် ပါဝင်ခဲ့သလို၊ သူမရဲ့မျက်စိအောက်မှာ သက်တော်စွန့်သွားတော်မူခဲ့တဲ့ ခရစ်တော်ဘုရားကိုလည်း ဘယ်လို စိတ်ခံစားချက်တွေနဲ့ မော်ဖူးဦးချခဲ့လေသလဲဆိုတာလည်း မတွေးရက်စရာပါ။

သွေးအလူးလူးနဲ့ ဒုက္ခစရိယာကျင့်ခံခဲ့တဲ့ ခရစ်တော်ဘုရားရဲ့ ဘေးနားကနေ အစအဆုံး လိုက်ပါပေးခဲ့တဲ့သူမရဲ့ နှလုံးသားမှာလည်း သွေးစိမ်းရှင်ရှင်တွေ ပန်းထွက်နေခဲ့မှာ သေချာပါတယ်။

အလောင်းတော်ကို ဂူသွင်းသင်္ဂြိုဟ်ပြီးသွားတဲ့နောက်မှာ သူမ အိမ်တောင်မှပြန်ခဲ့ရဲ့လား။

သက်တော်ထင်ရှားရှိစဥ်တုန်းက အရိပ်လိုလိုက်ပါခဲ့သလို၊ သက်တော်စွန့်ပြီးတဲ့နောက်မှာလည်း သင်္ချိုင်းဂူဝကနေ တစ်ဖဝါးမှမခွါဘဲ တစ်ချိန်လုံးစောင့်နေပေးခဲ့သလားဆိုတာတော့ ကျမ်းစာထဲမှာအတိအကျမဖော်ပြထားလေတော့ တွေးဆကြည့်ရုံလေးမျှသာ။

ရှင်ပြထမြောက်ခြင်းကို ပထမဦးဆုံးအကြိမ် မြင်တွေ့ခဲ့ရတာကို မနက်စောစောအချိန်လို့ ဖော်ပြထားလေတော့ အဲဒီအချိန်ထက် ဘယ်လောက်စောပြီး၊ ဘယ်အချိန်ထဲက သင်္ချိုင်းဂူဝမှာ သူမ ရှိနေခဲ့ရလဲဆိုတာ ဘယ်သူမှလည်းမသိနိုင်ပါ။

ရှင်ပြန်ထမြောက်တော်မူလာတဲ့ ခရစ်တော်ဘုရားက "Do not cling on me."လို့ ခဏလောက်တားယူရလောက်အောင် တစ်ချိန်လုံး ခရစ်တော်ဘုရားရှင်ကို ဖက်တွယ်ထားခဲ့ရတဲ့အကြောင်းအရင်းတွေကို နည်းနည်းလေးဖြန့်ကျက်တွေးကြည့်မိတဲ့အခါ....

၁။ ကျေးဇူးရှင်ကို ကျေးဇူးတင်စွာနဲ့ ဦးခိုက်လိုစိတ်ကြောင့်...။

ကိုယ်တို့ဘဝမှာလည်း အခုလိုမျိုး အများကြီး သူသူကိုယ်ကိုယ် ကြုံဖူးခဲ့ကြပါလိမ့်မယ်။

ရောဂါတစ်ခု၊ဒါဏ်ရာတစ်ခုကို အမြစ်ပြတ်အောင်၊လုံးဝပျောက်ကင်းအောင် ကုသပေးလိုက်ခဲ့တဲ့ ဆရာဝန်တွေ၊သမားတော်တွေနဲ့ကြုံရတဲ့အခါ "ဆရာပေးတဲ့အသက်ပဲရှိပါတော့တယ်" လို့ တဖွဖွ ပြောဆိုပြီး တစ်ချိန်လုံး ဦးတင်၊ဦးခိုက်ပြီး "ကျေးဇူးတင်လိုက်တာ။"ဆိုတဲ့စကားကို သစ်ပင်စိုက်သလိုစိုက်ထားပြီး ဘယ်တော့မှ ခူးဆွတ်သုံးစွဲလို့ မကုန်ဆုံးနိုင်တော့သလို အဖြစ်အပျက်မျိုး။

ရောဂါရဲ့အတိမ်အနက်၊ပြင်းထန်မှုကကြီးမားလေလေ တစ်ချိန်လုံး ထိုင်ကန်တော့နေချင်လောက်အောင် ကျေးဇူးတင်ဦးခိုက်လိုစိတ်ကလည်း များပြားလေလေပဲဖြစ်ပါတယ်။

Mary Magdaleneကို ခရစ်တော်ဘုရားရှင်က သူမရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးတွေကိုထုတ်ပေးခဲ့ပြီး၊ကုသပေးတော်မူခဲ့တယ်။

နတ်ဆိုးနှင်ထုတ်တဲ့အတွေ့အကြုံမျိုး နည်းနည်းပါးပါး ကိုယ်တွေ့ မြင်ထားခဲ့ဖူးတော့ နတ်ဆိုးစီးတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ သာမန်အခြေအနေမှာတော့ ပုံမှန်အနေအထားပါပဲ။

ဒါပေမယ့် နတ်ဆိုးဖမ်းစားခြင်းခံနေရတဲ့အချိန်၊နတ်ဆိုးစီးနေတဲ့အချိန်တွေမှာတော့ အဲဒီလူဟာ လူမဟုတ်တော့သလို၊ သူဟာလည်း သူမဟုတ်တော့ပါဘူး။ အနီးစပ်ဆုံးဥပမာပေးရရင် စိတ်ကျန်းမာရေးမကောင်းတဲ့လူတစ်ယောက် ဝက်ရူးပြန်ထနေသလိုပါပဲ။

အကုန်လုံးက မြင်မကောင်း၊ကြားမကောင်း။

တကယ့်အပြင်မှာမြင်တွေ့ရဖူးတဲ့ နတ်ဆိုးစီးတဲ့မြင်ကွင်းဟာ ရုပ်ရှင်တွေထဲမှာကြည့်ရတာထက် ပိုပြီးထိတ်လန့်ကြောက်မက်ဖွယ်ကောင်းလွန်းလှပါတယ်။

သာမန် သေလောက်တဲ့ရောဂါမျိုးကို ကုသပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့တဲ့ဆရာဝန်တွေ၊သမားတော်တွေကို တစ်သက်လုံးကျေးဇူးတင်လို့မဆုံးတတ်ရင် Mary Magdaleneဟာ သူမရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုး၇ကောင်ကို အကုန်မောင်းထုတ်ပေးပြီး ဘဝအသစ်နဲ့ရှင်သန်ခွင့်ပေးတော်မူခဲ့တဲ့ ခရစ်တော်ဘုရားရှင်အပေါ်မှာထားခဲ့တဲ့ ကျေးဇူးတင်စိတ်နဲ့၊သဒ္ဓါကြည်ညိုခြင်းတရား။

ဒီအရာတွေကပဲ ခရစ်တော်ဘုရားရဲ့နောက်တော်ပါးကနေ ထပ်ချပ်မကွာ လိုက်ပါစေခဲ့တာပဲဖြစ်ပါလိမ့်မယ်။

၂။ မိခင်စိတ်ကြောင့်...။

ကိုယ့်ရဲ့ ပထမဆုံးသားလေးကို မွေးဖွားခဲ့တဲ့အချိန်မှာ သူ့အလိုလို တတ်လာခဲ့တဲ့ အတတ်ပညာတစ်ခုက ကလေးငယ်လေးရဲ့ငိုသံကို Interpretလုပ်တတ်သွားခြင်းပါပဲ။

တကယ်တော့ ကလေးက ဒီအသံနဲ့ငိုရင် နို့ဆာလို့၊ဒီအသံနဲ့ငိုတာက ဗိုက်နာလို့၊ ဒီလိုအသံမျိုးကတော့ ကြောက်လို့ငိုတာပါဆိုတဲ့ ကလေးငိုသံကို အဓိပ္ပါယ်အတိအကျသိအောင် ဘယ်သူမှလည်း လက်ဆင့်ကမ်း မသင်ပေးခဲ့ကြပါဘူး။ဘယ်ကလေးပြုစုစောင့်ရှောက်နည်းစာအုပ်ထဲမှာမှလည်း မရေးထားခဲ့ကြပါဘူး။

ဒါ ကိုယ့်ရဲ့ Instinctကနေ အလိုလို သိကျွမ်းတတ်မြောက်လာတဲ့အရာပဲဖြစ်ပါတယ်။

အဲဒီ Instinct၊အဲဒီစိတ်ကို မိခင်စိတ်လို့ခေါ်ပါတယ်။

ဒီမိခင်စိတ်ဟာ ကလေးမွေးဖူးတဲ့ သားသည်မိခင်တွေဆီမှာမှ ရှိတဲ့အရာမဟုတ်ဘဲ အမျိုးသမီးတိုင်းဆီမှာ ရှိတတ်တဲ့အရာပါ။

ကလေးမမွေးဖူးတဲ့အမျိုးသမီးတွေထဲက ဒီမိခင်စိတ် များတဲ့လူတွေကို ဥပမာပေးရမယ်ဆိုရင် ဒီမိခင်စိတ်ကို အထူးသဖြင့် ကက်သလစ်ခရစ်ယာန်သီလရှင်တွေနဲ့ သူနာပြုဆရာမတွေဆီမှာ အများဆုံးတွေ့ ရတတ်ပါတယ်။

လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်၊ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို မပြော၊မပြဘဲနဲ့ အလိုလိုသိရှိဖတ်ရှုနိုင်ပြီး လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ပေးတတ်ခြင်းဟာ မိခင်စိတ်ဆိုရင် Mary Magdaleneဟာ မိခင်စိတ်အပြည့်နဲ့ ခရစ်တော်ဘုရားရှင်အပါးမှာ ဝတ်ကြီးဝတ်ငယ်ဖြည့်ဆည်းဖို့ တစ်ချိန်လုံးရှိနေခဲ့ခြင်းဖြစ်ပါတယ်။

သင်္ချိုင်းတော်ထဲမှာ ဂူသွင်းသင်္ဂြိုဟ်ပြီးတာကို မြင်တွေ့နေရတာတောင်မှ အလောင်းတော်ကို အမွှေးနံ့သာတွေနဲ့ဆီလိမ်းကျံပေးလို့ရမယ့် အခွင့်အရေးကို စောင့်နေခဲ့တာလည်း မိခင်စိတ်ကြောင့်ပဲဖြစ်ပါတယ်။သူမရဲ့ ကျေးဇူးရှင်ဆရာသခင်ဟာ အပြစ်သား၊ရာဇဝတ်သားတစ်ယောက်လို အပြစ်ပေးကွပ်မျက်ခြင်းခံခဲ့ရတယ်။ သေဒဏ်စီရင်ခြင်းခံရပြီး နောက်တစ်နေ့ဟာ ဥပုသ်နေ့ဖြစ်လို့ဆိုပြီး ဖုတ်ပူမီးတိုက် အလျင်စလို၊ဖြစ်သလို မြန်မြန်သင်္ဂြိုဟ်ခဲ့ကြတယ်။ သူမရဲ့ ချစ်လှစွာသော ဆရာသခင်ဘုရားကို ဓလေ့ထုံးစံနဲ့အညီ တူတူတန်တန် သိက္ခာရှိရှိ သင်္ဂြိုဟ်ပေးခွင့်ရချင်တဲ့အခါ အဲဒီ ဆီနဲ့နံ့သာဘူးတွေကိုင်ပြီး သင်္ချိုင်းဂူပေါက်ဝမှာ ကျောက်ချပြီး Mary Magdaleneတစ်ယောက် ဘယ်အချိန်ထဲက ထိုင်စောင့်နေခဲ့ရသလဲကွယ်။

၃။ သတ္တဝါတို့ရဲ့ ချစ်စိတ်ကြောင့်....။

ကိုယ်တို့တတွေ ခွေးလေးတွေ၊ကြောင်လေးတွေ၊အကောင်ဗလောင်လေးတွေ အမျိုးမျိုးမွေးဖူးခဲ့ကြပါလိမ့်မယ်။

ကိုယ်မွေးထားတဲ့အကောင်လေးတွေဟာ ကိုယ့်ခန္ဓာကိုယ်ပေါ်ကို တစ်ချိန်လုံးကုတ်ဖက်တက်ပြီး၊ ခွါချ၊မောင်းချလို့မရဘဲ ကိုယ်နဲ့မခွါတစ်ချိန်လုံးနေချင်တာဟာ အဲဒီအိမ်မွေးအကောင်လေးက ကိုယ့်အပေါ်မှာ Sexual desireတွေ ရှိနေလို့လား။

ကိုယ့် ကိုယ်ပေါ်မှာရှိနေရခြင်းရဲ့ အထိအတွေ့ကို သာယာလို့လား။

ကိုယ့် ကိုယ်ပေါ်မှာရှိနေရမှ သူ့အတွက် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို အပြည့်အဝ ရနိုင်မှာမို့လို့လား။

အဲဒီလိုမျိုး အကောင်လေးတွေ၊သတ္တဝါလေးတွေရဲ့ ချစ်ခြင်းနဲ့သံယောဇဥ်ကို မြင်တွေ့ ပုံဖော်ပေးတတ်မယ်ဆိုရင် လူအချင်းချင်းမှာလည်း အဲဒီလို ချစ်ခြင်းနဲ့သံယောဇဥ်တွေ ထားရှိတတ်ကြတယ် လက်ခံပေးလာနိုင်ပါလိမ့်မယ်။

တကယ်တော့ Opposite Sexဆိုတာနဲ့ပဲ၊ ရင်းနှီးကျွမ်းဝင်မှု၊နီးစပ်ပတ်သက်မှုရှိတာနဲ့ပဲ Sexual desire ပေါ်ပေါက်ရမယ်ဆိုတဲ့ Logicကို ကိုယ်က အယုံအကြည်ကိုမရှိတာ။

ချစ်ခြင်းမေတ္တာကို အမျိုးအစားခွဲကြည့်ရင် Platonic loveလည်း တစ်မျိုးအပါအဝင်ဖြစ်တဲ့အတွက် ဒီ Platonic love ကြောင့်ပဲ ကက်သလစ်ရဟန်းတော်များနဲ့ သီလရှင်များဟာ Celibacy lifeနဲ့ အသက်ထက်ဆုံး မိမိတို့ရဲ့ခန္ဓာနဲ့ဘဝကို အသင်းတော်အတွက် ဆက်ကပ်ရှင်သန်နေထိုင်နိုင်ကြခြင်းပဲ ဖြစ်ပါတယ်။

အဲဒီတေါ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ Mary Magdaleneဟာ ခရစ်တော်ဘုရားရှင်ရဲ့နားမှာ တစ်ချိန်လုံး တွယ်ကပ်လိုက်ပါနေခြင်းဟာ Petလေးတစ်ကောင်က ပိုင်ရှင်တစ်ယောက်အပေါ် မှာရှိနေတဲ့ တွယ်တာတဲ့သံယောဇဥ်၊ကြီးမားတဲ့မိခင်စိတ်၊များပြားတဲ့ သဒ္ဓါ ကြည်ညိုခြင်းတရားတွေကြောင့်ဆိုတာကို မိန်းမသားတစ်ယောက်၊ မိခင်တစ်ယောက်အနေနဲ့ ဒီလိုပဲ ခံစားသိမြင်မိပါတယ်။

ဒီလိုချစ်ခြင်းမေတ္တာတွေကို အသိအမှတ်ပြုခံရဖို့အတွက်လည်း ရှင်ပြန်ထမြောက်ခြင်းသတင်းကောင်း ပထမဆုံးကြားသိခွင့်ရတဲ့သူဖြစ်ခွင့်ရလိုက်တာလို့ ကိုယ် အပြည့်အဝယုံကြည်မိတယ်။

ဒီလိုအချက်တွေကြောင့်မဟုတ်ဘဲ ခရစ်တော်ဘုရားရှင်ကရှင်ပြန်ထမြောက်ခြင်းသတင်းကောင်းကို ပထမဆုံးကြားသိခွင့်ရတဲ့ ဦးဦးဖျားဖျား ထူးခြားအခွင့်အရေး Privilegeကို အမျိုးသမီးတစ်ဦးဖြစ်တဲ့ Mary Magdaleneကိုမှ ပေးခဲ့ရလောက်တဲ့ နောက်ကွယ်က အကြောင်းရင်းက တစ်ခြားဘာကြောင့်ဖြစ်နိုင်မလဲဆိုတာကိုလည်း ကိုယ် သိခွင့်ရရင် သိချင်ပါသေးတယ်ရှင်။ ။

Credit: to  Moe-TRIO

https://bit.ly/36SxDNd 

Photo credit :

Add new comment

1 + 0 =